သတင်း

အပြင်မှ အော်ဟစ်၍ ခဲဖြင့်ပေါက်နေမည့်အစား အိမ်ထဲဝင် ဆွေးနွေးရန် ဦးခင်ဇော်ဦးပြော

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အိမ်အပြင်မှ အော်ဟစ်၍ ခဲဖြင့် ပေါက်နေမည့်အစား အိမ်ထဲဝင်ပြီး ငြင်းခုံ ဆွေးနွေးမှုများ ပြုလုပ်ခြင်းက ပိုကောင်းသည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးခင်ဇော်ဦး က ပြောသည်။

UPDJC အတွင်းရေးမှူး အဖွဲ့ဝင်များသည် နှေးကွေးသွားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် ရှေ့ဆက် နိုင်ရေး အတွက် အလွတ်သဘောတွေ့ဆုံ ဆွေးနွေး အဖြေရှာသည့် အစည်းအဝေးတရပ်ကို ရန်ကုန်မြို့၊ ရွှေလီ လမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဇွန် ၁၃ ရက်မှ ၁၄ ရက်ထိ ကျင်းပနေသည်။

ထိုအလွတ်သဘော အစည်းအဝေးပွဲတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူးလည်းဖြစ် UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်း ဖြစ်သည့် ဦးခင်ဇော်ဦးက အဖွင့်အမှာစကားပြောရာတွင် ထိုသို့ ထည့်သွင်းပြောသွား ခဲ့ခြင်းဖြစ်သည်။

ဦးခင်ဇော်ဦး က “အမေရိကန်သမ္မတ တဦးဖြစ်တဲ့ လန်ဒန်ဘီဂျွန်ဆင်ရဲ့စကားကို ငှားပြီးပြောရရင် အိမ်အပြင်ကနေ အော်ဟစ်ပြီး အိမ်ကိုခဲနဲ့ ပေါက်နေတာထက်စာရင် အိမ်ထဲမှာ ရှိတဲ့လူတွေအားလုံး ငြင်းခုံ စကားပြော အစည်းအဝေးတွေမှာ ဆွေးနွေးနေတာ ပိုကောင်းတယ်ဆိုတဲ့စကား တခွန်းဖြစ်ပါတယ်။ သွေဖယ်မှုတွေနဲ့ ကြုံလာရင်လည်း ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြဖို့ဖြစ်ပါတယ်။ စောစောက ကျနော် ငှားပြီးသုံးခဲ့တဲ့ စကားလို အိမ်အပြင်ကနေ အော်ဟစ် ပြီ ခဲမပေါက်ကြဘဲ အိမ်ထဲမှာ လာရောက်ပြီး ငြင်းခုံ ဆွေးနွေးနေဖို့ပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသော ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်နေသော တရားဝင် အစည်းအဝေးများ တက်ရောက်ခြင်းကို ယာယီ ရပ်ဆိုင်ကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကြေညာခဲ့သည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် အစည်း အဝေးများတွင် ပါဝင်တက်ရောက်နေမှုအားလုံးကို ယာယီရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့သည်။

ရန်ုကုန်မြို့ NRPC ရုံးတွင် ပြုလုပ်သည့် UPDJC အစည်းအဝေး (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

RCSS နှင့် KNU တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ယာယီ ရပ်ဆိုင်းကြောင်း ကြေညာမှုများက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ -၁၆ ရက်များက ကျင်းပခဲ့သော ၁၀+၁၀ ထိပ်သီး အစည်းအဝေးတွင် ခွဲမထွက်ရေး၊ တခုတည်းသော တပ်မတော် လက်ခံရေးဆိုသော အချက်အပေါ် မဆွေးနွေးနိုင်ခဲ့ခြင်းနောက်မှာ ပေါ်ပေါက်လာ ခဲ့ခြင်းဖြစ်သည်။

ယင်းသို့သော တစ်ဆိုမှုများကြောင့် UPDJC အစည်းအဝေးကို တလ (၁) ကြိမ် ကျင်းပရမည်ဟု NCA စာချုပ်တွင် ပြဌာန်းခဲ့သော်လည်း ယခု တနှစ် နီးပါးကြာမှ အလွတ်သဘော ပြန်လည် ကျင်းပနိုင်ခဲ့သလို ၁ နှစ် (၂) ကြိမ် ကျင်းပရမည်ဟု သဘောတူညီထားသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ကျင်းပပြီးနောက် ယခုအချိန်ထိ မကျင်းပနိုင်သေးပေ။

ဦးခင်ဇော်ဦး က “ဒီနေရာမှာ ပါဝင်ခွင့်ရတဲ့ သူတွေထဲမှာဘဲ အတွေးအခေါ်တွေ အမျိုးမျိုးပြောင်းလဲနေတာကို လည်း တွေ့ရတယ်။ ပုံစံတွေ အမျိုးမျိုးပြောင်းလဲ နေချင်တာကိုလည်း တွေ့ရပါတယ်။ ဘယ်လိုပဲ အတွေးအခေါ် တွေ ပြောင်းပြောင်း ဘယ်လိုပဲ ပုံစံတွေကို ပြောင်းချင်ပြောင်းချင် ဒါတွေဟာ တရားဝင် အစည်းအဝေးမှာ ပြော ဆို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဒါမှလည်း ကျနော်တို့ ဆုံမှတ်တခုကို ရောက်မှာ ဖြစ်ပါတယ်။ တရားဝင် အစည်း အဝေးတွေမှာ ပြောဆိုဆွေးနွေးရေး အခွင့်အရေးတွေ ရှိနေပါလျက်နဲ့ စားပွဲပေါ်ကို တက်မလာပဲ အပြင်ကနေ ပြောဆိုနေခြင်းမျိုးဟာလည်း စေ့စပ်ညှိနှိုင်းမှုက အကျိုးမရှိသလို အနှောင့်အယှက်တောင် ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ယာယီရပ်ဆိုင်းထားသော RCSS နှင့် KNU မှ နှောင့်နှေးသွားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများကနေ ကျော်လွှားမည်ဟု ပြော ဆို ထားကြသည်။

ဦးခင်ဇော်ဦးက “အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုတွေဟာ ယုံကြည်မှု တည်ဆောက်ရေးအတွက် အ ထောက်အကူပြုပေမယ့် အဲအလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေနဲ့ မလုံလောက်ပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့ အညီ တရားဝင် အစည်းအဝေးတွေလည်း ကျင်းပဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ခိုင်မာတဲ့ ဆက်ဆံရေးကို ကူညီ အားဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ တရားဝင် အစည်းအဝေးတွေက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ အဓိက ကျပါတယ်။ ဆုံးဖြတ်ချက်တွေ ခိုင်မာလာမှသာလျှင် အခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်ပြီး စေ့စပ် ညှိနှိုင်းမှု ဖြစ်စဉ်ကြီးကလည်း ဆက်ပြီးလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တို့မှာ တရားဝင် အစည်း အဝေးတွေ ရပ်တန့်နေတာကြောင့် စေ့စပ်ညှိနှိုင်းမှု ဖြစ်စဉ်ကြီးကလည်း ဆက်လက် မလည်ပတ်နိုင်ဘူး ဆိုတာကို ဝန်ခံကြရပါမယ်” ဟု ပြောသည်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် RCSS မှ အတွင်းရေးမှူး (၂) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်းကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ မကျင်းပနိုင်ဘဲ ဖြစ်နေခြင်းက ငြိမ်းချမ်းရေး တစ်ဆို့ နေ၍ ဖြစ်ကြောင်း၊ ထိုသို့ တစ်ဆို့နေရခြင်းကလည်း ဆွေးနွေးဖော် ဆွေးနွေးဖက်များက သူ့မူကိုယ့်မူ အသေ ဆုပ်ကိုင်ပြီး မလျှော့တမ်း ရပ်ခံ ဆွေးနွေးနေခြင်းကြောင့် ဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် UPDJC အစည်းအဝေး အဖွင့်တွင် ပြောသည်။

ဗိုလ်မှူးကြီး စိုင်းငင်း က “တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေက ဖက်ဒရယ်မူကို အဆင့်အမြင့်ဆုံး တင်ထားပြီး တင်းခံ ရပ်တည်ဆွေးနွေးခဲ့သလို တပ်မတော်ကလည်း တခုတည်းသော တပ်မတော်နဲ့ ခွဲမထွက်ရကို လုံးဝ အထိမခံဘဲ ကျားကုတ်ကျားခဲ မဆုတ်တမ်း ဆွေးနွေးတော့ ကျနော်တို့ဟာ ဆုံမှတ်ရှာမတွေ့ဘဲ တဦးကိုတဦး ယိုးမယ်ဖွဲ့ အပြစ်ဆိုရင်းနဲ့ပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တဝဲလည်လည် ဖြစ်နေခဲ့တယ်၊ အစုအဖွဲ့အကြား အခြေ အနေချင်းကမတူတော့ ဆွေးနွေးညှိနှိုင်းတဲ့နေရာမှာ သူ့ဖက်ကိုယ့်ဖက် မျှမျှတတကြည့်တတ်ဖို့လိုပါတယ်။ ကိုယ် ချင်းစာ တတ်ဖို့လိုပါတယ်၊ ဆွေးနွေးဖက်အချင်းချင်းကြား တန်းတူညီမှု၊ လေးစား အသိအမှတ်ပြုမှုတွေဟာ အရေးကြီးလှပါတယ်” ဟု ဆိုသည်။

ရန်ုကုန်မြို့ NRPC ရုံးတွင် ပြုလုပ်သည့် UPDJC အစည်းအဝေး (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

အလားတူ ၂၀၂၀ မတိုင်မီ အဓိကကျသည့် ဖက်ဒရယ် အခြေခံမူများနှင့် ဒီမိုကရေစီ အခြေခံမူများ ရရှိရန် အစိုးရ က ကြိုးပမ်းဆောင်ရွက်နေတာကို မိမိတို့ အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးသင့်သည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြော သည်။

ဦးခင်ဇော်ဦး က “ဒီနေ့နဲ့ မနက်ဖြန် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တရားဝင် အစည်းအဝေးတွေကို ဘယ်လို ပြန်စကြမလဲ၊ ဘယ်အချက်တွေက တရားဝင် အစည်းအဝေး ပြန်စ ဖို့က အတားအဆီး ဖြစ်နေတာလဲ ၊ အဲဒါတွေကို ကျနော်တို့ ပူးပေါင်းပြီးတော့ ဘယ်လို ဖြေရှင်း ကျော်ဖြတ် ကြမလဲ၊ အခု ငြိမ်းချမ်းရေးညီလာခံကို ဒီတိုင်းပြစ်ထားကြတော့မှာလား၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဘယ်အချိန်မှာ ပြန်စတင်နိုင်ကြမလဲ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ဖို့က အခက်အခဲ အတား အဆီးတွေက ဘာတွေလဲ ။ ဒါတွေကို ဘယ်လိုပူးပေါင်း ဖြေရှင်းကြမလဲဆိုတာ မိမိတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ဖြစ်ပါတယ်”ဟု ပြောသည်။

ဇွန် ၁၃ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးကိုတော့ NCA ထိုးထားသည့် လက်နက်ကိုင် (၁၀) အနက် ၉ ဖွဲ့တက်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ကတော့ တက်ရောက်ခြင်း မရှိပေ။

NCA ထိုးထားသော အဖွဲ့များမှာ KNU၊ RCSS ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။

You may also like these stories:

ငြိမ်းချမ်းရေး အပေါင်းလက္ခဏာဆောင်ရန် အကြိတ်အနယ် ဆွေးနွေးနေရ

မြေပြင်ပဋိပက္ခများ ဖြေရှင်းနိုင်ရေး အစိုးရနှင့် KNPP ဆွေးနွေး

RCSS နှင့် အစိုးရ၊ တပ်ခေါင်းဆောင်များ အမြန်ဆုံးတွေ့မည်ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading