မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် ဖအေတူမအေကွဲ ညီအကိုတော်စပ်သူ ကင်မ်ဂျုံနန်းသည် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) သတင်းပေးလုပ်၍ မလေးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်က သတ်ဖြတ် ခံရခြင်း ဖြစ်ကြောင်း ဝေါစထရိ ဂျာနယ်က တနင်္လာနေ့တွင် ထုတ်ဖော်ရေးသား လိုက်သည်။
ယင်းသတင်းနှင့်ပတ်သက်၍ အမည်မဖော်လိုသည့် ဖြစ်စဉ်သိရှိသူကို ကိုးကားလျှက် ဂျာနယ်က ထုတ်ဖော် ရေးသားခဲ့ခြင်းဖြစ်ပြီး ကင်မ်ဂျုံနန်းနှင့် စီအိုင်အေ ပတ်သက်မှု အသေးစိတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရ သေးပေ။
ထိုသတင်းအပေါ် သီးခြားအတည်ပြုချက်များ မရှိပေ။ စီအိုင်အေကလည်း သဘောထား မှတ်ချက် ပေးရန် ငြင်းဆန်ထားသည်။
စီအိုင်အေနှင့် ကင်မ်ဂျုံနန်းတို့အကြား “ဆက်စပ်မှုရှိသည်” ဟု ပြောဆိုသူကို ဂျာနယ်က ကိုးကားရေးသားခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား နိုင်ငံပြင်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ပြုံယမ်းတွင် လုပ်ပိုင်ခွင့်အာဏာ မည်မျှရှိမှန်း မသိရသော အဆိုပါ ဖအေတူမအေကွဲညီသည် ၎င်းနိုင်ငံ၏ အတွင်းရေး အချက်အလက်များကို လျှို့ဝှက်စွာ အသေးစိတ် သတင်းပေးနိုင်ရေးမှာ ဖြစ်နိုင်ခြေမရှိကြောင်း အမေရိကန်အစိုးရ အရာရှိဟောင်းများက သုံးသပ်သည်ဟု ဂျာနယ်က ဆက်လက် ရေးသားသည်။
ကင်မ်ဂျုံနန်းသည် အခြားနိုင်ငံများ၏ ထောက်လှမ်းရေးများနှင့် ဆက်သွယ်ခဲ့သည်မှာ တိကျလုနီးပါး ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့်ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိဟောင်း များက ပြောကြား သည်ဟု ဝေါစထရိက ဆိုသည်။
စီအိုင်အေသတင်းပေး တဦးအနေဖြင့် ကင်မ်ဂျုံနန်း၏ အခန်းကဏ္ဍကို မြောက်ကိုရီးယား အထူးအရိုက်အရာ ဆက်ဆံသူ ကင်မ်ဂျုံအန်းအကြောင်း စာအုပ်သစ်အတွက် ရည်ညွန်း၍ ဝေါစထရိ ဂျာနယ်သတင်းထောက် အန်နာဖီဖီးလ်က အင်္ဂါနေ့တွင် ထုတ်ဖော်ရေးသားခဲ့ခြင်း ဖြစ်သည်။
ကင်မ်ဂျုံနန်း၏ မလေးရှားနောက်ဆုံး ခရီးစဉ်အကြောင်း လုံခြုံရေးကင်မရာ ခြေရာခံချက်များအရ ၎င်းသည် အမေရိကန် ထောက်လှမ်းရေးအေးဂျင့် လုပ်နေသူ အာရှသားတဦးနှင့် ဟိုတယ်တလုံး၏ ဓာတ်လှေကားတွင် တွေ့ရကြောင်း ယင်းစာအုပ်တွင် ရေးသားထားသည်။ ကင်မ်၏ ကျောပိုးအိတ်ထဲတွင် ထောက်လှမ်းရေး လုပ်ငန်းများ (သို့မဟုတ်) ၎င်း၏ ကာစီနိုလုပ်ငန်းများ လုပ်ကိုင်ရန် ပေးအပ်ထားသည့် ငွေသား ဒေါ်လာ ၁၂၀,၀၀၀ ပါကြောင်း ဆိုသည်။
မြောက်ကိုရီးယား ခေါင်းဆောင်မိသားစု အာဏာ ဆက်လက်တည်မြဲရေး အတွက် အရေးပါသူ ကင်မ်ဂျုံနန်းကို လုပ်ကြံ သတ်ဖြတ်ရန်အတွက် မြောက်ကိုရီးယား အာဏာပိုင်များက အမိန့်ပေးခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ များ၏ ပြောဆိုမှုများ ရှိပြီးဖြစ်သည်။ သို့သော် ယင်းစွပ်စွဲချက်ကို ပြုံယမ်းက ငြင်းဆို ထားသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက ကွာလာလမ်ပူ လေဆိပ်တွင် ကင်မ်ဂျုံနန်း၏ မျက်နှာကို တားမြစ်ဓာတုလက်နက် တမျိုးဖြစ်သည့် VX အရည်ဖြင့် လိမ်းကျံရန် အမျိုးသမီးနှစ်ဦးအား တာဝန်ပေးခဲ့သည်။ ထိုအမျိုးသမီး နှစ်ဦးအနက် ဗီယက်နမ်အမျိုးသမီး Doan Thi Huong ကို မေလတွင် လည်းကောင်း၊ အင်ဒိုနီးရှားအမျိုးသမီး Siti Aisyah ကို မတ်လတွင်လည်းကောင်း မလေးရှား အစိုးရက ပြန်လွှတ်ပေးခဲ့သည်။
ဝေါစထရိဂျာနယ်က ကိုးကားသူ၏ ပြောကြားချက်အရ ကင်မ်ဂျုံနန်းသည် တစုံတရာရည်ရွယ်ချက်ဖြင့် ခရီးသွားခဲ့ခြင်း မဟုတ်သော်လည်း ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီက စီအိုင်အေနှင့် ချိတ်ဆက်ရန် မလေးရှားသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ဟနွိုင်မြို့၌လည်းကောင်း၊ ယမန်နှစ် ဇွန်လက စင်ကာပူနိုင်ငံ၌ လည်းကောင်း နှစ်ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ကင်မ်ဂျုံအန်းတို့သည် ပုဂ္ဂိ္ဂုလ်ရေးအရ ကောင်းမွန်သည့်ဆက်ဆံရေးထူထောင်ရန် တွေ့ဆုံခဲ့သည်ဟု ယူဆရသော်လည်း အမေရိကန် ပိတ်ဆို့မှု ပြန်ရုပ်သိမ်းရေးနှင့် မြောက်ကိုရီးယား နျူးကလီးယားနှင့် ဒုံးကျည် အစီအစဉ် စွန့်လွှတ်ရေးတို့ အပေးအယူ လုပ်ရန် သဘောတူညီချက် မရရှိခဲ့ပေ။
ကိုးကား ။ ။ Wall Street Journal, Reuters
ဆက်စပ်ဖတ်ရှုရန် – ကင်ဂျုံနမ် အသတ်ခံရမှု၌ ပါဝင်ဆိုသော အမျိုးသမီး မလေးရှားတရားရုံး လွှတ်ပေး
ဖယ်ရှားခံရသည် ဆိုသော မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ဂီတပွဲ၌ ပြန်ပေါ်လာ
ထိပ်သီးဆွေးနွေးပွဲ ပျက်ပြီးနောက် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် လျှို့ဝှက်စမ်းသပ်ဟုဆို
မြောက်ကိုရီးယားနိုင်ငံရဲ့ လူသိနည်းတဲ့ ကောင်းတဲ့ အချက် ၅ ချက်