ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်းအတွင်း ရဲတပ်ဖွဲ့ ဌာနချုပ်အဖြစ် ကျပ်သန်း ၁ သောင်း နီးပါးခန့် တန်ဖိုးရှိ ၇ ထပ် အဆောက်အအုံ ဆောက်လုပ်ရန် စီစဉ်နေမှုကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ကြသည်။
ယနေ့ ကျင်းပသည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ကုန်ကျစရိတ်ကို ကန့်ကွက်ခြင်း မဟုတ်ဘဲ အဆောက်အအုံ ဆောက်လုပ်မည့် နေရာကြောင့် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောသည်။
ဦးကျော်ဇေယျက“ဆောက်မယ့် အဆောက်အအုံ အမြင့်က ၇ ထပ်ပါ။ ကျနော်တို့က သတ်မှတ်ထားတယ်။ ပြည်သူကို တော့ ရွှေတိဂုံ ဇုန်တွေ ဘာတွေ အထပ်တွေ ကန့်သတ်ထားတယ်။ ကျနော်တို့ အခု ရဲဌာနကြီး ဆောက်မယ် ဆိုတော့ ၇ ထပ် ဆောက်မယ်။ ကျနော် Location ကို ကန့်ကွက်ပါတယ်”ဟု ဆိုသည်။
ဆက်လက်ပြီး ၎င်းက“ဒဂုံမြို့နယ်မှာကို စစ်ရုံးဟောင်း နေရာကြီးတွေ ရှိတယ်။ တပ်ပိုင်မြေ၊ ဌာနပိုင်မြေတွေ အများကြီး ကျန်တယ်။ အဆိုပါ နေရာတွေမှာ ဆောက်လို့ရတယ်။ ရဲက လုံခြုံရေး အတွက် လုပ်တာလုပ်ပါ။ ဒါပေမယ့် ဒီနေရာမှာ တော့ မလုပ်သင့်ဘူးလို့ ကန့်ကွက်တာ။ သုံးမယ့်ငွေကို ကန့်ကွက်တာ မဟုတ်ဘူး။ ဒီမှာ မဆောက်ဖို့ကို ကန့်ကွက်တာ” ဟုလည်း ပြောဆိုသည်။
ဒုတိယ အကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် တိုင်းအစိုးရ အဖွဲ့က လွှတ်တော် သို့ တင်သွင်းသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် အဆိုပါ အဆောက်အအုံ တည် ဆောက်ရန် အသုံးစရိတ် အဖြစ် ကျပ်သန်း ၅၀၀၀ တောင်းခံခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ အတွက် အမှန်တကယ် လိုအပ်သည့် အသုံးစရိတ်များကို လျှော့ချ ဖြတ်တောက်ပြီး အရေးပေါ် လိုအပ်ခြင်း မရှိ သည့် နေရာများတွင် ငွေအမြောက်အများ မသုံးစွဲသင့်ကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးဝေဖြိုးဟန်ကလည်း ပြောသည်။
“ပြည်သူ့ လိုအပ်ချက်များကိုတော့ လျှော့ပါဦး ဖြတ်ပါဦး၊ ငွေဘယ်လောက်ဆိုပြီး ပြောပြီးတော့ တကယ် မလိုအပ်သေး တဲ့ လုပ်ငန်းတွေ အတွက် ငွေအမြောက်အများ သုံးစွဲနေတာ မသင့်လျော်ဘူးလို့ ဆိုလိုချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် အဆိုပါ အဆောက်အအုံ အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၀၀၀ တင်ပြ တောင်းခံခဲ့ပြီး အဆောက်အအုံ ဒီဇိုင်း တင်ဒါခေါ်ယူ ပြီးစီးပြီး ဖြစ်သော်လည်း ယခုနှစ် ဘဏ္ဍာငွေ တောင်းခံရာတွင် တင်ဒါ အောင်မြင် ပြီးသား ဒီဇိုင်းဖြင့် အသေးစိတ် တွက်ချက် တင်ပြ တောင်းခံထားခြင်း မရှိကြောင်း ပြည်သူ့ ငွေစာရင်း ကော်မတီက ထောက်ပြခဲ့သည်။
လွှတ်တော်ဝင်းအတွင်း ရဲတပ်ဖွဲ့ရုံး တည်ဆောက်မှုသည် နောင်အခါတွင် မြေပိုင်ဆိုင်မှု အရှုပ်အထွေးများလည်း ဖြစ် ပေါ် လာနိုင်ပြီး ယင်း အဆောက်အအုံ ဆောက်လုပ်ရန်အတွက် သုံးစွဲမှု ငွေကြေးကို အခြားဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးသင့်ကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆွေးနွေး ထောက်ပြခဲ့သည်။
“အဓိက အားဖြင့် မြေပိုင်ဆိုင်မှု ကိစ္စပါ၊ မတူညီတဲ့ ဌာနတွေက မြေပေါ်မှာ ဆောက်ပြီးပြီ ဆိုရင် ဒီဌာနတွေရဲ့ ပိုင်ဆိုင်မှု က အငြင်းပွားဖွယ် ဖြစ်နိုင်ပါတယ်။ ဒီတော့ လွှတ်တော်ဝင်းဟာ လွှတ်တော် အတွက်ပဲ ဖြစ်သင့်ပါတယ်။ နောက်တခု က ဒီသန်းပေါင်း ၁ သောင်းကို တခြား ဖွံ့ဖြိုးရေးတွေမှာ သုံးမယ် ဆိုရင် ပြည်သူ ၂ သိန်းလောက် အတွက် အခြေခံ အဆောက် အအုံ တွေပေးနိုင်တယ်လို့ ကျမ အနေနဲ့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီလွှတ်တော်ထဲမှာ ဆောက်တာကို ကန့်ကွက်ပါတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်း အတွင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးအဖြစ် ထားရှိရန် ၇ ထပ် အဆောက်အအုံကို ၂၄၃၅၃၆ စတုရန်းပေ ဧရိယာတွင် တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်း တန်ဖိုးမှာ ကျပ်သန်းပေါင်း ၉၇၄၁ ဒသမ ၄၄၀ သန်း ဖြစ်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီက သိရသည်။
You may also like these stories:
ရန်ကုန်ကို အခြေပြု၍ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရမည် ဟု ဦးဖြိုးမင်းသိန်းပြော
ဒစ်ဂျစ်တယ် စီးပွားရေး အပါအဝင် ကဏ္ဍ ၃ ခု၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်မည်