ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများ အဖွဲ့၏ အလွတ်သဘော အစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပါ။
အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ဇွန် ၁၃ ရက်မှ ၁၄ ရက်ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ က “ကျနော်တို့ နားလည်တာတော့ ကရင်အမျိုးသား အစည်း အရုံးမှာလည်း အစည်းအဝေးတွေ အရေးကြီးတယ်၊ သူတို့ရဲ့ အလုပ်အမှု ဆောင် အစည်းအဝေးတွေ ရှိတယ်လို့ ပြောကြတာပေါ့၊ အဲဒါကြောင့် မတက်တာဖြစ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
အစိုးရဘက်က UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော ဆွေးနွေးပွဲကို တက်ရောက်ပေးရန် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့လုံးကို ဖိတ်ကြားခဲ့ကြောင်း အစိုးရနှင့်နီးစပ်သူ တဦးက ပြောသည်။
အစည်းအဝေး တက်ရောက်ခဲ့သော UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့် ကလည်း “KNU ကတော့ သူတို့ကတော့ သူတို့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း တရားဝင် အစည်းအဝေးတွေမှာ မတက်ဘူးလို့ ပြောတာပေါ့လေ၊ ဒီပွဲကလည်း တရားဝင်တော့ မဟုတ်ပါဘူး၊ အလွတ်သဘောဆွေးနွေးပွဲပါ။ ဒါကိုတော့ တက်ခြင်း မတက်ခြင်းအပေါ်မှာတော့ သက်ဆိုင်သူကို မေးမြန်းတာတော့ ပိုကောင်းပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးသို့ မည်သည့်အတွက်ကြောင့် မတက်ရောက် သလဲဆိုခြင်းနှင့်ပတ်သက်ပြီး KNU မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိသဖြင့် သီးခြား မှတ်ချက်ဖော်ပြနိုင်ခြင်းမရှိပါ။
ဦးစိုင်းကျော်ညွန့် က “ဒါကတော့ အဖွဲ့အစည်းတရပ်ရဲ့ ကိစ္စပေါ့။ ကျနော်တို့ များများစားစား ဝေဖန်ဖို့ မရှိပါဘူး။ သူတို့ကလည်း သူတို့ရဲ့ ရပ်တည်မှုနဲ့သူတို့ လုပ်တယ်လို့ ကျနော်တို့က မြင်တယ်ပေါ့လေ။ ဒါတော့ ဟိုဖက်ဒီဖက် နားလည်မှု လွဲမှားတဲ့ အတိုင်းအတာ တခုခုကြောင့်လည်း ဖြစ်နိုင် တယ်လို့ ကျနော်တို့က အဲလောက်ပဲ သုံးသပ်လို့ ရတယ်ပေါ့ဗျာ” ဟု ပြောသည်။
KNU သည် အစိုးရ-တပ်မတော်-လွှတ်တော် ထိပ်သီး ၁၀ ဦးနှင့် NCA ထိုး လက်နက်ကိုင် ၁၀ ဖွဲ့မှ ထိပ်သီး ၁၀ ဦးတို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅-၁၆ ရက်များက ၁၀+၁၀ ထိပ်သီး အစည်းအဝေး တရပ် ကျင်းပခဲ့ပြီး ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တခုတည်းသော တပ်မတော်၊ ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရေး စသဖြင့် ဆွေးနွေးခဲ့ကြရာမှ အဆင်မပြေဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများ တက်ရောက်နေခြင်းအပေါ် ယာယီ ရပ်ဆိုင်းကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ကြေညာခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှေးကွေးသွားခြင်းနှင့် ရှေ့ဆက် မရဖြစ်နေသော အခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးသို့ KNU တက်ရောက်လာခြင်း မရှိသော်လည်း NCA ထိုးထားသော လက်နက်ကိုင် ၉ ဖွဲ့တက်ခဲ့ကြ သည်။
အစည်းအဝေးတွင် တရားဝင် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရေး အဖြေရှာ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေး ချက်များကို သက်ဆိုင်ရာ ခေါင်းဆောင်များသို့ တင်ပြနိုင်ရေးလည်း သဘောထား စုစည်းခဲ့ကြကြောင်းနှင့် ဇူလိုင်လထဲမှာ ထက်မံ၍ UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေး ကျင်းပရန်လည်း အဆိုပြုခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ဆိုသည်။
လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တနှစ်လျှင် (၂) ကြိမ် ကျင်းပရန် သဘောတူထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ကျင်းပပြီးနောက်ပိုင်း ယခုတိုင် မကျင်းပနိုင်သေးဘဲ ဖြစ်နေသကဲ့သို့ တလ (၁) ကြိမ် ကျင်းပရန် သတ်မှတ်ထားသော UPDJC အစည်းအဝေးများလည်း မကျင်းပနိုင်ဘဲ ဖြစ်နေပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အစည်းအဝေးများလည်း မကျင်းပနိုင်ဘဲ ဖြစ်နေသည်။
အဆိုပါ အရေးကြီးသော အခန်းကဏ္ဍများ ကျင်းပနိုင်မှု မရှိရခြင်းကလည်း ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော် အပေါ် အစိုးရ-တပ်မတော်နှင့် NCA ထိုး လက်နက်ကိုင်အဖွဲ့တချို့ကြား သဘောတူညီမှု မရယူ နိုင်ပဲ ဖြစ်ကာ အစည်းအဝေးတက်ရောက်မှုများ ယာယီရပ်ဆိုင်းကြောင်း ကြေညာလာခဲ့သော အခြေအနေများ ကြောင့် ဖြစ်ကြောင်း သိရသည်။
တဖက်မှာလည်း KNU သည် NCA ထိုးထားသော ၁၀ ဖွဲ့အနက် ၈ ဖွဲ့ဖြင့် စုဖွဲ့ထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ဖျက်သိမ်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) ကို ဖွဲ့စည်း ရန်အဆိုပြုလာခြင်းကြောင့် NCA ထိုးအဖွဲ့များကြား သဘောထားများ ကွဲလွဲနေပြီး ညှိနှိုင်းနေကြဆဲပင်။
အလားတူ အစိုးရဘက်ကလည်း PPST ကို ငြိမ်းချမ်းရေး ဆွေးနွေးဖက်အဖြစ် သတ်မှတ်ထားပြီး PPCM ကို လက်ခံရန် ခက်ခဲကြောင်း အစိုးရနှင့်နီးစပ်သူများထံက သိရသည်။
NCA ထိုးထားသော အဖွဲ့များမှာ KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။