သတင်း

စစ်ရေး တည်ငြိမ်ပါက ဆုထူးစံ လမ်းလုပ်သား ၈ ဦးကို ပြန်လွှတ်ပေးမည် ဟု AA ဆို

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝ မြို့နယ် အတွင်း ရက္ခိုင် စစ်တပ် (AA) မှ ဖမ်းဆီးထားသည့် ဆုထူးစံ ကုမ္ပဏီမှ လမ်းလုပ်သား ၈ ဦးကို စစ်ရေး အခြေအနေ တည်ငြိမ်ပါက ပြန်လွှတ်ပေးမည်ဟု AA က ပြောသည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “အဲဒီလူတွေကို ဒေသခံ ရပ်မိရပ်ဖတွေက တဆင့် လွှတ်ပေး မယ်လို့ လုပ်ခဲ့တာ ရှိတယ်။ စစ်တပ်ဘက်က ထိုးစစ်က ပြင်းလာတော့ ဘယ်သူကမှ ကျနော်တို့နဲ့ လာပြီး မတွေ့ရဲဘူး။  လက်မခံရဲဘူး။ သူတို့ကို ပြန်ပြီး ပို့ဆောင်ရေးမှာ လုံခြုံရေး ကိစ္စတွေက နည်းနည်း အခက်အခဲ ဖြစ်နေတယ်။ ဒါ့ကြောင့် လောလောဆယ် မလွှတ်ပေးနိုင်သေးဘူး ဖြစ်နေတာပါ။ သူတို့ကို လွှတ်ပေးမှာပါ”ဟု ပြောသည်။

ပလက်ဝ မြို့နယ်တွင်း စစ်ရေး အခြေအနေများ တည်ငြိမ်ခြင်း မရှိသေး သဖြင့် ဆုထူးစံ ကုမ္ပဏီမှ လမ်းလုပ်သား ၈ ဦး ကို လွှတ်ပေးရန် နှောင့်နှေး နေရခြင်း ဖြစ်ပြီး ၎င်းတို့ လွှတ်ပေးရန် AA က ဆုံးဖြတ်ပြီးသား ဖြစ်သည်ဟုလည်း ဦးခိုင်သု ခ က ဆိုသည်။

ဖမ်းဆီးခံထားရသူများမှာ ဦးလှမျိုး၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်းဟန်၊ ဦးထွန်း အောင်ကျော်နှင့် ဦးဇော်မျိုးသူတို့  ဖြစ်သည်။

၎င်းတို့သည် ဆုထူးစံ ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေသည့် ကုလားတန် စီမံကိန်း၏ အစိတ်အပိုင်း တခု၊ မြန်မာ – အိန္ဒိယ လမ်းပိုင်း၊ ပလက်ဝ-မီဇိုရမ် လမ်းပိုင်းကို ဆောင်ရွက်နေစဉ် မတ် ၃၀ ရက်က AA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံလိုက်ရခြင်း ဖြစ်သည်။

စတင် ဖမ်းဆီးစဉ်က အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းခဲ့ပြီး ထိုထဲမှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေးပြီး ကျန် ၈ ဦးကို စစ်ထောက်လှမ်ရေးဟောင်းများဟု ဆိုကာ AA က ဆက်လက် ဖမ်းဆီးထား ခဲ့ခြင်း ဖြစ်သည်။

စစ်ဆင်ရေး တင်းမာ ရှုပ်ထွေးနေသည့် နယ်မြေတွင် စစ်ထောက်လှမ်းဟောင်းများ ရောက်နေခြင်းမှာ လမ်းလုပ်ငန်းကို အကာအကွယ်ယူပြီး AA တပ်ဖွဲ့ဝင်များ သွားလာ လှုပ်ရှားမှုကို ထောက်လှမ်းခြင်း၊ တပ်မတော်ကို သတင်းပို့နေခြင်းများ ပြုလုပ်နေသည်ဟု ဆိုကာ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေသည် ဟုလည်း စတင် ဖမ်းဆီစဉ်က ဦးခိုင်သုခက ပြော ဆိုထားသည်။

ယခုအခါ ပြန်လွှတ်ပေးမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် မြေပြင်တွင် တိုက်ပွဲများ ငြိမ်သက်ပြီး လုံခြုံရေးပိုင်း စိတ် ချရပါက ၈ ဦးလုံးကို လွှတ်ပေးမည် ဟုလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးခိုင်သုခ က “သူတို့ အကုန်လုံး အဆင်ပြေတယ်။ ကျန်းမာရေး ကိစ္စရော လုံခြုံရေး ကိစ္စရော ဘာမှ စိုး ရိမ်စရာ မရှိပါဘူး” ဟုလည်း ပြောသည်။

ဖမ်းဆီးထားစဉ် ၂ လကျော် ကာလ အတွင်း ဖမ်းခံထားရသည့် ၈ ဦးနှင့် ၎င်းတို့ မိသားစုဝင်များ အဆက်အသွယ် မရှိ သော်လည်း စိုးရိမ်စရာ မရှိကြောင်း၊ မိသားစုဘက်မှ တိုရိုက် ဆက်သွယ်လာမည် ဆိုပါက  AA နှင့် ဆက်သွယ်သည် ဟုဆိုကာ မတရားသင်း အက်ဥပဒေ၊ ပုဒ်မ ၁၇ (၁) ဖြင့် ငြိစွန်းနိုင်ပါသည် ဟုလည်း ဦးခိုင်သုခက ဆိုသည်။

ဖမ်းဆီးခံထားရသည့် ဦးပေါ်ကြီး၏ မိခင် ဒေါ်နန်းထွန်း က “ကျမတို့မှာ နေ့တိုင်း သူ့ကို မျှော်နေတာ မျက်ရည်နဲ့ မျက် ခွက်ပဲ။ ကျမမှာ သားအကြောင်း ဘယ်လို စုံစမ်းလို့ စုံစမ်းရမှန်း မသိဘူး။ လမ်းပျောက်နေတာ။ တကယ်လို့ သူတို့ ပြန် လွှတ်ပေးရင် ကျမသားမှာ ပိုက်ဆံမပါ ဘာမပါနဲ့ ဒုက္ခရောက်နေပါမယ်။ လာခေါ်ဆိုလည်း ကျမတို့ လာခေါ်ပါ့မယ်။ သားကို ပြောချင်တာ ကျမတို့ဆီကို ဖုန်းဆက်လို့ ရရင် ဆက်ပေးပါလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

ဦးပေါ်ကြီးသည် မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ပြီး စစ်မှုထမ်းဖူးခြင်း မရှိကြောင်း၊ ကားမောင်းခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြီး မိတ်ဆွေတဦးက အလုပ်ပေးမည်ဟု ပြောသဖြင့် စက်ယန္တရားများ မောင်းရန် ချင်းပြည်နယ် ဘက်သို့ လိုက်သွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဦးပေါ်ကြီး၏ ညီမ တော်စပ်သူ ဒေါ်သိမ့်သိမ့်ထွေး ကလည်း “ကျမ အစ်ကိုက အရပ်သားပါ။ စစ်မှုထမ်းဖူးတာ မရှိပါ ဘူး။ သူ့မိန်းမနဲ့ သမီး ဒီမှာပဲရှိပါတယ်။ အခု ဖမ်းခံထားရတော့ သူ့လစာလည်း မရဘူး။ သေသလား ရှင်သလားလည်း မသိနဲ့ သူ့မိန်းမနဲ့ သမီးကလည်း ဖခင် မရှိတော့ မိန်းမသားတွေချည်း လုပ်ကိုင် စားသောက်နေရပါတယ်။  ပထမဦး ဆုံးက ကျနော်တို့ အစ်ကိုနဲ့ ဖုန်းပြောချင်တယ်။ သူအသက်ရှင်နေတယ် ဆိုရင် ကျေနပ်တယ်” ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ ဦးစောကိုကိုနိုင်၏ ဇနီး ဒေါ်ခင်ခင်သန်းက “ကျမ ယောင်္ကျားကို အမြန်ဆုံး ပြန်လွှတ် ပေးစေချင်ပါ တယ်။ သူကျန်းကျန်းမာမာရှိရဲ့လား ဆိုတာလည်း သိချင်တယ်။ ဖြစ်နိုင်ရင် ကျမတို့ဆီကို ဖုန်းဖြစ်ဖြစ် ဆက်စေချင်ပါ တယ်။ သူအဆင်ပြေပြေ ရှိတယ် ဆိုတာ သိရရင်ပဲ ကျမတို့ မိသားစု ပျော်ပါတယ်” ဟု ပြောသည်။

ဦးစောကိုကိုနိုင် အဖမ်းမခံရခင် အချိန်ထိ အဆက်အသွယ် ရှိခဲ့ပြီး ၎င်းအမျိုးသားက ကျောက်ခွဲသည့် အလုပ် လုပ်ကိုင် ကြောင်း၊ ဆုထူးစံ ကုမ္ပဏီမှ လစာ ၂ သိန်းဝန်းကျင် ရရှိသူ ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ သတင်းများ ထောက်လှမ်းပေးခြင်း မရှိပါဟုလည်း ဒေါ်ခင်ခင်သန်းက ဆိုသည်။

ဦးစောကိုကိုနိုင်သည် စစ်ထောက်လှမ်းရေးတွင် တပ်ကြပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ဖူးသော်လည်း ၂၀၀၂ ခုနှစ် တွင် ရာထူးမှ နုတ်ထွက်ထားပြီး  ဆုထူးစံကုမ္ပဏီတွင် ၂၀၁၂ ခုနှစ် ကတည်းက အလုပ်ဝင်လုပ်နေခြင်း ဖြစ်သည်ဟု ဒေါ်ခင်ခင်သန်းက ပြောသည်။

ဆက်လက်၍ ဒေါ်ခင်ခင်သန်း က “ကျမ ရခိုင်တယောက်ပါ။ သူတို့ စွပ်စွဲသလို အမျိုးကို သစ္စာဖောက်တာမျိုး ကျမ မလုပ်ပါဘူး။ ကျမ ယောင်္ကျားကလည်း ကရင်လူမျိုးပါ။ ကျမတို့ ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေတာပါ။ အိမ်တောင် မရှိလို့ အမေ့အိမ်မှာ အဖီထိုးနေတာပါ။ လာစုံစမ်းလို့ ရပါတယ်။ ကျမတို့မှာ အခု စားစရာတောင် မရှိဖြစ် နေပါတယ်” ဟု ပြောသည်။

ပလက်ဝ မြို့နယ်တွင်း တပ်မတော်နှင့် AA တို့သည် ဇွန် ၇ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားထားပြီး ယနေ့ထိ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

စစ်ရေးတင်းမာနေမှုများကြောင့် ပလက်ဝမြို့နယ်၊ ပိန္နဲတပင်ကျေးရွာအုပ်စုမှ ဒေသခံ ၇၅၀ ကျော်မှာ ဇွန် ၈ ရက်မှ ၁၁ ရက်ထိ တသုတ်ချင်း ထွက်ပြေးလာကြကာ လက်ရှိတွင် ပလက်ဝမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြ ဆဲ ဖြစ်သည်။

AA သည် အစိုးရနှင့်  အပစ်ရပ် စာချုပ်တခု ချုပ်ဆိုရန် ညှိနှိုင်းနေသော်လည်း ပြေလည်ခြင်း မရှိသေးပါ။

ညှိနှိုင်းနေဆဲ ဖြစ်သည့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral ) တွင် တပ်နေရာချထားရေးများ ထည့်သွင်း ချုပ်ဆိုရန် ညှိနှိုင်းနေသော်လည်း တပ်မတော်ဘက်မှ AA ၏ တည်ရှိမှုကို ရခိုင်ပြည်နယ်တွင်း အသိအမှတ်ပြုမည် မဟုတ်ဟု ပြောဆိုထားသည်။

AA ၏ စစ်ရေး ရည်မှန်းချက်သည် ရခိုင်ပြည်နယ်တွင်း ရက္ခိုင်စစ်တပ် (AA)  ရှိရေး ဖြစ်ပြီး လက်ရှိတွင် ပလက်ဝမြို့နယ်၊ အိန္ဒိယ -မြန်မာ နယ်စပ် အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင်လည်း လှုပ်ရှားကာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

တပ်မတော်နှင့် AA တို့ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှ ယနေ့ထိ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် အရပ် သား ၃၀၀၀ ခန့်နေရပ် စွန့်ခွာ ထွက်ပြေးရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်နေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများကြောင့် အရပ်သား ၄ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေး ရပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်နေသည်။

တိုက်ပွဲ ကာလအတွင်း တပ်မတော်မှ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးကာ တရားစွဲဆိုထားခံထားရသူ ရခိုင်အမျိုးသား ၄၀ ကျော် ရှိပြီး နှစ်ဖက်တပ်များ ပဋိပက္ခ ကြား ဖမ်းဆီး စစ်ဆေးခံရခြင်း၊ လက်နက်ကျည် ထိခြင်းတို့ကြောင့် သေဆုံး ထားသည့် အရပ်သား ၄၀ ကျော် ရှိသည်။

You may also like these stories:

ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ

သံတောင်ရွာ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းမှူးကို AA ပြန်လွှတ်ပေး

AA က ပလက်ဝကို ရခိုင်နယ်မြေဟု ပြောဆိုနေမှု ချင်းတိုင်းရင်းသားများ ကန့်ကွက်

ပလက်ဝ စစ်ဘေးရှောင် ၁၂၀ ကျော် AA ထံ ခိုလှုံနေဟု ဆို

သံတောင် ရဲစခန်းကို AA က လက်နက်ချခိုင်းထား

Did you find apk for android? You can find new Free Android Games and apps.
Loading