ကချင်ပြည်နယ် ဖားကန့် ဒေသအတွင်း ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်များကို မိုးတွင်းကာလ၌ သုံးလ ရပ်နားရ မည်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။
အဆိုပါ ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးသန်းဇော်ဦးက“သဘာဝ ဘေးကို တားဆီး ကာကွယ်နိုင်အောင် အခုလို ၃ လ ရပ်နားလိုက်တာပါ”ဟု မီဒီယာများကို ပြောသည်။
ဖားကန့် ကျောက်လုပ်ကွက်များကို ဇွန်လ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက် အထိ ရပ်နားထားမည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိ အခြေအနေ၌ နွံကန်ပြိုကျခြင်း၊ မြေပြိုခြင်း တို့ကြောင့် သေဆုံးမှုများ၊ စက်ယန္တရားနှင့် လူနေအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး လူမှုဒုက္ခများစွာ ခံစား နေရသောကြောင့် ဖြစ်ကြောင်း ဦးသန်းဇော်ဦး က ရှင်းပြသည်။
မြန်မာ့ ကျောက်မျက် ရတနာ နည်းဥပဒေ မထွက်ရှိသေးခင် ဖားကန့်ဒေသတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက်လည်း ထိုကဲ့သို့ ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက သိရသည်။
ဖားကန့် လုပ်ကွက်များသည် မိုးတွင်း ကာလတွင် ရေဝင်ခြင်းကြောင့် တူးဖော်ရေး လုပ်ငန်းများ မလုပ်နိုင်ကြသည့် အချိန်တွင် ဝန်ကြီးဌာနမှ ဥပဒေသစ်တွင် ပါရှိသော လုပ်ကွက် အကျယ်အဝန်း တိုင်းတာ သတ်မှတ်ခြင်းများကို လုပ်ဆောင်မည် ဖြစ်ကာ ဥပဒေသစ် အရ ဝန်ကြီးဌာနဘက်မှ လိုအပ်သော အမိန့် ထုတ်ပြန်၍ တားမြစ်နိုင်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဆိုသည်။
တူးဖော်ရေး လုပ်ငန်းများ ထိုသို့ ပိတ်သိမ်းရခြင်းမှာ မိုးတွင်း ကာလ၌ ဖားကန့် ဒေသတွင် မိုးများခြင်း၊ မြေပြိုခြင်း၊ အသက် အန္တရာယ်နှင့် ကြုံတွေ့ရသဖြင့် ယခုကဲ့သို့ တားဆီး ကာကွယ်သည့် အနေဖြင့် တားမြစ်ခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးကလည်း ပြောသည်။
ဦးတင့်စိုးက“ပိတ်သိမ်းပြီး နောက်ဆက်တွဲ ပြဿနာက လုပ်ကွက်တွေထဲကို အင်နဲ့အားနဲ့ ဝင်ရောက် လုပ်ကိုင်တဲ့ သူတွေလည်း ရှိတယ်။ ကျူးကျော် နေထိုင်တဲ့ သူတွေလည်း ရှိလာတယ်”ဟု ပြောပြသည်။
ထိုသို့ ပိတ်သိမ်း ကာလတွင် မနားဘဲ ခိုးတူးပါက ကျောက်မျက် ဥပဒေ အရ အရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ ဦးသန်းဇော်ဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း နှစ်စဉ် မေလမှ စက်တင်ဘာလ အထိ လုပ်ကွက်များ ပိတ်သိမ်းရန် အမိန့် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ကုမ္ပဏီများက လုပ်ကွက်သက်တမ်း ကုန်ဆုံးခါနီး ဖြစ်၍ ကျန်ရှိ အချိန်အတွင်း၌ မိုးတွင်း ကာလတွင်ပါ တူးဖော်ခြင်းများ ရှိကြကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
မိုးရာသီ ကာလ အတွင်း ကျောက်စိမ်းရိုင်းများ တူးဖော် ထုတ်လုပ်ရန် အတွက် မြေစာများ စွန့်ပစ် စုပုံခြင်းကြောင့် မြေစာပုံများ ပြိုဆင်းလျှောနိုင်ခြင်း၊ မြေစာများက ချောင်းများ အတွင်းသို့ စီးဝင်နိုင်ခြင်း၊ စက်ယန္တရားများ၊ မြေသယ် ယာဉ်များ ထိခိုက်ခြင်း၊ တိမ်းမှောက်ခြင်းနှင့် အများပြည်သူ အတွက် ယာဉ် မတော်တဆမှု စသည့် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် အမျိုးသား လွှတ်တော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီက အကြံပြုချက် ပေးပို့ထားကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် အကြီးစား သတ္တုတွင်း လုပ်ကွက်များ လုပ်ကိုင်ခွင့် လိုင်စင်ကို ထပ်မံ သက်တမ်းတိုး ပေးခြင်း မရှိတော့ပေ။
ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့် ရတနာ နယ်မြေတွင် ၂၀၁၉ ခုနှစ် မေလ အထိ တူးဖော် လုပ်ကိုင်ခွင့် သက်တမ်း ကျန်ရှိ သေးသော ကုမ္ပဏီပေါင်း၂၁၃ ခုက ကျောက်စိမ်းနှင့် ကျောက်မျက် လုပ်ကွက်ပေါင်း ၁၀၀၀ ကျော်တွင် တူးဖော် လုပ်ကိုင်နေကြောင်း သတ္တုတွင်း ဦးစီးဌာန စာရင်းများ အရ သိရသည်။
ယခုနှစ် ဧပြီ ၂၂ ရက်က ဖားကန့်ရှိ နွံကန် ကျိုးပေါက်မှုကြောင့် ကုမ္ပဏီ၂ ခုမှ လုပ်သား ဝန်ထမ်း ၅၄ ဦး နွံကန်ရေများ နှင့် အတူ နစ်မြုပ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃ ရက်၊ ၂၅ ရက်တွင်လည်း ထပ်မံ ဖြစ်ပွားသည့် ဖြစ်စဉ်ကြောင့် လူ ၄ ဦး ထပ်မံ သေဆုံးခဲ့သည်။
ထိုသို့ ယာယီ ရပ်နားစဉ် ကာလအတွင်း မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်မှု မရှိစေရေး အတွက် ကျောက်မျက် ရတနာ ကုမ္ပဏီများ အနေဖြင့် လိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
You May Also Like These Stories: