ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Zuo သည် အင်္ဂါနေ့က ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကြည့်ရှုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တာဝန်ထမ်းဆောင်သည့် ကာလ ၁ နှစ်နှင့် ၄ လကြာပြီးနောက် သံအမတ်ကြီးက ယင်းကဲ့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူများ၊ ဒုက္ခသည် ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်ပို့ရေး ဖြစ်နိုင်ခြေများ ဆွေးနွေးခဲ့သည်။
ဒုက္ခသည်စခန်းများသို့ ၎င်း၏ ပထမဆုံးခရီးစဉ်သည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှစ်နိုင်ငံစလုံးနှင့် ခိုင်မာသည့် သံတမန်ဆက်ဆံရေးကို တရုတ်က ထိန်းသိမ်းထားဆဲ ဖြစ်သည်ကို အလွန်သိသာ ထင်ရှားစွာ ပြသလိုက်ကြောင်း၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် ချိတ်ဆက်မှုကိုလည်း ပေါ်လွင်စေခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
အင်္ဂါနေ့က ၎င်းတို့ခရိုင်သို့ တရုတ်သံအမတ် ရောက်ရှိလာခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ထွက်ခွာကြောင်း ကော့ဘဇားခရိုင်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ယခု တရုတ်သံအမတ်၏ ခရီးစဉ်သည် လာမည့် ဇူလိုင်ပထမပတ်၌ တရုတ်နိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ သွားရောက်ရန် အစီအစဉ်ကို ဦးတည်ကြောင်း၊ ဒုက္ခသည် အကျပ်အတည်းအပေါ် အထူး အာရုံထားသည့် လက်ရှိ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် ဒါကာမြို့ အခြေစိုက် နိုင်ငံခြား သံတမန်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်း ပြောကြားရန် စီစဉ်ထားကြောင်း သိရသည်။
တရုတ်သံအမတ်ကြီး ယခုလာရောက်သည့် ခရီးစဉ်သည် အပြုသဘောဆောင်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဘူမိုမန်က ဧရာဝတီသို့ ပြောကြားခဲ့သည်။
“သူတို့ (တရုတ်) တွေ အနေနဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ အခြေအနေတွေကို လူကိုယ်တိုင် လာလေ့လာနေတာပါ။ ကျနော်တို့မှာ ဘာမှ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရန် တရုတ်က မြန်မာအပေါ် ဖိအားပေးလိမ့်မည်ဟု ဒါကာဘက်က မျှော်လင့်ကြောင်းလည်း သူက ပြောကြားသည်။
ဟာစီနာသည် လာမည့်ဇူလိုင်လတွင် တရုတ်ပြည်သို့ သွားရောက်နိုင်ဖွယ် ရှိကြောင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးမှုများအတွင်း ဒုက္ခသည် အကျပ်အတည်းကိုလည်း အကြောင်းအရာ တခုအနေဖြင့် ထည့်သွင်း သွားမည်ဖြစ်ကြောင်း ၎င်းဝန်ကြီးက ပြောသည်။
ကော့ဘဇား ခရီးစဉ်အတွင်း တရုတ်သံအမတ်ကြီးသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပို့ရေး ကော်မရှင်နာမင်းကြီး မိုဟာမက် အဘူကလန်နှင့် ခရိုင်ရုံးချုပ်ရှိ ၎င်း၏ရုံးခန်းသို့ သွားရောက် တွေ့ဆုံခဲ့သည်။
ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် ယခုကဲ့သို့ တရုတ်ဘက်မှ တိုက်ရိုက်အားဖြင့် လည်းကောင်း၊ သွယ်ဝိုက်၍ လည်းကောင်း ပါဝင်ပတ်သက်လာခြင်း အပေါ် ၎င်း၏ ခရီးစဉ်က ထင်ထင်ရှားရှား ပြသလိုက်ကြောင်း ကလန်က ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည် စခန်းများအတွင်းရှိ ပြဿနာများနှင့် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် အထမြောက်စေရေး ဖြစ်နိုင်ချေများကို ၎င်းတို့ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒီအကျပ်အတည်း ဖြေရှင်းတဲ့နေရာမှာ တရုတ်က စိတ်ဝင်စားပါတယ်တဲ့။ အဲဒါကြောင့် ကျနော့်ကို သူ လာတွေ့တာပါလို့ သူက ပြောပါတယ်” ဟု ကော်မရှင်နာမင်းကြီးက ဆိုသည်။
တရုတ် သံအမတ်ကြီးသည် အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအသင်း (ARSPHR) ဥက္ကဋ္ဌ မိုဟစ် အူလာ အပါအဝင် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါအသင်းသည် ၂၀၁၈ ခုနှစ်ကတည်းက ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေသော အခွင့်အရေး အဖွဲ့တခု ဖြစ်သည်။
နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်အကြောင်း တရုတ်သံမတ်ကြီးနှင့် ၎င်းတို့ ဆွေးနွေးခဲ့ကြောင်း ARSPHR အဖွဲ့ဝင်များက ပြောသည်။
“ကျနော်တို့ဟာ မြန်မာရဲ့ တိုင်းရင်းသား လူနည်းစုတခုဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ အထောက်အထားမျိုးစုံ ပြသခဲ့ပါတယ်” ဟု သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့ရသည့် ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူတဦးက ပြောသည်။
၎င်းတို့ တဖန် လာရောက်ဦးမည် ဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့သည်ဟု အဆိုပါလှုပ်ရှားသူက ဆိုသည်။
“သူ့ခရီးစဉ် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ကျနော်တို့က သူ့ကိုမေးပါတယ်။ နေရပ်ပြန်ရေး သူတို့ ဘယ်လို ကူညီနိုင်မလဲဆိုတာနဲ့ သူတို့ မဟာဗျူဟာက ဘာများဖြစ်မလဲပေါ့။ ကျနော်တို့အကြောင်း မြန်မာအစိုးရကို သူပြောပါမယ် ဆိုပြီး သူက ကတိပေးပါတယ်” ဟု အဆိုပါ လှုပ်ရှားသူက ရှင်းပြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော် လက်ရှိခိုလှုံနေကြသည်။ ၎င်းတို့ထဲမှ အများစုမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ နှိမ်နင်းမှုကြောင့် ကော့ဘဇားခရိုင်ထဲသို့ ထွက်ပြေး လာကြခြင်းဖြစ်သည်။
အင်္ဂါနေ့ ညနေပိုင်းက ဒါကာမြို့ရှိ တရုတ်သံရုံးမှ မည်သည့် ကြေညာချက်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိသကဲ့သို့ သံအမတ်ကြီး အနေဖြင့် ဒုက္ခသည် စခန်းများသို့ လာရောက်ခဲ့ခြင်းအပေါ် အီးမေးလ်ပေးပို့ စုံစမ်းခြင်းကိုလည်း သံရုံးက တုန့်ပြန်ခြင်းမရှိပေ။
Zhang သည် ဒါကာမြို့သို့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် ရောက်ရှိပြီး ၎င်း၏ရာထူးတာဝန် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။
မေလ ၁၈ ရက်က ၎င်းသည် နှစ်နိုင်ငံပြည်သူချင်း ချစ်ကြည်ရေးအတွက် ဒါကာမြို့တော်၊ အမျိုးသား သတင်းကလပ်တွင် ကျင်းပသည့် ဘင်္ဂလားဒေ့ရှ်-တရုတ် ပိုးလမ်းမဖိုရမ်သို့ အလုပ်သဘောအရ တက်ရောက် ခဲ့သည်။
ပိုးလမ်းမအစီအစဉ် မြှင့်တင်ရေး ကြေညာချက် တစောင်တွင် တရုတ်သံတမန်က “မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အရေးကိစ္စအတွက် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ နေရပ်ပြန်ပို့ရေးနဲ့ ဖွံ့ဖြိုးရေး အဆင့် ၃ ဆင့် ဖြေရှင်းဖို့ ကျနော်တို့ အဆိုပြုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ်တို့ကြား အလွတ်သဘော သုံးပွင့်ဆိုင် ဆွေးနွေးရေး၊ ဘင်္ဂါလီပြန်ပို့ရေး စည်းကမ်းသတ်မှတ်ချက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံး သဘောတူ လာအောင် အားပေးရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် တရုတ်မှာ တာဝန်ရှိတယ် ဆိုတဲ့ အဓိပ္ပာယ် ဖော်ဆောင်ရေးတို့ပဲ ဖြစ်ပါတယ်” ဟု ဆိုထားသည်။
တရုတ်သည် ဘင်္ဂလားဒေ့ရှ်၏ အကြီးမားဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်သည်။
(ဒါကာမြို့ရှိ ဧရာဝတီ သတင်းထောက် Muktadir Rashid ၏ Chinese Ambassador to Bangladesh Makes 1st Visit to Rohingya Camps ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ရခိုင်အရေး မြန်မာအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ ဂျပန်လက်မခံ
ရိုဟင်ဂျာအမည်ကို နိုင်ငံသားအခွင့်အရေးနှင့် လဲခြင်း
တရုတ်သံအမတ် ဟုန်လျံကို မြစ်ဆုံနှင့် တွဲလျက် အမှတ်ရနေကြမည်