ပြီးခဲ့တဲ့ တနင်္ဂနွေ၊ ဇွန်လ ၂ ရက်နေ့တုန်းက အီတလီနိုင်ငံ အနောက်မြောက်ပိုင်းက ဗင်းနစ်မြို့မှာ အပျော်စီး သင်္ဘောတစင်းဟာ အရှိန်မထိန်းနိုင်ဘဲ ဆိပ်ခံတံတားနဲ့ ခရီးသွားလှေငယ်တွေကို ဝင်ရောက် တိုက်မိခဲ့ပါတယ်။ မတော်တဆ ဖြစ်ပွားခဲ့တဲ့ နေရာကတော့ ဗင်းနစ်မြို့အလယ်ပိုင်းက Giudecca တူးမြောင်းမှာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆိပ်ကမ်းအာဏာပိုင်တွေက ပြောပါတယ်။
ဒီ မတော်တဆ ဖြစ်ရပ်ကြောင့် လူ ၅ ယောက် ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့သလို အရှိန်မထိန်းနိုင် ဖြစ်နေတဲ့သင်္ဘောကြီးဆီက လွတ်မြောက်အောင် ခရီးသွားတွေ ထွက်ပြေးနေကြပုံတွေကိုလည်း YouTube နဲ့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။
မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ အပျော်စီး သင်္ဘောရဲ့ အမည်ကတော့ MSC Opera ဖြစ်ပြီး လူပေါင်း ၂,၆၀၀ ဆန့်တဲ့ သင်္ဘောတစီး ဖြစ်သလို ဗင်းနစ်မြို့မှာ ပုံမှန်ပြေးဆွဲနေတဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။ များပြားတဲ့ တန်ချိန်ကို တင်ဆောင် မောင်းနှင်လာခဲ့တဲ့ အတွက်ကြောင့် သင်္ဘောဟာ အရှိန်မထိန်းနိုင်တော့ဘဲ ဆိပ်ခံတံတားနဲ့ ခရီးသွား လှေငယ်တွေကို ဝင်ရောက် တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။
အခုလို မတော်တဆဖြစ်မှု ပြီးသွားတဲ့ နောက်ပိုင်းမှာတော့ ဗင်းနစ်မြို့ရဲ့ သမိုင်းဝင် အထင်ကရ အဆောက်အဦ ပျက်စီးဆုံးရှုံးမှုနဲ့ ပတ်ဝန်းကျင်ကိုလည်း ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ရှိစေလာနိုင်တဲ့အတွက် သက်ဆိုင်ရာတွေကြားမှာ ဆွေးနွေးစရာ ကိစ္စတရပ် ဖြစ်လာခဲ့ပါတယ်။
“အခုလို အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့တဲ့ ကိစ္စက မယုံနိုင်စရာ ကောင်းလောက်အောင်ပါပဲ”လို့ ကိုယ်တွေ့ မြင်ခဲ့တဲ့ Simon Skinner ဆိုသူက ပြောပါတယ်။
ဒီအဖြစ်အပျက် ပြီးသွားတဲ့နောက်မှာတော့ ဗင်းနစ်မြို့သားတွေဟာ နိုင်ငံတကာ ခရီးသွားတွေကို တင်ဆောင် မောင်းနှင်ကြမယ့် အပျော်စီးသင်္ဘောတွေကို စိန့်မာကု ရင်ပြင်နဲ့ ဗင်းနစ်မြို့ရဲ့ အထင်ကရ အဆောက်အဦတွေကနေ ကိုက် ၁၀၀ လောက် ခွာမောင်းပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
Ref: telegraph.co.uk, cbsnews
You may also like these stories:
နိုင်ငံခြားကို ပထမဆုံးအကြိမ်ခရီးသွားရင် ကြိုတင်ပြင်ဆင်ရမယ့် အချက် ၅ ချက်
Apple မောင်းသူမဲ့ကားတစီး ပထမဆုံးအကြိမ် ယာဉ်တိုက်မှုဖြစ်
လေယာဉ်ကို အသုံးပြုပြီး ဖွင့်လှစ်မယ့် ရေအောက်ပြတိုက်