သတင်း

မန္တလေးတွင် မီနီအိုးဝေ သုံးဘီး ဆိုင်ကယ်သမား လုယက် သတ်ဖြတ်ခံရ

မန္တလေးခရိုင် ပြည်ကြီး တံခွန်မြို့နယ်နေ မီနီအိုးဝေ သုံးဘီးဆိုင်ကယ် မောင်းနှင်သူ အမျိုးသား တဦး ဇွန်လ ၁၁ ရက်ည ပိုင်းက ခရီးသည် ပို့ဆောင်ပေးရင်း လုယက် သတ်ဖြတ်ခံခဲ့ရကြောင်း အမရပူရ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

အသတ်ခံခဲ့ရသူသည် ပြည်ကြီးတံခွန် မြို့နယ် ဘ-၃ ရပ်ကွက်၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြား၊ ကျန်စစ်သားလမ်းနှင့် ဗညား ဒလ လမ်းကြားနေသူ အသက် ၃၁ နှစ် အရွယ်ရှိ ကိုအောင်ဆန်းဦး ဖြစ်ကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် မှူးက ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်မှူးက“လုယက်ပြီး အသတ်ခံခဲ့ရတယ် ဆိုတာ ဟုတ်ပါတယ်။ ဘာကြောင့် အသတ်ခံရတာ လဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ အခုတော့ လုယူသွားတဲ့ သုံးဘီး ဆိုင်ကယ်ကိုတော့ ပြန်တွေ့ထားပါပြီ။ တရားခံ တွေ ကတော့ ရှာဖွေနေဆဲပါပဲ”ဟု ပြောပြသည်။

ဇွန်လ ၁၁ ရက် နံနက်ပိုင်း အချိန်ကတည်းက ကိုအောင်ဆန်းဦးသည် သုံးဘီးမောင်းရန် အတွက် နေအိမ်မှ ထွက်ခဲ့ပြီး ည ၉ နာရီ အချိန်ခန့်တွင် ကျွဲဆည်ကန် ကားကွင်းမှ ခရီးသည်များဖြင့် မြစ်ငယ်ဘက်သို့ သွားနေကြောင်းကို ၎င်း၏ ဇနီးထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖုန်းဆက် အကြောင်းကြားပြီးနောက် ပြန်လည်အဆက်အသွယ် မရရှိခဲ့ခြင်းကြောင့် ဇွန်လ ၁၂ ရက်တွင် ကိုအောင်ဆန်းဦး ၏ မိခင်က တူဖြစ်သူ ကိုဝင်းဇော်ထံ ဖုန်းဆက်၍ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်ဟု ဆိုသည်။

ကိုဝင်းဇော်က စုံစမ်းရာတွင် ဇွန်လ ၁၂ ရက် ည ၉ နာရီ အချိန်ခန့်၌ အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာ အနီးရှိ ရွှေမုတ္တာ ဘုရားနှင့် မန္တလာ ဒီဂရီကောလိပ် ထွက်ပေါက်ကြား ကားလမ်းဟောင်း၌ လူတဦး ယာဉ်တိုက် သေဆုံး၍ ဆေးရုံ ရောက်ရှိ နေကြောင်း သတင်းရသဖြင့် သွားရောက်စုံစမ်းရာ သေဆုံးသူမှာ ညီဝမ်းကွဲ ကိုအောင်ဆန်းဦး ဖြစ်နေသည်ကို သိရှိခဲ့သည်ဟု ရဲမှတ်တမ်းများ အရ သိရသည်။

သေဆုံးသူ၏ အစ်မဝမ်းကွဲ တော်စပ်သူ တဦးက“လမ်းမှာ ကားတိုက်လို့ပါ ဆိုပြီး ငြိမ်းသုခ အသင်းကားနဲ့ မိန်းမလျာ တယောက်က လာပို့ သွားတယ်လို့ သိရပါတယ်။ သူက ပို့ပြီးပြီးချင်း ပြန်ထွက်သွားတယ်တဲ့။ ပြီးတော့ သူက ဘယ်သူနဲ့မှ ရန်ငြိုးရန်စ ရှိတဲ့သူ မဟုတ်ပါဘူး။ ကျွဲဆည်ကန် ကားကွင်းကနေ အငှား လိုက်သွားတာပါ။ လူလေးယောက်က ငှားသွား တာလို့ သိရပါတယ်။ ကျန်တာတော့ ဘာမှ မသိရသေးပါဘူး”ဟု ပြောသည်။

အခင်း ဖြစ်ရပ်နေရာသို့ သက်ဆိုင်ရာ ယာဉ်ထိန်းရဲများ ရောက်ရှိလာချိန်တွင် သေဆုံးသူ၏ သုံးဘီးဆိုင်ကယ်အား မတွေ့ ရှိဘဲ ယာဉ်တစီးက တိုက်သွားသည်ဟု ယူဆကာ ငြိမ်းသုခ နာရေးကူညီမှု အသင်းကားဖြင့် မန္တလေး အထွေထွေ ရောဂါ ကု ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူနှင့် ၁၃ ဟ/၆၅၇၀ SAMSUNG ကြော်ငြာပါ အပြာနုရောင် မီနီအိုးဝေ သုံးဘီး ဆိုင်ကယ်၊ ဆမ်ဆောင်းဖုန်း ၁ လုံးတို့ ပျောက်ဆုံးနေကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယခုအခါ သေဆုံးသူ၏ မီနီအိုးဝေ သုံးဘီး ဆိုင်ကယ်ကို မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့် လမ်း ၉၀ ရှိ မြစိမ်းရောင် ခန်း မ ရှေ့တွင် ပြန်လည် တွေ့ရှိခဲ့သော်လည်း တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

မန္တလေးမြို့ခံ စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)က“မန္တလေးက အရင်ကလို မဟုတ်တော့ဘူး။ ညတိုင်းလိုလို လုယက်ခံ နေရတဲ့ သတင်းတွေ အမြဲကြားနေရတယ်။ အဆိုးဆုံးကတော့ ဖုန်းလုတာတွေပေါ့။ ညပိုင်းအချိန် အရေးကြီး ဖုန်းလာလို့ ဖုန်းပြောနေတုန်း အလုခံရတဲ့သူနဲ့၊ အိမ်ရှေ့မှာ ထွက်ပြီး ဖုန်းပြောနေတုန်း ဆိုင်ကယ်နဲ့လာပြီး ဖုန်းလုတာမျိုးတွေ အထိ ဖြစ် နေပြီ။ အခုဆိုရင် လူကိုပါ သတ်တဲ့အဆင့်ထိ ရောက်နေပြီ။ ဒါတွေကို ဘယ်သူက တာဝန်ယူပေးမှာလဲ ဆိုတာ သိချင် တယ်”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ကို အရေးယူပေးရန် အတွက် ဇွန်လ ၁၃ ရက်တွင် သေဆုံးသူ၏ အစ်ကိုဝမ်းကွဲ တော်သူ ကိုဝင်းဇော်ဦးက တရားလို ပြုလုပ်၍ အမရပူရမြို့နယ် မြစ်ငယ် နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ် တိုင်ကြားခဲ့ရာ (ပ)၄၁၆/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၉၄/၃၀၂ အရ အမှုဖွင့်ပြီး တရားခံ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Loading