သတင်း

ကြံ့ခိုင်ရေး ဦးဆောင်သော ၂၆ ပါတီ တွေ့ဆုံခွင့် တောင်းမှု ရွေးကောက်ပွဲ ကော်မရှင် လက်မခံ

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အပါအဝင်၂၆ ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) နှင့် တွေ့ဆုံရန် တောင်းဆိုမှုကို UEC က လက်မခံကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းစဉ်သည် ပွင့်လင်း မြင်သာမှု မရှိကြောင်းကို USDP အပါအဝင် နိုင်ငံရေး ပါတီ ၂၆ ခု က အိတ်ဖွင့်ပေးစာ ပေးပို့ပြီး စွပ်စွဲခဲ့ခြင်းကြောင့် ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဇွန်လ ၁၁ ရက်က ပြောသည်။

၎င်းက“သဘောရိုးနဲ့ သာမန် တွေ့ဆုံခွင့် တောင်းတာ မဟုတ်ဘဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ်ကို ထိပါး စေတဲ့ဟာ၊ ကော်မရှင်က လုပ်ဆောင်နေတဲ့ ကိစ္စတွေကို သေးသိမ်စေသည့် အလို့ငှာ၊ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်ကို ပြည်သူ တွေ အထင်မှား၊ အမြင်မှား ဖြစ်စရာ ဆိုပြီး အဲဒါတွေ ဖော်ပြထားပါတယ်”ဟု ဆိုသည်။

USDP ပါတီ အနေဖြင့် မေလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ အတွက် တွေ့ဆုံ ဆွေးနွေးလိုခြင်း ခေါင်းစဉ်ဖြင့် ပါတီ ၂၆ ခု၏ လက်မှတ်ဖြင့် အချက် ၁၀ ချက် ပါဝင်သည့် အိတ်ဖွင့်ပေးစာကို UEC ထံသို့ ပေးပို့ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တည်ဆဲ ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များကို သုံးသပ်ပါက ရည်ရွယ်ချက် ပေါက်မြောက်နိုင်ခြေ မရှိဘဲ ဆန့် ကျင် ဘက် လားရာသို့ ဦးတည်နေကြောင်း၊ တည်ဆဲ ကော်မရှင် အနေဖြင့် သက်တမ်း ၃ နှစ်အတွင်း နိုင်ငံရေး ပါတီ များနှင့် သုံးကြိမ်သာ တွေ့ခဲ့ပြီး အပြန်အလှန် ဆွေးနွေးချိန်လည်း လုံလောက်မှု မရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထို့ပြင် အိတ်ဖွင့်စာ၌ ဥပဒေက ပြင်ဆင်သင့်သည်ဟု ဆိုထားသော်လည်း မည်သည့် အချက်ကို ပြင်ဆင်လိုသည်ဟု ပါဝင် ခြင်း မရှိကြောင်း၊ ပြင်ဆင်သင့်သည့် အချက်များ၊ အကြံပြုချက်များကို အချိန်မရွေး မည်သည့် ပါတီမဆို အကြံပြုနိုင် ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

ကော်မရှင် အနေဖြင့် တိုင်းနှင့် ပြည်နယ် အလိုက် နိုင်ငံရေး ပါတီများ၊ လူထု အခြေပြု အဖွ့ဲအစည်းများ (CSO) များနှင့် ယခု ဇွန်လမှ စတင်၍ အစီစဉ် ဆွဲထားပြီး ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

UEC အနေဖြင့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ဘဲ တဖက်သတ် ပြောဆိုနေခြင်းသည် အလုပ်ဖြစ်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ နီးကပ်လာပြီ ဖြစ်သဖြင့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန်နှင့် ပြင်သင့် ပြင်ထိုက်သည့် အချက်များကို ပြင်ရန် အတွက် အိတ်ဖွင့်ပေးစာ ပေးပို့ ထားခြင်း ဖြစ်ကြောင်း USDP ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဧရာဝတီသို့ ပြောသည်။

၎င်းက“ကိုယ့်ဘက်က အကွက်တွေ ချန်ပြီး ပြောနေမယ် ဆိုရင်တော့လည်း အဆင်မပြေဘူးလေ။ တွေ့ဆုံလိုက်မှ ပြီးသွား မှာ။ အခု ခေါ်ပြီးတော့မှ မရိုးသားဘူး။ အပြစ်တွေ ပြောနေတယ်။ ဘာကြောင့် မရိုးသားဘူးလို့ ပြောတာလဲ။ ဘာကြောင့် အပြစ် တွေ ပြောနေတာလဲ ဆိုတာကို အဖြေထုတ်ကြည့်ဖို့ လိုတယ်လေ”ဟု ဆက်လက် ပြောဆိုသည်။

၂၆ ပါတီတွင် ပါဝင်သူ တဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကလည်း“လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်ဖို့ အတွက်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ဒီအချက်အလက်တွေနဲ့ ထောက်ပြ၊ တင်ပြတာလေ။ ဒီဟာနဲ့ ပတ်သက်ပြီး ဘယ်သူမှားတယ်၊ ဘယ်သူ မှန်တယ် ဆိုတာ အချိန်က အဖြေပေးပါလိမ့်မယ်”ဟု ပြော သည်။

ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကာလအထိ လက်ရှိ ပုံစံ အတိုင်း ဆက်သွားနေမည်ဆိုပါက လွတ်လပ်၍ တရားမျှတ သော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း အိတ်ဖွင့် ပေးစာတွင် ပါရှိသည်။

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု ဖြစ်ရန် အစွမ်းကုန် ကြိုးစားမည် ဖြစ်ပြီး မတရားသော နည်းလမ်းဖြင့် အနိုင်ရခြင်းထက် တရားသဖြင့် ရှုံးနိမ့်ခြင်းကို လက်ခံမည့် စနစ်ဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဇွန်လ ၈ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးတွင် ဒေါက်တာ မျိုးညွန့်က မီဒီယာများ ကို ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်တွင်လည်း NLD ပါတီမှ အမာခံများသာ ထည့်သွင်းထားခြင်း မဟုတ်ဘဲ ယခင် လူဟောင်းများနှင့် ဖွဲ့စည်းထားကြောင်း၊ ကော်မရှင်ကို သမာသမတ် ရှိသည့် အဖွဲ့အစည်း တခုဖြစ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို  ၂၀၂၀ နိုဝင်ဘာလ အတွင်း ကျင်းပနိုင်ဖွယ် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သိရသည်။

You may also like these stories:

လွှတ်တော် ရုပ်သံလိုင်း ပြတ်တောက်မှု ပြန်ကြားရေး ဝန်ကြီး တာဝန်ခံရန် ကြံ့ခိုင်ရေးပါတီ ပြော

ပါတီ၏ ပိုင်ဆိုင်မှုများ နိုင်ငံပိုင် ဆိုသည့် စွပ်စွဲချက် ကြံ့ခိုင်ရေး ပယ်ချ

၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက် အရွေးခံမည်

Did you find apk for android? You can find new Free Android Games and apps.
Loading