တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မလိကျွန်းကမ်းစပ်နှင့် ပင်လယ်ရေပြင်တွင် မျောပါနေသည့် ICE မူး ယစ်ဆေးအထုပ် ၂၈ ထုပ်အား ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း ပုလောမြို့မ ရဲစခန်းက သတင်းရရှိသည်။
မလိကျွန်း အခြေစိုက် ရေတပ်စခန်းမှ ပင်လယ်ပြင်လှည့်ကင်း ဆောင်ရွက်စဉ် တွေ့ရှိခဲ့ဲခြင်းဖြစ်ပြီး တထုပ်လျှင် ၁ ကီလို ဂရမ်ခန့်ရှိ DA GUAN YIN စာတမ်းပါ ICE မူးယစ်ဆေး ၂၈ ထုပ် (တန်ဖိုးကျပ်သိန်း ၇ ထောင်ခန့်) အား ဆယ်ယူ ရရှိခဲ့ ခြင်းဖြစ်ပြီး ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ICE မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးအား ရဲတပ်ဖွဲ့၏ အခြေခံတွက်ချက်ဈေးနှုန်း ICE ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၂၅၀ နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။
ပုလောမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးဝင်း က “မူးယစ်ဆေးတွေနဲ့ပတ်သက်ပြီး ဆက်လက် ရှာဖွေနေတုန်းပါပဲ၊ ခု ထိတော့ ထပ်တွေ့တာမရှိသေးပါဘူး၊ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် လုပ်ဆောင်နေပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ပင်လယ်ပြင်အတွင်း မျောပါကာ ပိုင်ရှင်မဲ့ဆယ်ယူရရှိခဲ့သည့် မူးယစ်ဆေးများနှင့် ပတ်သက်ပြီး ဒေသခံ ကျွန်းသူ/သား များနှင့် လှေသမားများ အနေဖြင့် မူးယစ်ဆေးထုပ်များ တွေ့ရှိဆယ်ယူထားပါက ရဲတပ်ဖွဲ့သို့ အပ်နှံရန်နှင့် မရိုးဖြောင့် သည့် သဘောဖြင့် လက်ဝယ်ထားရှိပါက မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတိ ပေးထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ကလည်း တနင်္သာရီကမ်းရိုးတန်း၊ ကော့သောင်းမြို့နယ်၊ သံကျွန်းအနောက်ဘက် ရေမိုင် ၁၅၄ မိုင်ခန့်တွင် အောင်ပြည့်စုံ-၁ အမည်ရှိစက်လှေပေါ်မှ Refined Chinese Tea စာတမ်းပါ ICE မူးယစ်ဆေးဝါး ၁၂၃၈ ထုပ် (တန်ဖိုးကျပ်သိန်းပေါင်း ၃၀၉၅၀၀ သိန်းခန့်) အား လှေပေါ်ပါသူ ၇ ဦးနှင့်အတူ တပ်မတော်ရေက ဖမ်းဆီး ရမိခဲ့သည်။
ယင်းမူးယစ်ဆေးဝါးများအား မော်လမြိုင်မြို့တွင် နေထိုင်သူ ဇော်ဦးဆိုသူမှ အခကြေးငွေဖြင့် ထိုင်နိုင်ငံပိုင် ရေပြင် အ နီးသို့ ပို့ဆောင်ခိုင်းခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်ရှိသူများမှ လာရောက်ယူဆောင်မည်ဖြစ်ကြောင်း ဖမ်းဆီးခံရသူများ က ရဲထံထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် မတ် ၂၄ ရက်နေ့ကလည်း တနင်္သာရီကမ်းရိုးတန်း မြောက်တော်ဝင်ကျွန်းအနောက်ဘက် ရေမိုင် ၂၀ ခန့်တွင် သစ်သာလှေတစင်းပေါ်မှ GUAN YIN WANG နှင့် Refined Chinese Tea စာတမ်းပါ ICE မူးယစ်ဆေးထုပ် ၁၇၃၇ ထုပ်(တန်ဖိုးကျပ်သိန်းပေါင်း ၄၃၄၂၅၀ သိန်း)အား လှေပေါ်ပါသူ ၇ ဦးနှင့်အတူ တပ်မတော်ရေက ဖမ်းဆီးရမိခဲ့သည်။
၎င်းမူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာနေ စက်လှေပိုင်ရှင် ဒေါ်မိုးမိုး၏ ခင်ပွန်း ဟောင်းဖြစ်သူ တင်ဆန်းဦးမှ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအကြားရေပြင်သို့ တဦးလျှင် ပို့ဆောင်ခ ၁၀ သိန်း ကျပ်ဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ထွက်ဆိုခဲ့သည်။
ယင်းအမှုနှင့်ပတ်သက်ပြီး စက်လှေပိုင်ရှင် ဒေါ်မိုးမိုးအား ဆပ်သွားကျေးရွာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဆက်လက် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
အထက်ပါ ဖမ်းဆီးရမိမှုများအရ မတ်လ ၂၄ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အတွင်း တနင်္သာရီကမ်းရိုးတန်း ပင် လယ်ပြင်တွင် ပမာဏများပြားသည့် ICE မူးယစ် ဆေးဝါး များဖမ်းဆီးရမိမှုအနေဖြင့် ၁ ကီလိုဂရမ်ခန့်ပါ ICE မူးယစ်ဆေးထုပ် ၃၀၀၃ ထုပ်(ခန့်မှန်းတန်ဖိုးကျပ် ၇၅ ဘီလီယံကျော်)အား ဖမ်းဆီးရမိခြင်းဖြစ်သည်။
You may also like these stories:
ICE မူးယစ်ဆေးများ အစားထိုး လဲလှယ်သူဟု သံသယရှိသူကို ဖမ်းဆီး စစ်ဆေးနေ
ဖမ်းဆီးထားသည့် ICE မူးယစ်ဆေးများ အစားထိုး လဲလှယ်ခံထားရ
ကော့သောင်း ပင်လယ်ပြင်တွင် ကျပ် ၃၀ ဘီလီယံကျော်ဖိုးရှိ ICE မူးယစ်ဆေးများထပ်မိ