အမေရိကန်က Insitu ကုမ္ပဏီလုပ် Scan Eagle အမျိုးအစား မောင်းသူမဲ့ လေယာဉ် ၃၄ စီးကို အရှေ့တောင် အာရှ ရှိ ၎င်း၏ မဟာမိတ် မလေးရှား၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်သို့ ရောင်းချပေးရန် စီစဉ်နေသည်။
Boeing ကုမ္ပဏီခွဲ Insitu အနေဖြင့် မလေးရှားသို့ ၁၂စင်း၊ အင်ဒိုနီးရှားသို့ ၈စင်း၊ ဖိလစ်ပိုင်သို့ ၈စင်း၊ ဗီယက်နမ်သို့ ၆ စင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇.၉ သန်းဖိုး ရောင်းချပေးမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။
ထူးခြားသည်က အဆိုပါ ၄နိုင်ငံမှာ တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသည့် နိုင်ငံများ ဖြစ်သည်။
ယင်းလေယာဉ်များ လက်ခံမည့် နိုင်ငံ တနိုင်ငံချင်းစီ အတွက် အပိုပစ္စည်းများ၊ အစားထိုးပစ္စည်းများ၊ ပံ့ပိုးမှုကရိယာများ၊ သင်တန်းနှင့် နည်းပညာ ဝန်ဆောင်မှုနှင့် လက်တွေ့ ကွင်းဆင်း ဝန်ဆောင်ပေးသည့် ကိုယ်စားလှယ်များကိုပါ ပေးအပ်မည် ဟုသိရသည်။
ယင်းမောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ် ဘင်ဂန်းမြို့ရှိ Insitu စက်ရုံတွင် ၇၇ ရာခိုင်နှုန်း တည်ဆောက်မည်ဖြစ်ပြီး ကျန် အစိတ်အပိုင်းများကို မလေးရှားတွင် ၉ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တွင် ၅ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၄ ရာခိုင်နှုန်း တည်ဆောက်မည်ဖြစ်ကာ ကမ်းခြေနှင့် ပင်လယ်ပြင်နေရာ များတွင် တပ်ဆင်ပေးသွားမည်ဖြစ်သည်။ ထုတ်လုပ်မှုကို လာမည့် ၂၀၂၀ မတ်လတွင် ပြီးစီးမည်ဖြစ်ပြီး ၂၀၂၂ နှစ်တွင် ပေးအပ်မည်ဖြစ်သည်။
အဆိုပါ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များကို ၂၀၀၄ ခုနှစ်စ၍ အီရတ်ရှိ မရိန်းတပ်များအတွက် အသုံးပြုခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင်လည်း အမေရိကန် လေတပ်က ဝယ်ယူကာ အီရတ်တွင် ပင် သုံးခဲ့သည်။
ScanEagle မောင်းသူမဲ့ လေယာဉ်အမျိုးအစားသည် ၃၉. ၇ ပေါင်သာ အလေးချိန်ရှိပြီး၊ တနာရီလျှင် ၅၅ မိုင်မှ မိုင် ၈၀ အရှိန်ဖြင့် ဝေဟင်အမြင့် ပေ ၁၆၀၀၀ အထိ နာရီ ၂၀ ကျော် ပျံသန်းနိုင်သည်။
You may also like these stories:
လေယာဉ်မှူး မပါတဲ့ မိုးပျံတက္ကစီကို ဗီယင်နာမြို့တွင် စမ်းသပ် ပျံသန်း
Uber မိုးပျံတက္ကစီ ကို ၂၀၂၃ ခုနှစ်မှာ စတင် ပျံသန်း ပြေးဆွဲမည်