ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ၂၀၁၉-၂၀၂၀ခုနှစ် ဘဏ္ဍာရေးနှစ် ရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ကိုကိုးကျွန်းမြို့နယ်သို့ သီးသန့် ပြေးဆွဲမည့် ကျပ်သန်း ၅၀၀၀ တန် သဘောၤဝယ်ယူရန် ဘက်ဂျက် လျာထားမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။
ယမန်နေ့ ဇွန် ၁၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ရေမိုင် ၂၆၀ ရှိပြီး ဟင်းလင်းပြင် ပင်လယ်ဖြစ်သော ကိုကိုးကျွန်း ခရီးစဉ်သည် ပုဂ္ဂလိကဖြစ်စေ၊ အစိုးရဖြစ်စေ စီးပွားရေး အရ တွက်ခြေမကိုက်သည့်အပြင် ရေရှည်ဆောင်ရွက်နိုင်မည့် အသေးစိတ် စီးပွားရေး စီမံချက် ခိုင်မာစွာ မရှိခြင်းကြောင့် သဘောမတူကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာ တွင် လည်း ဖော်ပြထားသည်။
ယခင်ကလည်း ပုဂ္ဂလိကနှင့် တွဲဖက် ဆောင်ရွက် ခဲ့ဖူးသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာတွင်မူ ရေရှည် မဖြစ်မြောက်ခဲ့သဖြင့် ကျပ်သန်းထောင်ချီ ဘဏ္ဍာငွေများသုံးစွဲပြီး သင်္ဘောဝယ်ယူခြင်းမပြုဘဲ အခြားနည်းလမ်းဖြင့် ဖြေရှင်း ရန် ပြည်သူ့ငွေစာရင်းကော်မတီက အကြံပြုထားသည်။
ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် က “အခုလောလောဆယ် မသင့်တော်ဘူးလို့ ဆုံးဖြတ်တာက ကိုကိုကျွန်း ပြည်သူတွေ အပေါ်မှာ စဉ်းစားတာ မသင့်တော်ဘူးလို့ ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့ ဒီလောက်ဘဏ္ဍာငွေတွေ အများအပြား သုံးပြီးတော့ သဘောၤဝယ်မယ့် အပိုင်းကို ကန့်ကွက်တာ။ ဒီကိစ္စကို အစိုးရ အဆက်ဆက်က ဖြေရှင်းခဲ့တယ်။ ဒါပေမယ့် အခုထိတော့ အဆင်မပြေသေးဘူး။ ကိုယ့် အစိုးရ အနေနဲ့ ဖြေရှင်းသင့်တဲ့ ကိစ္စပါ။ ဒါပေမယ့် အခု ဖြေရှင်းတဲ့နည်းလမ်းက မမှန်ကန်ဘူးလို့ ကိုယ်စားလှယ်တွေက ယူဆတာ” ဟု ပြောသည်။
ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ တောင်ဘက် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် အကြားတွင် တည်ရှိပြီး ၁၉၇၄ ခုနှစ် ကတည်းက မြို့နယ်အဆင့်သတ်မှတ်ထားပြီး ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။
အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကလည်း “ကိုကိုးကျွန်း သဘောၤဝယ်ယူရေး ကိစ္စက အစောလျင် လုပ်ရမယ့် ကိစ္စ မဟုတ်သေးပါဘူး။ သဘောၤကြီး ဝယ်လိုက်ရုံနဲ့ ကိုကိုးကျွန်းမြို့ကြီး တဟုန်ထိုး တိုးတက်ဖွံ့ဖြိုး လာမှာ လည်း မဟုတ်သေးပါဘူး။ အဓိကက သဘောၤဝယ်ယူခြင်းထက် ဒီသဘောၤကြီးဟာ ရေရှည်မှာ အလုပ်ဖြစ်မဖြစ်က ပိုအရေးကြီးပါတယ်” ဟု ဆိုသည်။
ကိုကိုးကျွန်းသည် သင်္ဘောကြီးများ တိုက်ရိုက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းမရှိ၊ ဆိပ်ခံတံတားမရှိ၊ ကျွန်းသို့ရောက်ရန် သင်္ဘောမှ ငါးဖမ်းစက်လှေများနှင့် သွားလာရသည့် အခြေအနေတွင် ရှိခြင်းကြောင့် ယခုကဲ့သို့ သဘောၤ ဝယ်ယူမည့် ကိစ္စရပ်မှာ သင့်လျော်သည့် အခြေအနေ မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့ကြ သည်။
ကိုကိုးကျွန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့် စီမံကိန်းမှ မရေးဆွဲဘဲ သဘောၤ ဝယ်ယူခြင်းကို လုံးဝသဘော မတူ ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခေါ်) နေဘုန်းလတ်ကလည်း ဆိုသည်။
“ပြည်သူလူထု သွားရေးလာရေး အတွက် ထည့်သွင်း စဉ်းစားပေးရမယ် ဆိုတဲ့ အချက်ကို မူအရ လက်ခံပါတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းပါ။ သဘောၤက ဆိုက်လို့လည်း မရဘူး။ ကိုကိုကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုပြီးတော့ အများပြည်သူ သွားလာချင်အောင် ဖွံ့ဖြိုးတိုးတက်ရေး ဘယ်လိုလုပ်မလဲဆိုတာ Plan ပေါ့။ အဓိကကတော့ ဖွံ့ဖြိုး တိုးတက်ရေး Plan ရှိရမယ်။ သဘောၤဝယ်ယူဖို့ကိစ္စက အဲဒီ Plan ရဲ့ အစိတ်အပိုင်းဖြစ်ရပါမယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ ကိုကိုးကျွန်းသို့ တပ်မတော်မှ လေယာဉ်၊ ရေယာဉ်များဖြင့် ပို့ဆောင်ပေးနေရသည်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက် အရသိရသည်။
ကိုကိုးကျွန်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကမူ ကိုကိုးကျွန်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း တွင် ပါရှိသည်ဆိုသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင်း သင်္ဘောဝယ်ယူပါက ကျွန်းတွင် နေထိုင်သူများ အတွက် အဆင်ပြေမည်ဖြစ်ကြောင်းဆိုသည်။
“လိုတာပေါ့ သူတို့အတွက်က ဒီလောက်လမ်းပန်း ဆက်သွယ်ရေးခက်ခဲနေတာ။တလတခေါက်တင် မဟုတ်ဘူး တပတ် တကြိမ်လောက်ကိုလိုတာ။ အခုက သီးသန့်ကြီး ကြုံမှသွားရတဲ့ သဘောရှိတာကိုး။ သဘောၤဝယ်ရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့ သူတို့အတွက် သီးသန့်ဝယ်ရင် ပိုကောင်းတာပေါ့။ ကျနော်အနေနဲ့က ဝယ်တာသဘောကျတယ် ကျွန်းသူ ကျွန်းသားတွေ အတွက် အဆင်ပြေမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကိုကိုးကျွန်းအတွက် သဘောၤဝယ်ယူရန် ကျပ်သန်း ၅၀၀၀ အပြင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးချုပ် တည်ဆောက်ရန် ကျပ်သန်း ၅၀၀၀ နှင့် စုပေါင်းရာဇဝတ်တရားရုံး (အင်းစိန်) တည်ဆောက်ရန် ကျပ်သန်း ၆၀၀၀ စသည့် ကျပ်သန်းပေါင်း ၁၆၀၀၀ ( ၁၆ ဘီလီယံ) ကုန်ကျမည့် စီမံကိန်းသုံးခုကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။
ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက“ အချိန် တနှစ်ကျော်လောက်ပဲ ကျန်တော့တဲ့အချိန်မှာ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းကို ထိထိရောက်ရောက် လုပ်သင့်တယ်။ သဘောၤဝယ်မှာတို့ ရုံးကြီးဆောက်မှာတို့က အခု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆွဲထားတဲ့ ဘက်ဂျက်က ရွာဦးက ဘုရားစေတီ ငါသူကြီးဖြစ်တဲ့ အချိန်မှာ တည်တာလို့ ဂုဏ်ယူဖွယ်ရာ ဖြစ်အောင် ရေးဆွဲထားတဲ့ ဘက်ဂျက်မျိုး ဖြစ်တယ်ဆိုပြီး ထောက်ပြတာပါ” ဟု ဆိုသည်။