လူဦးရေ ၃ ဒသမ ၇ သန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းအား ၂၀၂၂ ခုနှစ်တွင် အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနထံမှ သတင်း ရရှိသည်။
ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာန၊ စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြသူရ က “ကီလိုဝပ်နာရီ သန်း ပေါင်း ၁၄၀၀ ကျော်လောက်ကို တနှစ်ပတ်လုံး ဓာတ်အား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည် လူဦးရေရဲ့ ၃.၇ သန်း လောက် ကို ဓာတ်အားပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ လစဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါရှင်းလင်းပွဲကို ဇွန် ၁၃ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၏တောင်ဘက် မိုင် ၂၀ ခန့် အကွာ ဒုဌဝတီမြစ် ပေါ်တွင် အကောင် အ ထည်ဖော် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေသွယ်ဥမင်လိုဏ်၏အဝင်ပိုင်းမှ ဥမင်လိုဏ်အပေါ်ခြမ်း တူးဖော်ခြင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လမှ စတင်တူး ဖော်ခဲ့ရာ ဥမင် လိုဏ်နှစ်ခုလုံးအား တိုးလျှိုပေါက် အောင်မြင်စွာ တူးဖော်နိုင်ခဲ့ကြောင်း သိရသည်။
ရေသွယ်ဥမင်လိုဏ်အမှတ် ၁ ၏ အလျား ၁၅၃၉ ပေအပေါ်ခြမ်းကို ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်က တိုးလျှိုပေါက် ဖောက်နိုင်ခဲ့ပြီး၊ ရေ သွယ်ဥမင်လိုဏ်အမှတ် ၂ မှာ အလျား ၁၇၄၉ ပေရှိကြောင်း၊ ဥမင်လိုဏ်အပေါ်အခြမ်းကို ဇွန်လ ၁ ရက်နေ့တွင် တိုးလိျှပေါက် အောင် မြင်စွာ တူးဖော်ပြီးစီးနိုင်ခဲ့ကြောင်း ဦးမြတ်သူရ က ရှင်းပြသည်။
ထို့ပြင် ရေသွယ်ဥမင်လိုဏ်၏ ဥမင်လိုဏ်အောက်ပိုင်းအခြမ်း တူးဖော်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက် နေပြီး တူးဖော်ပြီးစီးပါက အထူ ၃ ပေရှိ သံကူကွန်ကရစ်လိုင်နင် သွန်းလောင်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက် မည်ဖြစ်ပြီး၊ ရေသွယ်ဥမင်လိုဏ် တည် ဆောက်ခြင်းလုပ်ငန်းများ၊ အခြားရေအားလျှပ်စစ်ဆိုင်ရာ ဆက်စပ် အဆောက်အအုံ များကို ဆက်လက် ဆောင်ရွက်မည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မှ သိရသည်။
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် စက်တလုံးလျှင် တပ်ဆင်စက်အား ၇၀ မဂ္ဂါဝပ်ရှိသည့် စက်လေး လုံးတပ်ဆင်မည်ဖြစ်ပြီး စုစုပေါင်းတပ်ဆင်စက်အား ၂၈၀ မဂ္ဂါဝပ် ရှိကြောင်း၊ လက်ရှိအချိန်တွင် စီမံကိန်း တ ခုလုံး၏ ၃၉ ဒသမ ၅၄ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ပျှမ်းမျှ လျှပ်စစ်ဓာတ်အား ၁၄၀၉ သန်း ကီလိုဝပ်နာရီထုတ်လုပ်ဖြန့်ဖြူး နိုင်မည်ဖြစ်ပြီး ထွက်ရှိ လာမည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားကွန်ရက်စနစ်မှ တနိုင်ငံလုံးသို့ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကာ လူဦးရေ ၃ ဒသမ ၇ သန်း၊ နိုင်ငံလူဦးရေ စုစုပေါင်း၏ ၆ ဒသမ ၆ ရာခိုင်နှုန်းအား လျှပ်စစ် ဓာတ်အား တိုးတက်ဖြန့်ဖြူးပေး နိုင်မည်ဖြစ်ကြောင်းသိရ သည်။
အဆိုပါ စီမံကိန်းကို ၂၀၀၈ ခုနှစ် တပ်မတော်အစိုးရ လက်ထက်တည်းက ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး၊ ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်လာခဲ့ကြသည်။
အဆိုပါ စီမံကိန်း ပြီးစီးပါကလည်း လူထုများအတွက် အန္တရာယ် ရှိနိုင်သဖြင့် ရေကာတာ တည်ဆောက်ရေး ဘတ်ဂျက်ကို လျော့ချပေးရန် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းသန့်ဇင်က ပြီးခဲ့သည့် လွှတ်တော်တွင် ဆွေးနွေးခဲ့ဖူးသည်။
သို့သော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထွန်းနိုင်က စိုးရိမ်စရာ မရှိကြောင်း လွှတ်တော်သို့ တင်ပြခဲ့ပြီး၊ မဲခွဲဆုံးဖြတ်ရာတွင် ရေကာတာ တည်ဆောက်ရန် ထောက်ခံသူ ၅၀၀ ကျော်ပြီး ကန့်ကွက်မဲ နည်းသဖြင့် တည်ဆောက် ရန် အတွက် ဘတ်ဂျက် ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ သန်းခန့်) တိုးချပေးရန် အတည်ပြုခဲ့သည်။
အဆိုပါ စီမံကိန်းဆောက်လုပ်ရန် အတွက် ၎င်းပတ်ဝန်းကျင်အနီးရှိ တာလုံ ကျေးရွာမှာ ရွေ့ပြောင်းရမည်ဖြစ်ပြီး အဆိုပါကျေးရွာ ရွေ့ ပြောင်း ရန်အတွက် ရွာသူ၊ ရွာသားများနှင့် ညှိနှိုင်းဆောင်ရွက်ချက် တချို့ပြုလုပ်ပြီး ဖြစ်ကြောင်း၊ သို့သော်လက်ရှိတွင် ရွာသားများနှင့် ညှိနှိုင်းမှု မပြီးစီးသေးကြောင်း ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အတွင်းရေးမှူး ဦးအောင်ဇော်မြင့် က ဧရာဝတီသို့ ပြောသည်။
၎င်းက “အဲ့ဒီနားက ရွာတရွာ ရွေ့ရမှာ အဲ့ဒီ ရွာသားတွေနဲ့လည်း ညှိနှိုင်းပြီးပါပြီ။ မြေကွက်လည်း ပြန်ပေးမယ်။ အဲ့ဒီရွာကို ဝင်လို့ မလွယ် ဘူးလို့ ပြောတယ်။ တခြား အဖွဲ့အစည်းတွေက ရှိနေတော့ ဝင်ဖို့ မလွယ်ဘူး ဖြစ်နေတာ” ဟု ဆက်ပြောသည်။
အနာဂတ် စီမံကိန်းများ အနေဖြင့် နမ္မတူ (သီပေါ) စီပေါ စီမံကိန်း ၂၁၀ မဂ္ဂါဝပ်အားလည်းကောင်း၊ အလယ် ရဲရွာ စီမံကိန်း ၇၃၅ မဂ္ဂါဝပ် အားလည်းကောင်း၊ ဒီးဒုတ်စီမံကိန်း ၆၀ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်ရန် အတွက် စီစဉ်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မှသိရသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်ပေးသည့် လျှပ်စစ် ဓာတ်အားများကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရယူသုံးစွဲလျက်ရှိပြီး မြန်မာတနိုင်ငံလုံး လျှပ်စစ် ဓာတ်အား သုံးစွဲမှု၏ ရာခိုင်နှုန်း ၅၀ ခန့်မှာ ရန်ကုန် မြို့မှ သုံးစွဲနေခြင်း ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့် က “လက်ရှိ ဒီနေ့ အထိ ဆိုရင် တနိုင်ငံလုံးမှာ သုံးနေတာက ၄၀၀၀ လောက်ရှိတယ်။ ထုတ်ပေးနိုင်တာက ၃၁၀၀ ၊ ၃၀၀၀ ဝန်းကျင်လောက် ရှိတယ်” ဟု ယနေ့ ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။
၂၀၁၇ ခုနှစ်ကလည်း ရန်ကုန်မြို့၌ လျှပ်စစ် လုံလောက်စွာ ရရှိစေရန် အတွက် တူရကီ နိုင်ငံမှ မဂ္ဂါဝပ် ၃၀၀ ခန့် ထုတ်လုပ်မည့် လျှပ်စစ် ဓာတ်အားပေး သင်္ဘောများနှင့် လာရောက်ပြီး ဓာတ်အား ဖြန့်ဖြူးပေးရန် အစိုးရက စီစဉ်ခဲ့သည်။ သို့သော် ဘတ်ဂျက် မရှိ၍ ယင်းအစီ အစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော်ကို ဓာတ်အား ဖြန့်ဖြူးပေးနေရ သဖြင့် ရာခိုင်နှုန်း အရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ် လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
လျှပ်စစ်မီးမှန်အောင် အစိုးရ လုပ်ဆောင်နိုင်မလား
ဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း ၁၃၀၀ ကျော် မီးလင်းရန် ဆောင်ရွက်ပေးမည်
တရုတ်မှ လျှပ်စစ် ဓာတ်အား ဝယ်မည်
လျှပ်စစ်မီး လုံလောက်ရေး ပြင်သစ် ချေးငွေရယူရန် လွှတ်တော် အတည်ပြု