ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီတခု ဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးသည် ပါတီ ဗဟိုဌာနချုပ်သို့ စာတင်၍ နုတ်ထွက်လိုက်ကြောင်း သတင်း ရရှိသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှာ ရသေ့တောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်နှင့် မြောက်ဦး မဲဆန္ဒနယ်မှ ဦးကျော်ကျော် တို့ဖြစ်ပြီး ဇွန်လ ၆ ရက်နေ့ ရက်စွဲဖြင့် နုတ်ထွက်စာ တင်လိုက်ခြင်း ဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။
ဦးခင်မောင်လတ် က “အဓိကတော့ ပါတီခေါင်းဆောင်ပိုင်းတွေ လျှောက်တဲ့ လမ်းစဉ်တွေကို မကြိုက်ဘူး။ သဘောထားချင်း မတိုက်ဆိုင်တဲ့ အတွက် ပါတီက ထွက်လိုက်တာ အကောင်းဆုံးဆိုပြီးတော့ နုတ်ထွက် လိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအပြင် ပါတီခေါင်းဆောင်ပိုင်းနှင့် သဘောထားချင်း မတိုင်ဆိုင်သလို ပါတီလူငယ်များကပါ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်းလည်း ဦးခင်မောင်လတ်က ဆက်လက်ပြောကြားသည်။
အလားတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မှာလည်း ပါတီတွင်း သဘောထားချင်း မတိုင်ဆိုင်မှုများကြောင့် ပါတီနှင့်ကင်းကွာနေခဲ့သည်မှာ ကြာနေပြီ ဖြစ်ကြောင်း၊ ယင်းကြောင့် နှစ်ဦး၊ နှစ်ဘက် အကျိုးမရှိဟု ခံယူသည့်အတွက် ပါတီကနေ နုတ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးကျော်ကျော် က “ကျနော်လည်း ပါတီနဲ့ ကင်းကွားနေတာ တော်တော်ကြားနေပြီ။ သူကင်း၊ ကိုယ်ကင်း ကင်းကွာနေခဲ့တာ ကြာပြီဆိုတော့ ကျနော်ဟာ ပါတီအတွက် အကျိုးမဖြစ်ဘူး။ ကျနော့်အတွက်လည်း ပါတီက အကျိးမဖြစ်ဘူး။ အဲဒါနဲ့ အေးအေး ဆေးဆေးပဲ နုတ်ထွက် လိုက်ပါ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ နုတ်ထွက်စာတင်သည့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးမှာ ပါတီက ကင်းကွာနေခဲ့သော်လည်း ပါတီအတွက် လစဉ်ထည့်ဝင်ကြေးများနှင့် အခြားရန်ပုံငွေများကိုလည်း မပျက်မကွက် ပေးသွင်းကာ ဒုတိယ အကြိမ် ပါတီညီလာခံအထိ နေခဲ့ကြောင်း နုတ်ထွက် စာတွင် ဖော်ပြထားသည်။
ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က တော့ ၎င်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦး နုတ်ထွက်စာ တင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင်များက ဆုံးဖြတ်ချက် တခုခု ချရန် လိုအပ်သည်ဟု ယူဆလျှင် အနီးဆုံး ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပြောသည်။
ဦးထွန်းအောင်ကျော် က “ဘာကြောင့်လည်း ဆိုတော့ သူတို့က သာမန် ပါတီဝင်တွေ မဟုတ်ဘူး။ ပါတီအလံအောက်က ဝင်ပြိုင်လို့ အမတ်ဖြစ်သွားတဲ့ သူတွေကို ဒီသက်တမ်းမှာတော့ ထွက်ခွင့်မပေးဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောထားတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသားပါတီမှ ယခု လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နှင့် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် အပါအဝင် ပါတီသို့ တရားဝင် နုတ်ထွက်ခွင့် တင်ထားသည့် လွှတ် တော် ကိုယ်စားလှယ်များမှာ စစ်တွေမဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၊ စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦး၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင် စုစုပေါင်း ၇ ဦးထိ ရှိလာပြီ ဖြစ်သည်။
ယခုနှစ် မေလ ၃၀ ရက်နေ့မှနေ ဇွန်လ ၁ ရက်နေ့အထိ ၃ ရက်ကြာ ANP ပါတီ၏ ဒုတိယ အကြိမ် ပါတီညီလာခံကို စစ်တွေမြို့တွင် ကျင်းပခဲ့ရာ ပါတီ၏ ဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အားလုံးကို ဖျက်သိမ်းကာ အသစ်ပြန်လည် ရွေးချယ်ခဲ့သလို ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်၏ နေရာတွင်လည်း ပါတီခေါင်းဆောင် တဦးဖြစ်သည့် ဦးသာထွန်းလှကို ရွေးချယ် တင်မြောက်ခဲ့သည်။
ရခိုင်အမျိုးသားပါတီ၏ ပထမ အကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့တွင် ကျင်းပခဲ့ရာ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်မြောက်မှု၌ အငြင်းပွားမှုများ၊ မကျေ လည်မှုများ ဖြစ်ပွားခဲ့ရာမှ ရခိုင်အမျိုးသားပါတီ (ANP) တခုတည်း အဖြစ် ပေါင်းစည်းခဲ့သော RNDP နှင့် ALD တို့ မှာ သွေးစည်းညီညွတ်မှု ပြိုကွဲကာ ပါတီနှစ်ခြမ်းကွဲသည့် သင်ခန်းသားများလည်း ရှိခဲ့သည်။
နောက်ပိုင်း ပါတီထိပ်ပိုင်းခေါင်းဆောင်အချင်းချင်း သဘောထားကွဲလွဲမှုကနေ ပါတီဥက္ကဋ္ဌ တာဝန်ကို ထမ်း ဆောင်ခဲ့သော ဒေါက်တာအေးမောင် ကိုယ်တိုင် ပါတီကနေ နုတ်ထွက်စာတင်ပြီး မကြာမီ ရသေ့တောင် မြို့နယ်တွင် ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် ပုန်ကန်မှု အပါအဝင်၊ နိုင်ငံတော် အကြည်အညို ပျက်စေမှုတို့ဖြင့် လက်ရှိအချိန်တွင် နှစ်ရှည်ထောင်ချမှတ်ခံထားရသည်။
You May Also Like These Stories:
ANP ပါတီဥက္ကဋ္ဌသစ် ဦးသာထွန်းလှနှင့် တွေ့ဆုံမေးမြန်းခြင်း
ANP ပါတီ ဥက္ကဋ္ဌသစ် အဖြစ် ဦးသာထွန်းလှ ကို ရွေးချယ်တင်မြောက်
လွှတ်တော် အမတ်တွေကို ကျနော်တို့သဘောနဲ့ နုတ်ထွက်ခွင့် ပေးလို့ မရဘူး