လူမှုကွန်ရက်မှ တဆင့် ပြည်သူနှင့် ထိတွေ့မှု ရန်ကုန် မြို့တော်ဝန်ထက် မန္တလေး မြို့တော်ဝန်ပိုအားကောင်း
မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်သည် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ထက် လူမှုကွန်ရက် ပေါ်မှာတဆင့် ပြည်သူနှင့် ထိတွေ့ဆက်ဆံမှု ပိုအားကောင်းကြောင်း လူမှုကွန်ရက်ကို စောင့်ကြည့် သုတေသန ပြုနေသည့် အဖွဲ့ (Social Media Development Myanmar-SMDM) ၏ စစ်တမ်းများ အရ သိရသည်။
SMDM အဖွဲ့၏ သုတေသန အရ မန္တလေး မြို့တော်ဝန်သည် ၎င်း၏ Facebook စာမျက်နှာမှတဆင့် ပြည်သူများက ၎င်းတို့ တွေ့ကြုံနေရသည့် အခက်အခဲများကို ရေးသား တင်ပြသည့် အခါ အခြေအနေကို ရှင်းပြသလို အရေးတယူ တုန့်ပြန် ဆောင်ရွက်မှုများလည်း ရှိကြောင်း SMDM အဖွဲ့ ဦးဆောင်သူ ကိုနေလင်းထွန်း က ပြောသည်။

ကိုနေလင်းထွန်း က “ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရဲ့ စာမျက်နှာမှာကတော့ မန္တလေး မြို့တော်ဝန်ရဲ့ စာမျက်နှာ လို ပြည် သူတွေ တင်ပြတဲ့ အချက်တွေကို ပြန်ပြီး ဖြေရှင်း ပြောပြပေးတာမျိုးမရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “မြို့တော်ဝန်တို့ ကိုယ်တိုင်က ဒီလူမှုကွန်ရက်ကို တချိန်လုံး လိုက်ကြည့်နိုင်မှာ မဟုတ်ပေးမယ့် သူတို့ရဲ့ Page အတွက် သီးခြား တုံ့ပြန်ပေးနိုင်မယ့် အဖွဲ့ကို ဖွဲ့ပြီး လုပ် တယ်။ အဲဒီတော့ ပြည်သူများ တင်ပြလာတဲ့ အချက်တွေကို တုံ့ပြန်မှု ပြုလုပ်ပေးမယ် ဆိုရင် ပိုပြီး ပွင့်လင်းလာပြီး ပြည် သူနဲ့ တာဝန်ရှိသူ ကြားမှာ ယုံကြည်မှုကို ပိုတည်ဆောက် နိုင်လာမှာပေါ့” ဟု ပြောသည်။
SMDM အဖွဲ့သည် အစိုးရဌာန ဆိုင်ရာများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လူမှုကွန်ရက် စာမျက်နှာများကို စောင့် ကြည့် သုတေသန ပြုခြင်း၊ အများပြည်သူ၏ လူမှုကွန်ရက်တွင် အမုန်းစကားများ ဖြန့်ဖြူးနေမှု၊ လူမှုကွန်ရက်ကို ကောင်းမွန် သည့်ဘက်မှ အသုံးပြုရေး အတွက် ပညာပေးနေသည့် အပြင် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပကာ ဖြန့်ဖြူး ပေးနေသည့် အဖွဲ့အစည်း တခု ဖြစ်သည်။
မန္တလေးမြို့တော်ဝန်သည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာထက်တွင် တပတ်လျှင် အနည်းဆုံး ၃ ကြိမ် ၎င်း၏ ဆောင်ရွက်ချက်များကို အများပြည်သူများ သိရှိစေရန် တင်ပြလျှက်ရှိပြီး အဆိုပါတင်လိုက်သည့် ပိုစ့်အောက်တွင်လည်း အများပြည်သူများ၏ တင်ပြချက်များနှင့် ပက်သက်ပြီး မှတ်ချက်ပြုခြင်း၊ သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများကို သိရှိစေရေးအတွက် ရည်ညွှန်းကာ Mention ခေါ်၍ ချိတ်ဆက်ပေးခြင်း စသည့်လုပ်ဆောင်မှုများကိုလည်း တွေ့ရသည်။
ရန်ကုန်မြို့တော်ဝန်၏ လူမှုကွန်ယက်စာမျက်နှာတွင်မူ ပြည်သူအများ၏ အကြံပြုချက်၊ မှတ်ချက်၊ တင်ပြချက်များ အပေါ်တွင် တုံ့ပြန်မှု အားနည်းနေသေးကြောင်း၊ တချို့အချက်များကိုသာလျှင် အကြောင်းပြန်ခြင်း ပြုလုပ်သည်ကို တွေ့ရသည်ဟု အဆိုပါ စစ်တမ်းကောက်ယူမှုများအရ သိရသည်။
SMDM အဖွဲ့သည် ယခုနှစ်ဆန်းပိုင်းထဲကစပြီး Facebook လူမှုကွန်ရက်ကို အသုံးပြုသည့် နိုင်ငံတော်အဆင့်ရှိ လူပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်စစ်တမ်းကောက်ယူနေခြင်းဖြစ်သည်။

SMDM အဖွဲ့၏ အဆိုအရ လွှတ်တော်ကိုယ်စားလှယ် အများစုသည် ၎င်းတို့၏ နာမည်ဖြင့် ကိုယ်ပိုင်အကောင့်ဖွင့်ကာ Page တည်ထောင်ခြင်းများ အလွန်နည်းပါးနေသေးကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း လူမှုကွန်ရက်ကို အသုံးပြု၍ ပြည်သူနှင့် ထိတွေ့ဆက်သွယ်နိုင်မည့် လမ်းကြောင်းတခုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် SMDM အဖွဲ့တို့ ဆွေးနွေးသွားမည်ဟု သိရသည်။
SMDM ၏ စစ်တမ်းအရ မြန်မာ တနိုင်ငံလုံးရှိ လွှတ်တော် ၃ ရပ်လုံးတွင် ရှိသော လွှတ်တော် ကိုယ်စားလှယ်များထဲ၌ ၁၀ ဦး ကျော်သာ Facebook Page ဖြင့် မိမိတို့၏ ဆောင်ရွက်ချက်များနှင့် အတူ ပြည်သူများ၏ အခက်အခဲများကို ထိတွေ့ ဆက်ဆံသည်ကို တွေ့ရကြောင်း သိရသည်။
ထိုအထဲတွင် ဘလော့ဂါ နေဘုန်းလတ် ဟု လူသိထင်ရှားသည့် သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်၏ လူမှုကွန်ရက်မှာ အသက်ဝင်မှု အများဆုံး ဖြစ်ပြီး ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဒေါ်သက်သက်ခိုင် က ဒုတိယ အများဆုံးဖြစ်ကြောင်း အဆိုပါ သုတေသန ပြုလုပ်ချက်များ အရသိရသည်။
ကိုနေလင်းထွန်း က “လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ်ပိုင် အကောင့်ထက် Page ကို ပိုသုံးသင့်တယ်။ အဲ့ဒီမှာ ဘယ်သွားတယ်၊ ဘာလုပ်တယ်လေးပဲ တင်နေရုံနဲ့တော့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးလောက်ပဲ ဖြစ်နေမယ်။ အချိန်မရှိတာ မှန်ပါ တယ်။ ဒါပေမယ့် ပြည်သူတွေ တော်တော်များများကို တပြိုင်ထဲ လိုက်တွေ့ မေးနေဖို့က ခက်တယ်လေ” ဟု ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်များ၏ Facebook Page အများစုသည် လွှတ်တော်အတွင်း ဆွေးနွေးချက်များ၊ မေးခွန်း မေးမြန်းမှုများ၊ လူထုတွေ့ဆုံမှုများ၊ အစည်းအဝေး၊ အခမ်းအနား တက်ရောက်မှုများ စသည့် လှုပ်ရှားမှုများကို သတင်း ပြန်ကြားမှုပုံစံဖြင့် ဖော်ပြလျှက်ရှိပြီး လူထုဆက်ဆံရေးပုံစံဖြင့် အသုံးပြုမှု နည်းပါးသည်ကို တွေ့ရှိရကြောင်း SMDM စစ်တမ်းက ဆိုထားသည်။
အစိုးရဌာနမှ တာဝန်ရှိသူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် Page များ တည်ဆောက်ကာ နည်းပညာကို ကောင်းစွာ အသုံး ချပြီး ပြည်သူများ၏ အခက်အခဲများကို အမြန်ဆုံး သိနိုင်သည့် နည်းလမ်းကို အသုံးပြုရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ခေါင်းဆောင်များသည်လည်း လူမှုကွန်ရက်များကို အသုံးပြုပြီး ၎င်းတို့၏ မူဝါဒ၊ လုပ်ဆောင်ချက်၊ သဘောထားများကို အ များပြည်သူ သိရှိရန် လုပ်ဆောင်နေသည်ကို အတုယူသင့်သည်ဟု ဦးနေဘုန်းလတ်က သုံးသပ်သည်။

ဦးနေဘုန်းလတ်က “အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဆို နိုင်ငံတကာမှာ အသုံးများလာတဲ့ Twitter မှာ သူ့သဘော ထားတွေ တင်တယ်။ အဲဒါ ပြည်သူ အားလုံး သိရှိဖို့ မီဒီယာတွေ အတွက် သတင်း ဖြန့်ဖြူးပေးလို့ ရတာပဲ။ သူ့ကို သွားအင် တာဗျူးဖို့ ဆိုတာ အမြဲတမ်း မရနိုင်ဘူးလေ။ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံတော် အဆင့်ရှိသူတွေ အားလုံးဟာ လူမှုကွန်ရက်ကနေ ပြည်သူတွေ သိအောင် ခပ်မြန်မြန် ဖြန့်ဖြူးပေးဖို့ လိုတယ်။ အဲဒီလို လုပ်ဖို့ကိုလည်း သက်ဆိုင်ရာ အဖွဲ့ အစည်းတွေ ဘက်က ပံ့ပိုးပေးသင့်တယ်။ တချို့ ကိုယ်စားလှယ်တွေဆို ကိုယ်ပိုင် Facebook အကောင့်တောင် မရှိတာကို တွေ့နေရတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပြည်သူ အများစု အသုံးပြုနေကြသည့် လူမှုကွန်ရက် မီဒီယာမှာ Facebook ဖြစ်သည့် အတွက် နိုင်ငံတော် အဆင့်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် Facebook ဖြင့် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရမည့် အခွင့် အလမ်းကို အသုံးချသင့်ကြောင်း ၎င်းက ဆက်လက် အကြံပြု ပြောဆိုသည်။
လက်ရှိတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ဖွင့်လှစ်ထားသည့် Facebook page မှာ Facebook ၏ တရားဝင် ခွင့်ပြုချက် (Blue Mark) ရထားသော်လည်း ဆက်လက် အသုံးပြုခြင်း မတွေ့ရသည်မှာ ၁ နှစ် ကျော်ပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကြံ့ခိုင်ရေး ဦးဆောင်သော ၂၆ ပါတီ တွေ့ဆုံခွင့် တောင်းမှု ရွေးကောက်ပွဲ ကော်မရှင် လက်မခံ