ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိသော WY စိတ်ကြွဆေးပြားများ၊ ဆေးပြား ရိုက်စက်များ၊ ဆက်စပ် ပစ္စည်းများနှင့် လက်နက်များကို တပ်မတော် က ဖမ်းဆီးရမိကြောင်း သိရသည်။
ပြည်သူ့စစ် အပါအဝင် အဖွဲ့ ပေါင်းစုံ ထိန်းချုပ်ထားသည့် တာချီလိတ်မြို့နယ်ရှိ ပူနားကို၊ မယ်ကြုတ်၊ ရေပူစမ်း၊ ပါးခါး ကျေးရွာများ၌ ဇွန်လ ၁၄ နေ့က ကျပ် ၆ ဘီလီယံကျော် တန်ဖိုးရှိ WY ဆေးပြားများ၊ သေနတ် ၁၅ လက် တို့ကို ဖမ်းမိခဲ့သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၁၅ ရက်နေ့တွင်လည်း ကျပ် ၇ ဘီယံယံခန့် တန်ဖိုးရှိ ဆေးပြားများနှင့် သေနတ် ၂ လက် ထပ်မံ ရရှိခဲ့ကြောင်း လည်း တပ်မတော် ပြောရေး ဆိုခွင့်ရှိသူလည်း ဖြစ်သည့် ၎င်းက ဧရာဝတီကို ပြောပြသည်။
“သေနတ်တွေ အများကြီး မိတာဆိုတော့ တပ်မတော်ပါ ပါရတာပေါ့။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေး တာဝန်ယူပေး ဖို့ လိုတဲ့ အခြေအနေမျိုးကြောင့် မိုလို့ပေါ့။ အခုထိ လူမိတာမျိုးတော့ မရှိသေးဘူး။ လမ်းပေါ်မှာ စွန့်ပစ်ထားတာမျိုးတွေ ဖြစ်နေတယ်။ တချို့က လူတွေ မရှိတဲ့ အိမ်တွေပေါ်မှာ မိတာ။ အကုန်လုံးကိုတော့ ဆက်စပ် ဖော်ထုတ်မှာပါ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ယခု ဖြစ်စဉ်ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်များကို အရပ် ဘက် ကျေးရွာကဲ့သို့ နေရာများတွင် ဖမ်းဆီရမိမှု အများဆုံး ဖြစ်ကြောင်း၊ ယခင်က စစ်ဆင်ရေး လုပ်ရင်း စခန်းသိမ်း တိုက်ပွဲများတွင်သာ မိလေ့ရှိသည့် အခြေအနေမျိုး ဖြစ်ကြောင်း တပ်မတော်က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အဲဒီဘက်မှာလည်း လူစုံတယ်။ တာချီလိတ်က လူစုံတယ်။ ပြည်သူ့စစ် အဖွဲ့တွေလည်း ရှိတယ်။ သတင်းကတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ရမှာ။ အခုလည်း ၁၄ ရက်နေ့က မိတဲ့ဟာကိုပဲ ထုတ်ပြန်ပေးထား သေး တယ်”ဟု ပြောပြသည်။
ယနေ့အချိန် အထိ ယင်းအမှုနှင့် ပတ်သက်၍ လူပုဂ္ဂိုလ်တဦးကိုမှ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးဘဲ မူးယစ်ဆေးဝါး များကို လမ်းပေါ်တွင် ဖမ်းမိခြင်း၊ ကျေးရွာအတွင်းရှိ လူမနေသည့် အိမ်များတွင် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ လက်နက် များ လည်း ထိုကဲ့သို့ ဖမ်းမိခြင်း ဖြစ်ကြောင်း တပ်မတော်ထံမှ သိရသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဇော်ခင်အောင်ကလည်း ယခု မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုသည် တပ်မတော် ၏ ဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း၊ တပ်မတော်က ဝင်ရောက် ရှင်းလင်းခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က ၎င်းတို့ လာအပ် သည့် ပစ္စည်းများကို ပြေစာဖြင့် ထိန်းသိမ်းထားကြောင်း၊ ယင်းနေရာသို့ သွားရောက်ရာတွင် နယ်မြေခံရဲ၊ မူးယစ် ရဲတပ် ဖွဲ့ တို့ပင် မပါဝင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒီနေရာက အဖွဲ့ အစည်းတွေ ရှိနေတဲ့အတွက် ကျနော်တို့က သိပ်ပြီး သွားလို့ မရဘူး။ တပ်မတော်က ဝင်ရှင်းတာ ပေါ့။ နယ်မြေ ရဲတောင် မပါဘူး။ မူးယစ်ရဲတောင် ပြီးမှ ခေါ်တယ်လို့ သိရတယ်။ ဒီနယ်မြေတွေက မူးယစ်ဆေးဝါး ထွက် တယ်ဆိုတာ နဂိုကတည်းက သိနေတာပဲ။ ကျနော်တို့က ရှင်းလို့ မရလို့သာ။ အဲဒီနေရာတွေက အမှန်အတိုင်း ပြောရ ရင် ကျနော်တို့ သွားလို့ကို မရဘူး။ ရဲတွေ သွားလို့ မရတဲ့ နေရာတွေပါ”ဟု ရဲမှူးချုပ် ဇော်ခင်အောင်က ရှင်းပြသည်။
ယခုကဲ့သို့ ရဲတပ်ဖွဲ့ပင် မသွားရောက်ရဲသည့် နေရာတွင် မူးယစ်ဆေးဝါးများစွာ ဖမ်းဆီရမိခြင်းသည် အလွန် အံသြစရာ ကောင်းကြောင်း တာချီလိတ် ဒေသခံ တဦးက ပြောသည်။
“အခုနေရာမှာ လုပ်နေတဲ့လူကို တော်ရုံတန်ရုံလူက မထိရဲဘူး။ အံသြစရာ သိပ်ကောင်းတယ်။ အဲဒီနေရာက ပြည်သူ့စစ်တွေ ရှိတယ်။ ဝ ရှိမယ်။ SSA ရှိမယ်။ သူပုန်အဖွဲ့အစည်း မျိုးစုံ ရှိတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
တာချီလိတ်၊ ကျိုင်းတုံဒေသတွင် မူးယစ်ဆေးဝါး ပြဿနာ အလွန်ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိနေပြီး ကျိုင်းတုံ တွင် ကျောင်းစာသင်ခန်းများထဲ၌ပင် ဆေးပြားများ သုံးသည့်အဆင့်သို့ ရောက်ရှိနေကြောင်း၊ မူးယစ်နှင့် လောင်းကစား တွဲ၍ ပတ်သက်နေပြီး တရားဥပဒေ စိုးမိုးရေး မရှိသဖြင့် ယခုလို ပြဿနာများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောဆိုကြသည်။
“ဒီမှာရှိတဲ့ ဝန်ထမ်းတော်တော်များများကလည်း လုပ်ချင်တယ်။ ဒါပေမယ့် လုပ်လို့ မရဘူး။ ဒီကလူတွေက အထက်က လူကြီးတွေနဲ့ သိတယ်။ ဒီမှာ လောင်းကစားနဲ့ ပတ်သက်ပြီး အွန်လိုင်းဘာညာ ဝင်ဖမ်းတယ်။ ဖမ်းလည်းမိရော သူ့ကို ပြောင်းလိုက်ပြန်ရော။ ပြည်သူလူထု ဘဝက ဘာမှ လုံခြုံမှု မရှိဘူး။ ဒီမှာတော့ ကူရာမဲ့ပဲ။ သူတို့နဲ့ ဝင်မရှုပ်ဘဲ ကိုယ့်ဟာ ကိုယ် နေရင်တော့ အဆင်ပြေတယ်”ဟု အထက်ပါ တာချီလိတ်ဒေသခံက ပြောသည်။
တာချီလိတ်တွင် ရပ်ရွာ အခြေပြု ပြည်သူ့စစ်များ၊ လားဟူအဖွဲ့ ပြည်သူ့စစ်များ၊ လားဟူအဖွဲ့ နယ်ခြားစောင့်တပ်များ၊ ထို့ပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရုံးများလည်း ရှိကြောင်း၊ ရွှေတြိဂံ နယ်မြေနှင့် ဆက်စပ်ပြီး နာမည်ကျော် ဒေသတခုတွင် မူးယစ် ဆေး ပြဿနာများ ဖြစ်ပေါ်နေသည်မှာ မထူးဆန်းသည့် ကိစ္စတခုဖြစ်ကြောင်လည်းး ဒေသခံများ၏ ပြောဆိုချက်များ အရ သိရသည်။