တောင်ကိုရီးယား နိုင်ငံသည် နိုင်ငံလူဦးရေထက် သုံးစွဲနေသော စမတ်ဖုန်းအရေအတွက် ပိုမိုများပြားပြီး ဆက်သွယ်ရေး အသုံးပြုမှု အများဆုံး နိုင်ငံများအနက်တခုဖြစ်သည်။ သို့သော် နယ်ခြားမျဉ်း ၃၈ မျဉ်းပြိုင် တဖက်တွင်လည်း မြောက်ကိုရီးယား နိုင်ငံသားများသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိသော မိုဘိုင်းဆက်သွယ်ရေး၏ အကျိုးကျေးဇူးများကို စတင် ခံစားနေကြပြီဖြစ်သည်။
အထီးကျန် မြောက်ကိုရီးယားနိုင်ငံသည် စမတ်ဖုန်းများ စတင် ထုတ်လုပ်နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်ပြီး အာရီရန်း၊ ပြုံယမ်းနှင့် ဂျင်ဒါလေ အမည်ရှိ ကုန်အမှတ်တံဆိပ် ၃ ခု ရရှိနိုင်ပြီဖြစ်သည်။ စမတ်ဖုန်း အသုံးပြုသူ အရေအတွက်မှာ ၂၀၁၇ ခုနှစ်က ၃. ၈ သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၁၅ ရာခိုင်နှုန်းရှိသည်ဟု တောင်ကိုရီးယား စာရင်းဌာန၏ အဆိုအရ သိရသည်။ တရုတ်မိုဘိုင်းဖုန်း အသုံးပြုသူ အများအပြားလည်း ရှိသည်။
မြောက်ကိုရီးယား နိုင်ငံမှ ထွက်ပြေးလာသူ အသက် ၅၀ အရွယ် လီသည် လွန်ခဲ့သော ၅ နှစ်က တောင်ကိုရီးယားသို့ စတင်ရောက်ရှိချိန်တွင် တောင်ကိုရီးယားနိုင်င ံ၏ တိုးတက်မှုများကို အံ့သြနေခဲ့ပြီး ဆိုးလ်ရှိ စည်ကားလှသော ဈေးရပ်ကွက်နှင့် KTX ကျည်ဆံရထား တို့ကြောင့် အသက်ရှူရပ်မတတ် ဖြစ်ရကြောင်း ပြောသည်။ သို့သော် စမတ်ဖုန်းများမှာမူ သူကျွမ်းကျင်သော အရာဖြစ်ကြောင်း သူက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံမှ ဆွေမျိုးတဦးက ဖုန်းဆက်ရန်၊ စာတိုပို့ရန်နှင့် ရိုးရှင်းသော ဂိမ်းများ ကစားရန် ၎င်းကို တရုတ်စမတ်ဖုန်း တလုံးပေးကြောင်း သူက ပြောသည်။
“ပြုံယမ်းမှာ နေထိုင်သူ အများစုက စမတ်ဖုန်းတွေ သုံးကြတယ်” ဟု မျိုးရိုးအမည်ဖြင့်သာ ထုတ်ဖော် ရေးသားရန် တောင်းဆိုသော လီကပြောသည်။
“ပထမတော့ အဲဒီဖုန်းတွေကို ကုန်သည်တွေ၊ ပါတီအရာရှိတွေနဲ့ အလျှင်အမြန် ဆက်သွယ်ဖို့လိုတဲ့ စီးပွားရေး သမားတွေ သုံးကြတယ်။ နောက်တော့ သာမန်လူတွေ ကြားမှာလည်း အဲဒီဖုန်းတွေ ရေပန်းစားလာတယ်” ဟု သူက ရှင်းပြသည်။
မြောက်ကိုရီးယား နိုင်ငံသည် တရုတ်နိုင်ငံသို့ နိုင်ငံခြားငွေများ စီးထွက်မည်ကို တားဆီးရန် ၎င်းတို့ကိုယ်ပိုင် စမတ်ဖုန်းများနှင့် တက်ပလက် ကွန်ပျူတာများကို ၂၀၁၄ ခုနှစ်ကပင် စတင် ထုတ်လုပ်နေကြောင်း ကိုရီးယား သတင်းနည်းပညာ လူ့အဖွဲ့အစည်း တိုးတက်ရေးဌာနမှ သုတေသီတဦးဖြစ်သော ကင်ဘောင်ဆစ်က ပြောသည်၊
“မြောက်ကိုရီးယား ဖုန်းတွေက ဖုန်းဆက်တာ၊ ဂိမ်းကစားတာ၊ ပေါ့ပ်သီချင်းတွေကို ဝန်ဆောင်မှုပေးပြီး ဒရာမာ ဇာတ်ကားတွေလည်း ကြည့်ခွင့်ပေးတယ်” ဟု မြောက်ကိုရီးယားမှ ထွက်ပြေးလာသူများ၏ ပြောကြားချက် များကို အခြေခံပြီး ကင်က ပြောသည်။
“ဒါပေမယ့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် အသုံးပြုခွင့်တော့မပေးဘူး” ဟုလည်း သူက ရှင်းပြသည်။
လက်ကိုင်ဖုန်း ဈေးနှုန်းများမှာ ဒေါ်လာ ၁၀၀ မှ ၄၀၀ ခန့်အထိ ရှိကြောင်းလည်း သူက ဆိုသည်။ အခြေခံ လစဉ်ကြေးမှာ ၁၂ ဆင့် သို့မဟုတ် မြောက်ကိုရီးယား ဝမ် ၁၀၀၀ ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု မိနစ် ၂၀၀ နှင့် စာတို အစောင် ၂၀၀ အခမဲ့ ခွင့်ပြုသည်။ နောက်ထပ်မိနစ် ၁၀၀ ခွင့်ပြုသောဖုန်းအတွက် ပိုမိုမြင့်မားသော ကောက်ခံငွေမှာ ၁၃ ဒေါ်လာ ဖြစ်သည်။ လူတဦးလျှင် ဖုန်းတလုံးသာ မှတ်ပုံတင်ရန် ကန့်သတ်ထားသည်။
ထိုဖုန်းများသည် အန့်ဒရိုက် အော်ပရေးတင်း စနစ် Android Operating System ကိုသာ အသုံးပြုကြောင်း ပြုံယမ်းသို့ မကြာခဏ သွားလေ့ရှိသော ဆိုးလ်အခြေစိုက် AFP သတင်းဓာတ်ပုံဆရာ အက်ဒ် ဂျုံးက ပြောသည်။
ပြုံယမ်းရှိ စာကြည့်တိုက်များတွင် အန့်ဒရိုက်နှင့် အက်ပဲ Apple ၏ အိုင်အိုအက်စ် IOS နှင့် ပတ်သက်သော စာအုပ်များလည်း ရှိသောကြောင့် မြောက်ကိုရီးယား ကျောင်းသားများနှင့် ပညာရှင်များသည် အမေရိကန် အော်ပရေတင်း စနစ်များအကြောင်း လေ့လာနေပုံရကြောင်းလည်း ဂျုံးက ဆိုသည်။
ဂိမ်းများ၊ ဖျော်ဖြေရေးများမှသည် စီးပွားရေးနှင့် ပညာရေးအထိ အပလီကေးရှင်း အမျိုးစုံ ရရှိနိုင်ကြောင်း ပြုံယမ်းရှိ ကင်အီဆွန်း တက္ကသိုလ်ဘွဲ့ရ သြစတြေးလျနိုင်ငံသား အဲလက် ဆစ်ဂလေက ပြောသည်။ အများအပြားမှာ ပြည်ပမှ အပလီကေးရှင်းများကို ကိုရီးယား ဘာသာသို့ ပြန်ဆိုထားခြင်း သို့မဟုတ် ပြုပြင်ထားခြင်း ဖြစ်ပုံရပြီး အချို့မှာ ပြည်တွင်းတွင် ရေးဆွဲသော ဂိမ်းများဖြစ်ကြောင်း သူက ပြောသည်၊
စမတ်ဖုန်းများသည် မြောက်ကိုရီးယားများ၏ ဘဝကို ပိုမို အဆင်ပြေ ချောမွေ့စေသော်လည်း ပြုံယမ်း အစိုးရသည် ပြင်ပ ကမ္ဘာနှင့် ဆက်သွယ်ခြင်းကို ခွင့်မပြုပေ။ ကင်မင်းဆက်ကို ခြိမ်းခြောက်သော အန္တရာယ် မကင်းသည့် သတင်း အချက်အလက်များကို ပြည်သူများ ရရှိမည်ကို မြောက်ကိုရီးယားအစိုးရက စိုးရိမ် နေကြောင်း တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနကဆိုသည်။
ဖုန်းအသုံးပြုခြင်းကို နိုင်ငံတွင် အစိုးရပိုင် အင်ထရာနက်တွင်သာ ခွင့်ပြုထားသည်။ နိုင်ငံခြားသားများ အတွက် ခြွင်းချက်များလည်း ပြုလုပ်ထားသည်ဟု ဆိုသည်။ ဥပမာဆိုရပါက ဗြိတိန်သံအမတ်သည် သူ၏ ရက်သတ္တပတ်ကုန် လမ်းလျှောက်ထွက်သော ဓာတ်ပုံများနှင့် နိုင်ငံတွင်း ခရီးသွားသော ပုံများကို သူ၏တွစ်တာ အကောင့်တွင် ပုံမှန်တင်နေသည်။
သို့သော် တရုတ်နယ်စပ်တွင် နေထိုင်သူများသည် တရုတ်ကွန်ရက်မှ တဆင့် အင်တာနက်ကို အသုံးပြု နိုင်ကြကြောင်း ထွက်ပြေးလာသူများ၏ ပြောကြားချက်များကို အခြေခံပြီး အထက်ပါ ဝန်ကြီးဌာနက ဆိုသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် အန္တရာယ်များလှသည်။
ရန်သူ၏ ထုတ်လွှင့်မှုများကို နားထောင်သူ သို့မဟုတ် နိုင်ငံပြင်ပမှ သတင်းအချက်အလက်ကို အသုံးပြုသူ မည်သူမဆိုသည် အလုပ်ကြမ်း ပြစ်ဒဏ် ၅ နှစ်အထိ ရင်ဆိုင်ရနိုင်ကြောင်း ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနကဆိုသည်။
ကိုးကား ။ ။ Nikkei Asian Review
You may also like these stories:
မြောက်ကိုရီးယား ခေါင်းဆောင်၏ သတ်ဖြတ်ခံ ညီအကို စီအိုင်အေသတင်းပေး ဟုဆို
မြောက်ကိုရီးယားနိုင်ငံရဲ့ လူသိနည်းတဲ့ ကောင်းတဲ့ အချက် ၅ ချက်
ဖယ်ရှားခံရသည် ဆိုသော မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် ဂီတပွဲ၌ ပြန်ပေါ်လာ