သွေးလှူခြင်းသည် ရှုပ်ထွေးသည် (သို့မဟုတ်) စွန့်စားရသည်ဟု ယုံကြည်သော မြန်မာပြည်သူများထဲတွင် လှူဒါန်းသူအရေအတွက် တိုးပွားလာနေကြောင်း ဇွန်လ ၁၄ ရက်တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့အတွက် ရည်ရွယ်ထုတ်ပြန်သည့် သုတေသနတွေ့ရှိချက်များက ဆိုသည်။
သွေးသွင်းကုသမှု ၅၀၀ နှင့်ညီမျှသည့် သွေး ၁၀၀ လီတာဝန်းကျင်မှာ လူနာများအတွက် နေ့စဉ်လိုအပ်နေကြောင်း အမျိုးသားသွေးလှူဘဏ်က ဆိုသည့်အချိန်တွင် အဆိုပါသုတေသနစစ်တမ်းတွေ့ရှိချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် သွေးလှူရှင်အရေအတွက် တိုးလာရေး စည်းရုံးလှုံ့ဆော်မှုအစိတ်အပိုင်းအနေဖြင့် Synapse Original က စစ်တမ်းတစောင်ကောက်ယူခဲ့ရာ အွန်လိုင်းမှ စာရင်းပေးလှူဒါန်းနိုင်ကြကြောင်း (သို့မဟုတ်) သွေးလှူဒါန်းချိန်မှာ ၁၅ မိနစ်သာကြာမြင့်ကြောင်းကို မသိရှိသူ များပြားကြောင်း တွေ့ရှိခဲ့ရသည်။
အဆိုပါစစ်တမ်းရလဒ်များကို ကြာသပတေးနေ့က ကြေညာချက်တစောင်တွင် သွေးနှင့်ဆက်စပ်သည့် အခြားစိတ်ဝင်စားဖွယ်အချက်အလက်များနှင့်အတူ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သွေးနှင့်ဆက်စပ်သည့် အခြားအချက်အလက်များမှာ ကျွန်ုပ်တို့ဘဝတသက်တာတွင် ကျွန်ုပ်တို့ ၄ ဦးအနက်တဦးသည် တခါတရံ သွေးသွင်းကုသမှုခံယူရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ သွေး ၄၅၀ မီလီမီတာလှူဒါန်းခြင်းတခုစီတိုင်းသည် သွေးသွင်းကုသမှု ၃ ကြိမ်အတွက် အသုံးပြုနိုင်ကြောင်း၊ အမျိုးသားသွေးဌာနမှ သွေးအများစုသည် ရန်ကုန်ကလေးဆေးရုံသို့ ပို့နေရကြောင်း တို့ဖြစ်သည်။
လက်ရှိအနေအထားတွင် လုံလောက်သည့်သွေးပမာဏ ရရှိနေသော်လည်း မကြာသေးမီနှစ်များအတွင်း ကွင်းဆင်း၍သွေးလှူဒါန်းမှု စုဆောင်းရခြင်း တိုးတက်လုပ်ဆောင်နေကြောင်း ရန်ကုန်ရှိ အမျိုးသားသွေးဌာနမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသီတာအောင်က သုတေသီများကို ရှင်းလင်းပြောကြားခဲ့သည်။
“အရင် နှစ်နှစ်တုန်းကတော့ ကျမတို့က ရန်ကုန်က ပြည်သူ့ဆေးရုံတွေကိုပဲ တဝက်လောက်ပဲ ပို့ပေးနိုင်ခဲ့တယ်။ အခုဆိုရင် ရန်ကုန်က ဆေးရုံ ၁၆ ရုံမှာ ၁၂ ရုံလောက် ပို့ပေးနေပါတယ်” ဟု ၎င်းက ပြောသည်။ “အဲဒီအထဲမှာ ရန်ကုန်ကလေးဆေးရုံလည်း ပါပါတယ်။ ကျမတို့ အဓိကပံ့ပိုးမှုရတဲ့ ဆေးရုံတရုံပေါ့”
သွေးလှူရှင်များအနေဖြင့် သွေးလှူဒါန်းလိုပါက www.donatebloodmyanmar.org နှင့် ဖုန်းနံပါတ် ၀၁-၃၇၂၇၅၃ တို့သို့ ဆက်သွယ်စာရင်းပေးခြင်းဖြင့်လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ဂျန်းရှင်းစီးတီးဘေးရှိ အမျိုးသားသွေးဌာနသို့ လူကိုယ်တိုင်သွားရောက်၍လည်းကောင်း လှူဒါန်းနိုင်ကြသည်။ ထို့ပြင် ရွှေတိဂုံဘုရားလမ်းတွင် နေ့စဉ် ညနေ ၄ နာရီမှ ည ၈ နာရီအထိ ရွေ့လျားလှူဒါန်းရေးမော်တော်ယာဉ်တွင်လည်း လှူဒါန်းနိုင်ကြကြောင်း သိရသည်။
သွေးသွင်းကုသခြင်းကို မြန်မာနိုင်ငံရှိ ဆေးရုံများတွင် နေ့စဉ်အရေးပေါ်ကုသခြင်း၊ ခွဲစိတ်ရခြင်းများနှင့် thalassemia ကဲ့သို့ သွေးရောဂါများ၊ leukemia ကဲ့သို့ ကင်ဆာရောဂါများအတွက် အသုံးပြုနေရသည်။ ပြည်တွင်းပြည်ပမှ ကျန်းမာသန်စွမ်းသော အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ အမျိုးသား၊ အမျိုးသမီးမည်သူမဆို သွေးလှူနိုင်ကြပြီး အများဆုံးလိုအပ်သည့် သွေးအုပ်စုများမှာ A, B နှင့် AB အမျိုးအစားများဖြစ်ကြသည်။
( Marie Starr ၏ Shortage of Blood Donations Highlighted on World Blood Donor Day ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်း ၁၀၀၀ လျှင် ၄၈ ဦးကျော်အထိ ရှိနေ
ကင်ဆာရောဂါကို ဥပဒေဖြင့် ထိန်းချုပ်ကာကွယ်ရေးအဆို လွှတ်တော်အတည်ပြု
မှန်ပြောင်း အသုံးပြု၍ ခွဲစိတ်ကုသမှု နေပြည်တော် ဆေးရုံကြီးတွင် စတင်မည်