ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ဒေသခံ အမျိုးသား ၂၅ ဦးကို ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ဝင်ဟု သံသယ ရှိသ ဖြင့် တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်နေ့က ကျောက်တော်မြို့နယ် အရှေ့ မဟာမုနိလမ်းဆုံ၏ အရှေ့တောင်ဘက် ကျောက်ဆည်ပြင်ရွာ အရှေ့ဘက်တွင် တပ်မတော်နှင့် AA အဖွဲ့ တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ကျောက်ဆည်ပြင်ရွာ၏ အပြင်ဘက်တွင် မသကာၤ ဖွယ် အမျိုးသား ၂၅ ဦးကို တွေ့ရှိရသဖြင့် ဖမ်းဆီးထားကြောင်း တပ်မတော်၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အသက် ၂၀ နဲ့ ၃၀ ကြား ယောက်ကျားတွေချည်းပဲ ဖြစ်တယ်။ AA အဖွဲ့ ဝင်တွေ ဖြစ်ဖို့ များတယ်။ အဲ ဒီလူတွေကို တို့ဆီက ထိန်းသိမ်း စစ်ဆေးနေတယ်။ ပြီးရင်တော့ ဥပဒေအတိုင်း တရားစွဲတင် ဆောင် ရွက်တာတွေ လုပ်ဖို့ ရှိတယ်။ သူတို့ကို တွေ့တဲ့ အချိန်မှာ အရပ်ဝတ်နဲ့ပဲ။ လက်နက် မပါဘူး။ တိုက်ပွဲ ဖြစ်တဲ့နေရာနဲ့ လည်း မဝေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းတို့ကို စစ်ဆေးကြည့်ရာ ယင်းအနီးအနားမှ ရွာများမှ မဟုတ်ကြောင်း၊ ထို့ကြောင့် လက္ကာရွာ ဖြစ်စဉ်ကဲ့သို့ AA အဖွဲ့ ဝင်များ ဖြစ်နိုင်သဖြင့် သေချာ စစ်ဆေးမေးမြန်းသွားမည် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
“အရင်တုန်းက လက္ကာရွာက ကိစ္စလိုမျိုးပဲ။ အဲဒီတုန်းကလည်း ဖမ်းဆီးပြီးတော့ စစ်ဆေးလိုက်တယ်။ သေချာ စစ်ဆေး ကြည့်တဲ့အခါ မြောက်ဦးမှာ ရှိတဲ့ ရဲတပ်ရင်းကို ဝင်တိုက်တဲ့ အထဲမှာပါတဲ့ အဖွဲ့တွေ ဖြစ်နေတယ်။ အခုလည်း အဲဒီ ပုံစံ မျိုးတွေ့တယ်။ ဥပဒေအတိုင်း ဆောင်ရွက်သွားမယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
မြောက်ဦးမြို့နယ် ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ကြာကန် ဆင်အိုးရွာများမှ လူ ၂၄၊ ကျောက်တော်မြို့နယ် ရှောက်ချောင်းဂါပုရွာ မှ လူ ၁ ဦး စုစုပေါင်း ၂၅ ဦးတို့ကို တပ်မတေ်ာမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော် ဒေသခံ ဦးကျော်လှမြင့်က“လူ ၂၅ ဦးလောက် ကျောက်တော် ရဲစခန်းမှာ ရောက်နေတယ်လို့ ကြား တယ်။ တပ်မတော် ကားနဲ့ တင်ပြီးတော့ ကျောက်တော် ရဲစခန်းကို ရောက်နေတယ်လို့ ကြားပါတယ်။ သူတို့ကို အမှု ဖွင့်လား၊ မဖွင့်ဘူးလား။ ဘယ်လို ဖြစ်နေလဲ။ အသက်က ဘယ်လောက်ဆိုတာ အဖေနာမည်က ဘယ်သူဆိုတာ ဘာမှ မသိရသေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်းတခုနှင့် လေးမြို့ မြစ်ကမ်းတွင် တပ်မတော်က ယာယီ စခန်းတခု ကို AA က ဧပြီလ ၉ ရက်နေ့ ညက တိုက်ခိုက်ခဲ့ပြီး နောက်တနေ့တွင် လက္ကာကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ် ဆေးခဲ့ရာ အရပ်အသား အယောင်ဆောင် AA တပ်ဖွဲ့ဝင် ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ဖူး သည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ကျောက်တန်း ကျေးရွာတွင် ရက္ခိုင့် တပ်မတော် (AA)နှင့် ပတ်သက်မှုဖြင့် သံသယရှိသူပေါင်း ၂၇၅ ဦးကို မေလ ၁ ရက်မှ စတင် ခေါ်ယူ စစ်ဆေးနေရာမှ ရခိုင်တိုင်းရင်းသား ၈ ဦးမှ လွဲ၍ ကျန်ရှိသူများ အားလုံးကို မေလ ၁၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ တပ်မတော်နှင့် AA တို့ အကြား ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိရာ စစ်ဘေးရှောင် ၄ သောင်းကျော် အထိ များလာပြီ ဖြစ်သည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု များ မရရှိခဲ့သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်သူ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆို ထားသည်။
You may also like these stories:
ကျောက်တော် ပစ်ခတ်မှု၌ သေဆုံးသူမှာ တပ်မတော်ကို မိုင်းဆွဲတိုက်သူဟုဆို
ကျောက်တော် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ကျောက်တော် မိုင်းကွဲမှု အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ကျောက်တန်း ဖြစ်စဉ်တွင် AA ဟု ဝန်ခံသူများကို အရေးယူမည်