စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင်နှင့် ကန့်ဘလူ ခရိုင်များတွင် ဖျက်အားပြင်း ငမြှောင်တောင်ပိုးများ ကျရောက်မှု ကြောင့် ပြောင်းစိုက်ခင်း ဧက ၂၀၀ ကျော် ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျက်အားပြင်း ငမြှောင်တောင်ပိုးများ (Fall army worm-FAW) သည် ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်များရှိ ကျေးရွာ ၈ ရွာတွင် ကျရောက်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံ ကာကွယ်ရေး ဌာနမှ ဦးစီးအရာရှိ ဒေါ်အမာချိုက ပြောသည်။
၎င်းက“မနှစ်က ကန့်ဘလူ၊ ကျွန်းလှဘက်မှာ ငမြှောင်တောင် ပိုး ကျခဲ့တယ်။ စစ်ကိုင်းတိုင်းရဲ့အနေအထားက ငမြှောင် တောင်ပိုး ကြိုက်တဲ့ ရာသီဥတု အခြေအနေကြောင့် ကျမတို့ အနေနဲ့ ငမြှောင်တောင်နဲ့ ပတ်သက်တာကို တပ်လှန့်ထား ပြီးသား ဖြစ်ပါတယ်။ ငမြှောင်တောင်က ပူအိုက်စွတ်စိုတဲ့ ရာသီဥတုကို ကြိုက်တဲ့ သဘာဝ ရှိတယ်။ ဒီနှစ်မှာ ရာသီဥတု က ပူပြင်း ခြောက်သွေ့ပြီး မိုးခေါင်ခဲ့တော့ ကန့်ဘလူ၊ ကျွန်းလှဘက်မှာ ပိုးက ကျထားပြီးသား ဆိုတော့ အဲဒီဘက်ကနေ ကူး လာတယ်လို့ သုံးသပ်ပါတယ်”ဟု ပြောပြသည်။
ဖျက်အားပြင်း ငမြှောင်တောင်ပိုး ကျသည့် ကျေးရွာများမှာ ရွှေဘိုခရိုင်တွင် ရေဦးမြို့နယ်ရှိ ဇီးကန်၊ အင်ပင်၊ ပင်စိမ်းခင်း ကျေးရွာများ၊ ခင်ဦးမြို့နယ်ရှိ မုံလှ၊ ကျွန်းတောကြီး၊ ယာတော်၊ အင်တိုင်းလေး ကျေးရွာများနှင့် ကန့်ဘလူ မြို့နယ်ရှိ ကာဘိုး ကျေးရွာများ ဖြစ်ကြောင်း သိရသည်။
ဒေါ်အမာချိုက“သတင်းရရခြင်း ကျမတို့ အနေနဲ့ ကွင်းဆင်းပြီး ကင်းထောက်လိုက်ပြီးတော့ ခရိုင်နဲ့မြို့နယ် ပေါင်းပြီး ကျ ရောက်တဲ့ ပိုးအဆင့်ကို ကြည့်ရှုခဲ့တယ်။ အဲဒီမှာ ပိုးကျမှုက တကယ် ဖြစ်နေတော့ ကျမတို့ အနေနဲ့ တောင်သူတွေကို အသိ ပညာပေးခြင်းနဲ့ စုပေါင်း ဆေးဖြန်းပွဲလုပ်မှ ရမယ့် အခြေအနေ ဖြစ်တာကြောင့် ပိုးကျနေတဲ့ ပြောင်း ၁၀ ဧက ကို စုပေါင်း ဆေးဖြန်းပွဲ လုပ်ခဲ့ပါတယ်”ဟု ဆက်လက် ပြောသည်။
ရေဦးမြို့နယ် ဇီးကန် ကျေးရွာမှ ပြောင်းစိုက်တောင်သူ ကိုမင်းမင်းက“ပိုးကျတာ အပင်တွေ စုတ်ပြတ်သတ်နေတာကို တွေ့တယ်။ အဲဒီမှာ ကြည့်လိုက်တော့ ပြောင်းခင်း အလိပ်ကြားထဲမှာ ငမြှောင်တောင်ပိုးတွေကို တွေ့တယ်။ ညွှန်ကြား တဲ့ ဆေးကိုပဲ အခုတော့ ဖြန်းထားပါတယ်”ဟု ပြောသည်။
ငမြှောင်တောင်ပိုးသည် စစ်ကိုင်းတိုင်း အတွင်း၌ ပထမဦးဆုံး အကြိမ် ကျရောက်ခြင်း ဖြစ်ပြီး ပိုးကျရောက်မှုကို အဆင့် ၆ ဆင့် သတ်မှတ်ထားရာ အဆင့် ၃ အထိမှာ ဆေးဖြန်းမှုသည် ပြင်ပ၌ ဖြန်းရုံဖြင့် ပိုးသေစေနိုင်ပြီး အဆင့် ၄ မှ အဆင့် ၆ အထိ ရောက်ရှိသွားလျှင် ဆေးဖြန်းရန် ခက်ခဲမှုများ ရှိကြောင်း သိရသည်။
ရေဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဒေါ်အိအိခိုင်က“အခုကျတဲ့ ပိုးက ငမြှောင်တောင်ပိုးပါ။ သူက ဖျက်ဆီးမှုနှုန်းက တအားမြန်တယ်။ သူကျလိုက်ပြီ ဆိုရင် အကုန်ကုန်သွားပြီး ဘာမှ ရလိုက်မှာတော့ မဟုတ်ပါ ဘူး။ သူက ဥကနေ အကောင် ပေါက်လာပြီး လောက်ကောင် အဆင့်မှာ ဖျက်ဆီးတယ်။ ဒါကြောင့် အကောင်ရဲ့ ကျော ကုန်းမှာ အမွှေး ပေါက်မလာခင်မှာ ထိသေစားသေလို ဆေးမျိုးသုံးပြီး ဖြန်းနိုင်မယ် ဆိုရင် နှိမ်နှင်းရတာ လွယ်လိမ့်မယ်” ဟု ပြောသည်။
စိုက်ခင်းများတွင် ငမြှောင်တောင်ပိုး စတွေ့ရာမှ တောင်သူများက စိုက်ပျိုးရေး ဌာနသို့ အကြောင်းကြားခဲ့ သဖြင့် ယခု အခါကာကွယ် နှိမ်းနင်းမှုများနှင့် နည်ပညာပေး လုပ်ငန်းများကို အချိန်မီ လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
ခင်ဦးမြို့နယ် ကျွန်းတောကြီး ကျေးရွာမှ ပြောင်းစိုက် တောင်သူ ကိုကျော်စိုးက“စိုက်ပျိုးရေး အနေနဲ့ အခုလိုလာပြီး အသိ ပညာတွေ ပေးတာ ကျနော်တို့ အတွက်လည်း နည်းစနစ်တွေ ရပါတယ်။ အားလုံးစုပေါင်းပြီး ဆေးဖြန်းလို့ ပိုး သေခဲ့မယ် ဆို ရင် နောက်လာမယ့် ဘေးကြား စပါး၊ ကောက်ကြီး စိုက်ချိန် အတွက် ပိုးကျတာ သက်သာမယ်လို့တော့ ထင်ပါတယ်” ဟု ပြောသည်။
အဆိုပါ သီးနှံ ကာကွယ်ရေး ပညာရှင်များက Fall army worm-FAW အဖြစ် သတ်မှတ်ထားပြီး ဖျက်ဆီးအားပြင်း ပိုးဖြစ် သောကြောင့် Indozacart 11% နှင့် Emaneptin 2% ပါဝင်သော ဆေးအမျိုးအစားနှင့် Emamectin Benzoate ဆေး အမျိုးအစားများကို တဧကလျှင် 200-300 CC နှုန်းဖြင့် ပက်ဖျန်း၍ နှိမ်နှင်းရန် နှိုးဆော်ထားကြောင်း သိရသည်။
ဒေါ်အမာချို က“အခုကျတဲ့ပိုးက ဖျက်အားပြင်းတာကြောင့် ပိုးသတ်ဆေးဖြန်းတော့မယ် ဆိုရင် တဦးတယောက်တည်း လုပ်ဆောင်လို့ မရပါဘူး။ တကွင်းတစပ်တည်းမှာ ရှိတဲ့ တောင်သူတွေ စုပေါင်းပြီး အားလုံး တပြိုင်တည်း ဆေးဖြန်းဖို့ လို အပ်တာကြောင့် ကျမတို့ အနေနဲ့ ပညာပေး လမ်းညွှန်မှုတွေကို လုပ်ပေးနေပါတယ်။ နောက်လာမယ့် ဆောင်းသီးနှံ မှာ လည်း ဆက်ကျလာနိုင်မယ့် အခြေအနေရှိတာကြောင့် အချိန်နဲ့ တပြေးညီ ကွင်းဆင်းပြီး ပိုးနှိမ်နှင်း ကာကွယ်ရေး လုပ်ငန်းကို လုပ်ဆောင်ပေးနေတာပါ”ဟု ပြောသည်။
ရွှေဘိုခရိုင် အတွင်း၌ ပြောင်းစိုက်ဧက ၁၇၀၀၀ ကျော် ရှိကာ ရွှေဘိုခရိုင်သည် စပါးကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ် ပြီး စပါးစိုက်ဧက ၉ သိန်းခန့်ရှိကာ၂၀၁၃ ခုနှစ်က ဆစ်ပိုး အကြီးအကျယ် ကျခဲ့၍ စပါးစိုက်ခင်းများ ပျက်စီးမှုရှိခဲ့ရာ ဒေသခံေ တာင်သူများသည် ပိုးကျခြင်းနှင့် ပတ်သက်၍ အသိပညာများ ရှိနေပြီ ဖြစ်သည်ဟုလည်း ဆိုသည်။
ငမြှောင်တောင်ပိုး ကျနေသည့် ပြောင်းပင်များသည် သက်တမ်း အများဆုံး ၆၅ ရက်သားခန့် သာရှိပြီး ပိုးမှာ စတင် ပေါက် ဖွားချိန်ဖြစ်၍ ကာကွယ် နှိမ်နင်းရန် လက်ဦးမှု ရရှိခဲ့ခြင်းကြောင့် ပျက်စီးဧက မရှိခဲ့ဘဲ ဇွန်လ၂၀ ရက် မတိုင်မီ အပြီးသတ် နှိမ်နင်းသွားမည် ဖြစ်ကြောင်း သီးနှံကာကွယ်ရေး ဌာနက ပြောသည်။
ငမြှောင်တောင်ပိုးကို အမေရိကန် နိုင်ငံတွင် စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အရွက်အချွန်အရှည်အပင်မျိုး မျိုးစိတ် ၈၀ ခန့် တွင် ကျရောက်တတ်ကာ ပြောင်းမျိုးကို ပို၍ ကြိုက်နှစ်သက်ကြောင်း သိရသည်။
၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ကာ အာရှ နိုင်ငံများသို့ ပျံ့နှံ့လာသည့် ငမြှောင်တောင်ပိုးသည် ပျံ့နှံ့မှု အား အလွန်ကောင်း သည့် မျိုးဆက် ဖြစ်ပြီး ပိုးသတ်ဆေးဒဏ် ခံနိုင်ရည် ရှိနေသဖြင့် နှိမ်နင်းရခက်သည့် ပိုးဖြစ်သလို သီးနှံများ၏ အသီး၊ အရွက်၊ အပွင့်မျိုးစုံကို စားသောက် အသက်ရှင်နိုင်သဖြင့် ဒေသတွင်း ခြိမ်းခြောက်မှု ကြီးမားသော ပိုးလည်း ဖြစ်သည်။
ငမြှောင်တောင် ပိုးသည် အိန္ဒိယမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ လည်းကောင်း ထိုမှ တဆင့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် မြန်မာ နိုင်ငံသို့ ဆက်လက် ပျံ့နှံကာ ပြောင်းခင်းများ၌ စတင် တွေ့ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
ငမြှောင်တောင်ပိုး ကျရောက်မှု အန္တရာယ် ဆည်မြောင်းဝန်ကြီးဌာန သတိပေး