မြန်မာနိုင်ငံရှိ လူငယ်များ အရက်၊ ဆေးလိပ်နှင့် ကွမ်းယာ ပိုမို သုံးစွဲလာကြခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက အဖြေ ရှာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။
နေပြည်တော်တွင် ပြုလုပ်သော ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ နှင့်၂၀၁၆ ခုနှစ်တို့တွင် ကောက်ယူခဲ့သော Myanmar Global Shool Health Survey (GSHS) တို့ကို နှိုင်းယှဉ် လျှင် ၁၃ နှစ်မှ ၁၇ နှစ်ကြား ကျောင်းနေ အရွယ် ဆယ်ကျော်သက် လူငယ်များ၏ ဆေးလိပ် သောက်သုံးခြင်းသည် ၂၀၀၇ ခုနှစ်တွင် ၂ ရာခိုင်နှုန်းသာ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း အထိ ဖြစ်လာသည်ကို တွေ့ရကြောင်း၊ ကွမ်းယာ ကဲ့သို့သော ဆေးရွက်ကြီး သုံးစွဲမှုတွင်လည်း ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
အရက် သောက်သုံးခြင်းတွင်လည်း ၂၀၀၇ ခုနှစ်တွင် ၁ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၄ ဒသမ ၃ ရာခိုင် နှုန်း အထိ များလာပြီး ထက်ဝက်ခန့်မှာ အသက် ၁၄ နှစ်မတိုင်မီ စတင် သောက်သုံးကြသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က“အဲဒါကို စဉ်းစားဖို့ လိုတာက ဘာကြောင့် ဒီလိုဖြစ်လဲပေါ့နော်။ ကျမတို့ ပညာတွေ ပေးနေတာပဲ။ ကျမတို့ မှန်းဆရတာကတော့ အရက်၊ မူးယစ်ဆေးဝါးနဲ့ ဆေးလိပ်သောက်ခြင်းရဲ့ အန္တရာယ်ကို လူတွေပိုပြီး ကျယ်ကျယ် ပြန့်ပြန့် သိလာမယ်လို့ မျှော်လင့်ရတဲ့ အချိန်မှာ ဒီဟာတွေ သုံးစွဲမှု တက်လာတာ ဘာကြောင့်လဲ ဆိုတာကို စဉ်းစားပြီးတော့ ဇစ်မြစ်ကို သိမှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
၂၀၁၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ အရ ကျောင်းနှင့် တက္က သိုလ် များတွင် ဆေးလိပ်သောက်ခွင့် မရှိကြောင်း၊ ကျောင်းအတွင်းနှင့် ကျောင်းအနီး ဝန်းကျင် ပေ ၁၀၀ အတွင်း ဆေးလိပ် ရောင်းချခြင်းနှင့် အသက် ၁၈ နှစ် မပြည့်သေးသူကို ရောင်းချခြင်း၊ ပေးကမ်းခြင်း မပြုရဟု တားမြစ်ထားသော်လည်း အရေး ယူခြင်း အပိုင်းတွင် အားနည်းနေကြောင်းလည်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က“အခြား ဥပဒေတွေ၊ ဥပမာ အရက်တို့ကိုလည်း ရေးဆွဲ လိုက်နာကြဖို့ လိုပါတယ်။ ဥပဒေတွေက ရေးဆွဲပြီး အကောင်အထည် မဖော်နိုင်လို့ ရှိရင်တော့ စာရွက်ပေါ်မှာပဲ ကျန်နေမှာပဲ။ ဥပဒေ စိုးမိုးခြင်း၊ ဥပဒေတွေကို လေးစား လိုက်နာခြင်း ဆိုတာ အားလုံးရဲ့တာဝန် ဖြစ်ပါတယ်။ လူတိုင်း တယောက်ချင်းက ဝိုင်းကူညီမှ အောင်မြင်နိုင်မှာပါ” ဟုလည်း ဆိုသည်။
Myanmar Global Shool Health Survey (GSHS) ၂၀၀၇ မှ ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်အတွင်း ကျောင်းသား လူငယ် ၆ ဦးလျှင် တဦးသည် ဗီဒီယိုကြည့်ခြင်း၊ ဂိမ်းကစားခြင်း စသည့် Screen time အသုံးပြုချိန် ပိုများလာပြီး ကိုယ်လက် လှုပ်ရှား မှု နည်းလာကြောင်းလည်း သိရသည်။
ကျောင်းသား လူငယ်များ၏ အရက်၊ ဆေးလိပ်စွဲ ပြဿနာများ၊ ဂိမ်းကစားခြင်းကိုစွဲလမ်းပြီး ကိုယ်လက်လှုပ်ရှားမှုနည်း လာ သည့် ပြဿနာများကို ကျောင်းကျန်းမာရေး မူဝါဒများ ချမှတ်ကာ ဖြေရှင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန ကျောင်းကျန်းမာရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ စိုးမင်းဦးက ပြောသည်။
“ဒီခေတ်မှာ ကလေးတွေက ပိုငြိမ်လာတယ်။ နောက်ပိုင်း လူကြီးအရွယ်ကို ရောက်လာတဲ့အခါ Life style changes ဖြစ်ပြီး တော့ သွေးတိုး၊ ဆီးချိုတွေ ဖြစ်လာနိုင်တယ်။ ကျနော်တို့မှာ တကယ်လိုနေတာ ကျောင်းကျန်းမာရေး မူဝါဒတွေ လိုနေ တယ်။ ကျောင်းကျန်းမာရေး Law တွေ လိုနေတယ်”ဟု ၎င်းက ဆိုသည်။
အရက် ဆေးလိပ်၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်ပြီး ကျောင်းတွင် ပညာပေး ဟောပြောမှုများ၊ စာစီစာကုံး ပြိုင်ပွဲ များ ပြုလုပ်ပေးနေကြောင်း၊ လက်ရှိ ကျောင်းသား လူငယ်များသည် ယခင်နှစ် ကလေးများထက် ဆရာများ၏ ပြောဆိုဆုံးမ မှုကို လိုက်နာမှု အားနည်းလာကြောင်း ပျဉ်းမနားမြို့မှ အလယ်တန်းပြ ဆရာမ ဒေါ်တင်တင်စော က ပြောသည်။
စီးပွားရေးကြောင့် မိဘများက ဆုံးမမှု အားနည်းလာခြင်းနှင့် ပတ်ဝန်းကျင်နှင့် အပေါင်းအသင်းများကြောင့် အရက်၊ ဆေး လိပ်၊ ကွမ်းယာ သုံးစွဲမှု များပြားလာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဒေါ်တင်တင်စောက“မူးယစ်ဆေးကိုတော့ မတွေ့သေးပေမယ့် ကျောင်းသားတွေ ကော်ရူလာတာတွေပါ တွေ့လာတယ်။ ကလေးချင်း လက်ဆင့်ကမ်းကြတယ်။ တယောက် လုပ်တယ်ဆို တခြားတယောက်လည်း လိုက်လုပ်ကြတယ်။ ကျောင်း ထဲမှာတော့ မဟုတ်ဘူး အပြင်မှာပေါ့”ဟုလည်း ပြောသည်။
ယင်းပြဿနာများနှင့် ပတ်သက်၍ အဓိကအားဖြင့် ဆရာ၊ ဆရာမများက ပြောဆိုဆုံးမရမည်ဖြစ်ပြီး မိဘများကလည်း ပိုမို ဂရုစိုက် ဆုံးမရမည် ဖြစ်သလို ကျောင်းသားများကလည်း လိုက်နာရန် လိုအပ်ကြောင်း၊ အစိုးရဘက်မှ ဥပဒေ စည်းကမ်းများ လိုက်နာရန် ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဆရာ၊ ဆရာမ တချို့က ပြောဆိုသည်။
ပျဉ်းမနားမြို့မှ ကျောင်းဆရာတဦး ဖြစ်သူ ဦးနေလင်းကျော်က“ဆေးလိပ်တွေ အခွန် တိုးကောက်တာမျိုး၊ ကျောင်းပတ်ဝန်း ကျင် မှာ ဒါတွေ မရောင်းရဘူး ဆိုတာမျိုးကို ကြပ်ကြပ်မတ်မတ် လုပ်ပေးနိုင်မလား၊ ဒါကျတော့ အစိုးရပိုင်းနဲ့ ဆိုင်သွားပြီ၊ ကျနော်တို့ လုပ်လို့မရဘူး”ဟု ပြောပြသည်။
မြန်မာနိုင်ငံတွင် အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ ဓာတုဗေဒ ပစ္စည်းများနှင့် မသန့်ရှင်းသော အစားအသောက်များကြောင့် ကင်ဆာ ဖြစ်ပွားမှုများကို လျှော့ချနိုင်ရန် အတွက် ဥပဒေဖြင့် တာဆီး ကာကွယ်နိုင်ရေး အဆိုကို ဇွန်လဆန်းက စ၍ ကျင်းပ သော လွှတ်တော်တွင် အတည်ပြုခဲ့သည်။
ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ဥပဒေများ ပြဋ္ဌာန်းထားသော်လည်း ဆေးလိပ်နှင့် ကွမ်း ယာ စားသုံးမှုကို မထိန်းချုပ်နိုင်သေးကြောင်း၊ ကျောင်းများ စက်ရုံ အလုပ်ရုံများ လူစုဝေးရာ နေရာများတွင် ဆေးလိပ် လုံးဝ မသောက်ရန် ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးကြသည်။
ထို့ပြင် ဆေးလိပ် ဆေးရွက်ကြီး ရောင်းဝယ် ဖောက်ကားမှုကို နိုင်ငံ၏ စီးပွားရေးကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ ထိန်း ချုပ် ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကို အခွန် တိုးကောက်ပြီး ရသည့်အခွန်ကို ပညာရေး ကျန်းမာ ရေး၊ အားကစား လူမှုရေး ကဏ္ဍများသို့ ခွဲဝေပေးသည့် ကိစ္စများကို ထိရောက်စွာ စနစ်တကျ ဆောင်ရွက်နိုင် ရန် လိုကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အောက် လူငယ် ၁၄ ဒသမ ၄ သန်း၊ ၁၅ နှစ်မှ ၂၄ နှစ် ကြား လူငယ် ၉ သန်း ရှိကြောင်း၊ ယင်းသန်းခေါင် စာရင်းအပေါ် တွက်ချက်ထားမှု အရ ၂၀၁၉ ခုနှစ်တွင် အသက် ၁၅ နှစ် အောက် ဆယ်ကျော်သက် ၁၅ သန်းကျော်၊ ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ် ၉ ဒသမ ၄၁ သန်းရှိပြီး လူငယ် အရေအတွက် သည် တနိုင်ငံလုံး လူဦးရေ၏ ၄၅ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။
You may also like these stories:
သမ္မတနှင့် အတိုင်ပင်ခံတို့ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ပါတီ စည်းရုံးရေး လုပ်နိုင်ဟု ကော်မရှင် ပြော
၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက် အရွေးခံမည်
BRI ဖိုရမ်တက်ရန် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသွား
NCA ထိုးရန် UWSA ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း