သတင်း

ဦးဝီရသူ ထောက်ခံပွဲ ပါဝင်သူများကို လိမ်လည်ခေါ်ခဲ့ခြင်းမရှိဟုဆို

ထွက်ပြေးတိမ်းရှောင်နေသည့် ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) ထောက်ခံပွဲတွင် ပါဝင်သည့် လူပုဂ္ဂိုလ် အချို့ကို လိမ်လည်၍ ခေါ်ယူလာခြင်းမဟုတ်ကြောင်း ဦးဝီရသူ ထောက်ခံသူများဘက်မှ ပြန်ရှင်းပြသည်။

ရန်ကုန်မြို့ ဆူးလေဘုရား အနီးတွင် ဇွန် ၁၀ ရက်နေ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ခံရသည့် ဆရာတော် ဦးဝီရသူ ဘေးကင်းရန်အတွက် အမျိုးသားရေး လှုပ်ရှားသူများ ဦးဆောင်သည့် သံဃာတော်နှင့် လူပုဂ္ဂိုလ်များက လမ်းလျှောက်ချီတက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုပွဲတွင် ပါဝင်သူအချို့မှာ သုံးခွမြို့နယ်၊ တွံတေးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့မှ ကျေးရွာသူ၊ ကျေးရွာသားများ ဖြစ်ပြီး ၎င်းတို့ကို ရန်ကုန်တွင် ဘုရားဖူးရန်အတွက်ဟု ခေါ်လာပြီးမှ အဆိုပါ ထောက်ခံပွဲတွင် ပါဝင်ခဲ့ရကြောင်း တက်ရောက်သူ အချို့ကို ကိုးကား၍ လွတ်လပ်သောအာရှအသံ RFA သတင်းဌာနက ဖော်ပြခဲ့သည်။

ထောက်ခံပွဲ အပြီး ကားများဖြင့် လာကြိုနေသည့် မြင်ကွင်း (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသားရေး လှုပ်ရှားသူများသာမက တခြားသော တိုင်းနှင့်ပြည်နယ်များမှ အမျိုးသားရေး လှုပ်ရှားနေသည့် သံဃာတော်များ၊ ၎င်းတို့၏ ဒကာ၊ ဒကာမများပင် လိုက်ပါလာကြောင်း၊ ထိုသို့လိုက်ပါလာသူများသည် ဘာသာရေး ဖိနှိပ်မှုကို လက်မခံလိုသူများဖြစ်ကြောင်း ဦးဝီရသူ ထောက်ခံသူ တဦးဖြစ်သည့် ကိုသက်မျိုးဦး က ပြောသည်။

ကိုသက်မျိုးဦး ကသံဃာရဲ့နောက်ကို ယုံယုံကြည်ကြည်နဲ့ လိုက်ခဲ့ကြတဲ့သူတွေကို ဟိုးအရင်ကတည်းက နေ့စား ပိုက်ဆံ ပေးပြီးခေါ်တာတို့၊ ဘုရားဖူးဖို့ ခေါ်လာရင်း ဒီလိုလုပ်တာတို့နဲ့ ပြောနေကြတာပဲ။ တိုက်ကြီးက ဆရာတော်ဆိုလည်း သူ့နောက်မှာ သူ့ဒကာ၊ ဒကာမတွေ ပါလာတာပဲ။ ဒီလိုပါလာတယ်ဆိုတာက ကိုယ့်ဗုဒ္ဓဘာသာကို ဖိနှိပ်လွန်းတာကို မခံနိုင်လို့ စိတ်တူကိုယ်တူ လိုက်ပါလာတဲ့ လူတွေချည်းပဲဟု ဆိုသည်။

ထိုကဲ့သို့ ရေးသားမည့် သတင်းဌာနများအနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် အဆိုပါပွဲ ကျင်းပနေချိန် ပြောရေး ဆိုခွင့်ရှိသူများထံသို့ ဓာတ်ပုံ၊ အသံဖိုင် အထောက်အထားများဖြင့် ရှင်းလင်းစွာ မေးမြန်းသင့်ကြောင်း၊ ယခုလို ရေးသားမှုသည် ပွင့်လင်းမြင်သာမှုမရှိဘဲ မိမိတို့လိုရာကို ဆွဲရေးနေသည့် သဘောမျိုး သက်ရောက်နေသည်ဟု ယူဆကြောင်း ဆရာတော် ဦးသုစိတ္တကလည်း မိန့်ကြားသည်။

ဦးသုစိတ္တ ကအဲ့ဒီလို ခေါ်လာတယ်ဆိုရင် ဘယ်သူတွေလဲ၊ ဘယ်ဓာတ်ပုံနဲ့လူတွေလဲ၊ ဘယ်နေရာ၊ ဘယ်ရွာကလူတွေကို တိတိကျကျနဲ့ ပွဲထဲမှာထဲက ပြောရေးဆိုခွင့် ပေးထားသူတွေကို မေးသင့်တယ်။ အခုက ဘယ်သူတွေဆိုတာ ဖော်ထုတ်မပေးပဲနဲ့ ရေးနေကြတာ။ အဲ့ဒီလူတွေက ဒီပွဲကို လာတဲ့သူတွေရော ဟုတ်ရဲ့လားလို့ မေးစရာ ပေါ်လာရော။ သေသေချာချာ ချမပြပဲနဲ့ ရေးနေကြတာကို ဆရာတော်ကတော့ လက်မခံဘူးဟု ဆိုသည်။

သို့ရာတွင် လူမှုကွန်ရက်တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်မှ အဆိုပါပွဲသို့ လိုက်ပါလာသည့် ကျေးရွာသူ ကျေးရွာသားများက မိမိတို့ကို ရန်ကုန်တွင် ရွှေတိဂုံဘုရားကို ဖူးမျှော်ခွင့်ရရန်နှင့် ဆန် ပြည်ရရန်အတွက် စီစဉ်ပေးခဲ့သော်လည်း နောက်တနေ့အထိ ရွှေတိဂုံဘုရားကို သေချာစွာ ဖူးမျှော်ခွင့် မရခဲ့သလို ကျပ် ၁၀၀၀ သာရရှိပြီး ဆန် ပြည်လည်း မရရှိသေးကြောင်း မှတ်တမ်းရိုက်ကူးထားသည့် ရုပ်သံဖိုင်တခုက ပျံ့နှံ့နေသည်။

ဆူးလေဘုရား အနီး မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် ဦးဝီရသူ ထောက်ခံပွဲ မြင်ကွင်း (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

အဆိုပါ ရုပ်သံတွင် ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံတချို့မှ မိမိတို့ အိမ်ပြန်ရောက်လာသော်လည်း ဆန် ပြည် မရသေးသည့်အကြောင်းကို ရယ်မောစွာ ပြောဆိုနေခဲ့ရသည်ကို မြင်တွေ့ခဲ့ရသည်။

အဆိုပါ ဦးဝီရသူထောက်ခံပွဲနှင့် ပက်သက်ပြီး ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဦးတေဇဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတ၊ ဦးဝီရတေဇောတို့ အပါအဝင် ကိုသက်မျိုးဦး၊ တင်ထွဋ်ဇော်၊ ကိုတင်အောင်ဆန်း၊ ကိုထွန်းကျော်နှင့် ကိုဝင်မော် (ရွှေသံလွင်) တို့ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စည်တန်းလှည်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် အမှုဖွင့်ထားသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ) အမှုအား ရာဇဝတ်အထွေထွေမှု ဖွင့်ကာ ဝရမ်းထုတ်ထားမှု နောက်ဆုံးရက်ဖြစ်သည့် ဇွန် ၁၁ ရက်နေ့ အထိ ဖမ်းမိခြင်းမရှိခဲ့သဖြင့် မျက်ကွယ် စစ်ဆေးမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်တရားရုံးက ဇွန် ၁၁ ရက်နေ့က ကြညာလိုက်သည်။

You may also like these stories:

ရဲတပ်ဖွဲ့က ဦးဝီရသူကို ရန်ကုန်မြို့တွင် လိုက်လံ ရှာဖွေနေ

ဦးဝီရသူကို မျက်ကွယ်ဆက်စစ်မည်ဟု တရားရုံးကြေညာ

ဦးဝီရသူကို အရေးယူနိုင်ဖို့ အစိုးရ ကြိုးစားနေ

Loading