သတင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ တရုတ် မီးရထား ကုမ္ပဏီ အလှူငွေထည့်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ရပ်ဝန်းနှင့် လမ်းအစီအစဉ်၏ အစိတ်အပိုင်း ရထားလမ်းတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေစမ်းသပ်မှု ပြုလုပ်နေသော တရုတ်နိုင်ငံပိုင် ကုမ္ပဏီနှင့် ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတခုတို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံဆော်သည့် ပရဟိတအဖွဲ့အစည်းသို့ အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်းသည်။

ကုမ္ပဏီနှစ်ခုက ကွယ်လွန်သူ မိခင်အမည်ကို အစွဲပြုခေါ်ဝေါ်သည့် ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းသို့ လှူဒါန်းသည့် ထိုအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ ထိုအလှူငွေကို နေပြည်တော်ရှိ ဥယာဉ်ခြံစိုက်ပျိုးရေသင်တန်းကျောင်းအတွက် အသုံးပြုရန်ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်ရှိ ဖေါင်ဒေးရှင်းအရာရှိများ၏ အဆိုအရ တရုတ် အစိုးရပိုင် မီးရထား ကုမ္ပဏီ  China Railway Eryuan Engineering Group (CREEG) နှင့် ပုဂ္ဂလိကပိုင် ရွှေရတနာအောင် ကုမ္ပဏီတို့သည် အလှူငွေကို ဖေါင်ဒေးရှင်း၏ အမှုဆောင်အဖွဲ့ဝင် ဒေါ်ဥမ္မာသို့ လွှဲပြောင်းပေးခဲ့သည်။

“အလှူငွေက သင်တန်းကျောင်းနဲ့ ဆက်စပ် အဆောက်အအုံတွေ တည်ဆောက်ဖို့ပါ” ဟု ဖေါင်ဒေးရှင်းမှ  မီဒီယာသို့ပြောဆိုရန် အခွင့်အာဏာမရှိသောကြောင့် အမည်မဖေါ်လိုသော  အရာရှိတဦးကပြောသည်။

တရုတ်အစိုးရပိုင် CREEG သည် တရုတ်-မြန်မာစီးပွားရေးစြင်္ကန် (CMEC)၏ အစိတ်အပိုင်းဖြစ်သော မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာနေသည်။ CMEC သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သည်။ CREEG  နှင့် မြန်မာအစိုးရ၏ မြန်မာ့မီးရထားတို့သည် ၂၀၁၈ ခုနှစ်အောက်တိုဘာလက  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ဧပြီလနှောင်းပိုင်းက ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်း ရပ်ဝန်းနှင့် လမ်း ညီလာခံအတွင်း တရုတ်နိုင်ငံသည်  မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းဖြစ်နိုင်ခြေ စမ်းသပ်မှု အစီရင်ခံစာကို မြန်မာသယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ထံ ပေးအပ်ခဲ့သည်။

ရည်မှန်းချက် ကြီးမားသည့် တရုတ်ကျောထောက်နောက်ခံပြု ထိုရထားလမ်း စီမံကိန်းသည် စီးပွားရေးအချက်အခြားနေရာ ၂ ခုဖြစ်သော မူဆယ်နှင့် မန္တလေးတို့နှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းကို ဆက်သွယ်ပြီး တရုတ်မြန်မာ ကုန်သွယ်ရေးတွင် အသက်သွေးကြောဖြစ်လာမည်ဖြစ်သည်။ ထိုစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ကုန်ကျမည်ဟု မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်၏ အဆိုအရ သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့မီးရထားမှ ကျွမ်းကျင်သူများသည် မူဆယ်-မန္တလေးရထားလမ်းဖြစ်နိုင်ခြေ အစီရင်ခံစာကို လေ့လာနေပြီး လမ်းကြောင်းများ၊ တံတားများ၊ လိုဏ်ခေါင်းများနှင့် ဘူတာရုံနေရာများနှင့်ပတ်သက်သည့် အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည်  အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းနှင့် သစ်တောတခု တည်ထောင်ရန် ရည်ရွယ်သော လရောင်တော စီမံကိန်းအတွက် နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်တွင် မြေဧက ၉၀ ကျော်ကို ကျပ် သန်း ၇၀၀ ဖြင့် လွန်ခဲ့သောနှစ်က ဝယ်ယူခဲ့သည်။  မေလတွင် ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းသည် ထိုစီမံကိန်းအတွက် ပနှက်ရိုက်ပွဲလုပ်ခဲ့သည်။

ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းက ထုတ်ပြန်သောကြေညာချက်အရ ထိုသင်တန်းကျောင်းသည် ကျောင်းပညာရေးပြီဆုံးအောင်မတက်ခဲ့ရသော လူငယ်များအတွက် သစ်တောထိန်းသိမ်းရေး သင်ကြားပေးမည်ဟု သိရသည်။ လွန်ခဲ့သော နှစ်များအတွင်း နိုင်ငံတဝန်းရေလွှမ်းမိုးမှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာဖြန့်ချိခြင်းနှင့် လှုံဆော်ခြင်းများပြုလုပ်ရန် ထိုစီမံကိန်းက ရည်ရွယ်သည်။

ပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ရေးတို့အတွက် နိုင်ငံ၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ဒေသများ၏ လိုအပ်ချက်များကို အထူးပြုပြီး ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ဒေါ်ခင်ကြည် အထိမ်းအမှတ်အဖြစ်တည်ထောင်ခဲ့သည်။

( Nan Lwin ၏ State Counselor’s Charity Receives Donation from China-Owned Company  ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန် – လူငယ်များ အရက်၊ ဆေးလိပ်၊ ကွမ်းယာ ပိုမိုသုံးစွဲလာမှု အဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် ပြော

သမ္မတနှင့် အတိုင်ပင်ခံတို့ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ပါတီ စည်းရုံးရေး လုပ်နိုင်ဟု ကော်မရှင် ပြော

မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading