သတင်း

ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးအား SNLD ကန့်ကွက်မှု ကော်မရှင် ပလပ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင် ကို ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲတွင် တရားမဲ့ ပြုကျင့်ခဲ့သည်ဟု ဆိုကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ကိုယ်စားလှယ် လောင်း ဒေါ်နန်းထွေးမှုံ က ကန့်ကွက်ထားမှုအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပလပ်လိုက်သည်။

ဦးစိုင်းပန်းဆိုင် သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သူဖြစ်သည်။

ယင်းသို့ ယှဉ်ပြိုင်ရာတွင် မဲပေးပိုင်ခွင့်မရှိသူများက မဲထည့်ခြင်း၊ ၎င်း၏ မဲရုံကိုယ်စားလှယ်သည် ပါတီအမှတ် တံဆိပ်တပ်ဆင်၍ မဲရုံစောင်ြ့ခင်း၊ မဲပေးခွင့် မရှိသူကို မဲရုံမှူးက မဲပေးခွင့်ပြုခြင်း၊ ဒုမဲရုံမှူးက မဲပေးရန် ပြောဆိုခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို ထိန်ချန် တင်သွင်းခြင်း တို့ဖြင့် ဒေါ်န်းထွေးမှုံ က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဒေါ်နန်းထွေးမှုံဘက်မှ ပါတီတံဆိပ်တပ်ဆင်ခဲ့သည် ဆိုခြင်းအတွက် သက်သေ မတင်ပြနိုင်ခြင်း၊ မဲပေးခွင့်ရှိသူစာရင်းသည် ရွေးကောက်ခံ ကိုယ်စားလှယ်နှင့် မသက်ဆိုင်ခြင်း၊ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ထိန်ချန်ခဲ့သည်ဟု မပေါ်ပေါက်ခဲ့ခြင်းကြောင့်ကန့်ကွက်မှုကို ပလပ် လိုက်ခြင်းဖြစ်ကြောင်း ဦးစိုင်းပန်းဆိုင်၏ တရားလွှတ်တော်ရှေ့နေ ဦးမျိုးဆွေက သတင်းထောက်များကို ပြောသည်။

ဦးမျိုးဆွေ က “အဲဒီလိုအချက် အလက်တွေကို သုံးသပ်လိုက်တဲ့အခါ ဒေါ်နန်းထွေးမှုံ တင်ပြစွပ်စွဲတဲ့ ဦးစိုင်းပန်းဆိုင်က ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်ပြီး အနိုင်ရတာ မဟုတ်ဘူး၊ ရွေးကောက်ခံရတာ မဟုတ်ဘူးလို့ သတ်မှတ်လိုက်တယ်။ ဒါကြောင့် ဒေါ်နန်းထွေးမှုံရဲ့ ကန့်ကွက်လွှာကို ပလပ်ပြီး တရားစရိတ် ၂ သိန်းကို ဦးစိုင်းပန်းဆိုင်ကို ပေးဖို့ အမိန့်ချလိုက်တယ်” ဟု ပြောသည်။

အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အယူခံ ဆက်တက်မည်ဖြစ်ကြောင်း ဒေါ်နန်းထွေးမှုံက ပြောသည်။

ဦးစိုင်းပန်းဆိုင် ရွေးကောက်ပွဲရုံးစည်းရုံးရေးဆင်းရာ၌ ပါဝင်ခဲ့သည့် ဝန်းရံသူများသည် ပါတီမူဝါဒအရ ၎င်းတို့ဘာသာ ပါဝင်ကူညီခြင်းဖြစ်ပြီး ကိုယ်စားလှယ်ဘက်မှ ၎င်းတို့အတွက် ငွေကုန်ကျခြင်းမရှိ၍ စာရင်း မတင်ပြခြင်းဖြစ်ပြီး စာရင်းထိန်ချန်ခြင်းမဟုတ်ဟု ပြောဆိုချက်ကို ကော်မရှင်က လက်ခံဆုံးဖြတ်သည့် သဘော ဖြစ်နေကြောင်းလည်း ကန့်ကွက်သူ ဒေါ်နန်းထွေးမှုံက  မေးခွန်းထုတ်ခဲ့သည်။

ဒေါ်နန်းထွေးမှုံ က “ငွေစာရင်းမသွင်းဘူးဆိုတာကို NLD မူဝါဒအရ မသွင်းတယ်ဆိုတာကို သူတို့လက်ခံတဲ့ အနေအထားနဲ့ ဆုံးဖြတ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ ရွေးကောက်ပွဲဥပဒေ ၇၃၊ က ခ ဂ မှာ ငွေစာရင်းကို ဘယ်လို လုပ်ရမယ်ဆိုတာ သေချာ ရေးထားပြီးသားဖြစ်ပါတယ်။ အဲဒီအတိုင်း မလုပ်ဘူးလို့ ကျမ ယူဆပါတယ်”ဟု သတင်းထောက်များကို  ဖြေကြားသည်။

SNLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင် ကလည်း “ဥပမာ ကားအစီး ၃၀ သွားတယ်ပေါ့။ ကိုယ်စားလှယ်လောင်းရဲ့ ၂ စီးစာပဲ စရိတ်ပြပြီး ကျန်တာကျ ဝန်းရံသူတွေက သူ့စရိတ်နဲ့ သူလာတာ ပေါ့နော်။ ဒါကြောင့်  ပြစရာမလိုဘူးဆိုတဲ့ အယူအဆပေါ့။ ရုံးတော်က အဲဒီလို ကောက်ချက်ဆွဲတာ။ ကျနော်တို့ဘက်ကတော့ ပြန်စဉ်းစားရမှာပေါ့” ဟု ဆိုသည်။

ယင်းကဲ့သို့ မိမိတို့ပါတီမူဝါဒအရ ဝန်းရံနိုင်သည်ဆိုလျှင် ကျန်သည့်ပါတီတိုင်းက လိုက်လံ လုပ်ဆောင်မည် ဖြစ်ပြီး ဥပဒေနှင့်လည်း ညီညွှွတ်မည်မဟုတ်ကြောင်း SNLD ပါတီဘက်က ထောက်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးစိုင်းပန်းဆိုင်၏ တရားလွှတ်တော်ရှေ့နေ ဦးမျိုးဆွေက “တကယ်တန်းတော့ ကျနော်တို့မှာ မူချထားတာ မန္တလေးတိုင်း ၂၅ မြို့နယ်မှာ ကိုယ်စားလှယ်ဟာ လှည့်ပြီးပြိုင်ရမယ်၊ သွားရမယ် ဆိုရင် ကုန်ကျမယ့်စရိတ်တွေက အများကြီး။ အဲဒါတွေကို ကျနော်တို့ NLD က ဘာလုပ်လဲ ဆိုတော့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းမှာ ဝန်မပိစေဖို့ လုပ်တဲ့သူက ကားတစီးနဲ့ လူလေးငါးယောက် လှည့်သွားတယ်။ ကျန်တဲ့သူက ဝန်းရံတဲ့သူတွေ ဝင်ကူတဲ့သူတွေ။ စေတနာရှိတဲ့သူတွေ။ အဲဒါမျိုးတွေလည်း ရှိတယ်။ အဲဒါအတွက် ထည့်တွက်လို့ မရဘူး။  စရိတ်လည်းမကုန်ဘူး” ဟု သတင်းထောက်များကို ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စများကိုသာ ခုံရုံးနှင့် သက်ဆိုင်၍ အခြားသော ပြစ်မှုများကို ခုံရုံးက ဆုံးဖြတ်နိုင်ခြင်းမရှိဘဲ သက်ဆိုင်ရာ တရားရုံးတွင် ဖြေရှင်းရမည့် ကိစ္စများဖြစ်ကြောင်း၊ ကန့်ကွက်သူ တင်ပြချက်များသည် တရားမဲ့ပြုကျင့်သည်ဟု ပေါ်လွင်အောင် တင်ပြနိုင်ခြင်းမရှိသည်ကို တွေရကြောင်း ခုံအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

ဦးအောင်မြင့် က “အခုသူတို့ပြောတဲ့အထဲမှာ အချက်တချို့က တကယ်ဟုတ်ရင်တောင် ကျနော်တို့ ခုံရုံးနဲ့ မဆိုင်ဘူး” ဟု ပြောသည်။

မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် အငြင်းပွားသူ နှစ်ဦး အပါအဝင် ငါးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၂၀၀၀ ကျော်ရှိသည့်အနက်  ၁၇၉၀၀ ကျော် လာရောက်ဆန္ဒမဲ ပေးခဲ့ပြီး ခိုင်လုံမဲ ၁၇၆၀၆ မဲရရှိခဲ့ကြောင်း  သိရသည်။

ယင်းခိုင်လုံမဲများကို NLD မှ ဦးစိုင်းပန်းဆိုင် (ခ)  ဦးစိုင်းထွန်းစိန် (ခ) ဦးကျော်စိန်က  ၇၁၆၇မဲ ( ၄၀ ဒသမ ၇၁ ရာခိုင်နှုန်း)၊ SNLD မှ ဒေါ်နန်းထွေးမှုံက ၄၆၅၂ မဲ ( ၂၆ ဒသမ ၄၂ ရာခိုင်နှုန်း ) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးစိုင်းအောင်ကြည်က ၄၁၀၃မဲ (၂၃ ဒသမ ၃၀ ) ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ  ဒေါက်တာ စိုင်းကျော်သန်းက ၉၅၄မဲ ( ၅ ဒသမ ၄၂ ရာခိုင်နှုန်း) ဦးအောင်းဌေး (တသီးပုဂ္ဂလ) က ၇၃၀ မဲ ( ၄ ဒသမ ၁၅ ရာခိုင်နှုန်းရရှိခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

You may also like these stories:

“ရှမ်း တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို တတ်နိုင်သမျှ ကူညီ ဖြေရှင်း ပေးမယ်”

SNLD အမတ်လောင်း ဒေါ်နန်းထွေးမှုံနှင့် အမေးအဖြေ

ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောနိုင်ဖို့ဆိုရင် ပုဒ်မ အားလုံးကို ပြင်ရမှာပါ

Did you find apk for android? You can find new Free Android Games and apps.
Loading