မကြာသေးမီက ကျင်းပသော ရွေးကောက်ပွဲတွင် ဝန်ကြီချုပ် နေရိန်ဒြာ မိုဒီ၏ အာဏာရ ဘာရာတီယာ ဂျန်နတာ (BJP) ပါတီက ချေမှုန်းပြီးနောက် အိန္ဒိယနိုင်ငံ၏ သက်တမ်းအရှည်ဆုံးသော နိုင်ငံရေးပါတီကြီးသည် ပါတီတွင်း စိတ်ဝမ်း ကွဲပြားမှုနှင့် ခွဲထွက်မှုများအကြား စမ်းတဝါးဝါး ဖြစ်နေသည်။
အတိုက်အခံ အိန္ဒိယအမျိုးသား ကွန်ဂရက်သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိန်ထံမှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း အကြီမားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ပါတီခေါင်းဆောင် ရာဟူးဂန္ဒီသည် ရွေးကောက်ပွဲတွင် သိက္ခာကျဆင်းစရာ ရှုံးနိမ့်ပြီးနောက် ရာထူးမှနုတ်ထွက်စာကို တင်သွင်းသော်လည်း ပါတီ၏ ဝါရင့် ခေါင်းဆောင်များက ထိုလုပ်ရပ်ကို အလျှင်အမြန် ပယ်ချခဲ့ကြသည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်များ၏ မြစ်၊ မြေးနှင့် သားဖြစ်သော ဂန္ဒီသည် သူ သက်တမ်းကြာမြင့်စွာ ထိန်းချုပ် ထားခဲ့သည့် ဥတာပရာဒက်ရှ် ပြည်နယ်မြောက်ပိုင်းမှ မြို့တမြို့ဖြစ်သော အမီသီ မဲဆန္ဒနယ်ကို ဆုံးရှုံးခဲ့ သော်လည်း ကလာရာ ပြည်နယ်တောင်ပိုင်းတွင် ၎င်းဝင်ရောက် ယှဉ်ပြိုင်သော ဒုတိယမဲဆန္ဒနယ်တွင် အနိုင်ရ သောကြောင့် ပါလီမန် ကိုယ်စားလှယ် ဖြစ်နေသေးသည် (အိန္ဒိယဥပဒေအရ အမတ်လောင်းတဦးသည် မဲဆန္ဒနယ်နှစ်ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပြီး နှစ်ခုစလုံးတွင် အနိုင်ရပါက တခုမှ နုတ်ထွက်ပေးရသည်)။
ပါတီကြုံတွေ့ရသည့် နောက်ဆုံး အကျပ်အတည်းတွင် တောင်ပိုင်း တယ်လန်ဂါနာပြည်နယ် လွှတ်တော်မှ ၎င်းတို့၏ အမတ် ၁၈ ဦးအနက် ၁၂ ဦးတို့သည် အာဏာရ တယ်လန်ဂါနာ ရပ်ရှ်ထရာ ဆမ်မီတီပါတီသို့ ကြာသပတေးနေ့က ကူးပြောင်းခဲ့ကြသည်။ ထိုပြည်နယ်မှ ကွန်ဂရက်ပါတီ ခေါင်းဆောင် ဦတမ် ကူးမားရက်ဒီက ထိုသို့ ခွဲထွက်ခြင်းကို ဒီမိုကရေစီအား သတ်ဖြတ်ခြင်းဟု ခေါ်ပြီး ခွဲထွက်သူများသည် အာဏာရပါတီထံမှ ငွေကြေး ရယူသည်ဟု အထောက်အထား မပြဘဲ စွပ်စွဲသည်။
စုစုပေါင်း ကိုယ်စားလှယ် ၅၄၅ ဦးရှိသည့် အောက်လွှတ်တော်တွင် ၅၂ နေရာသာ အနိုင်ရသည့် နိုင်ငံတဝှမ်း ရွေးကောက်ပွဲအပြီးတွင် ပြည်နယ်အများအပြားမှ ဒေသဆိုင်ရာ ပါတီယန္တရားများကို ထိန်းသိမ်း ထားနိုင်ရန် ကြိုးစားနေရချိန် ယခုအကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ဟိန္ဒူ အမျိုးသားရေးဝါဒီ BJP ပါတီက အမတ် ၃၀၃ နေရာ အနိုင်ရခဲ့သဖြင့် ကွန်ဂရက်ပါတီ၏ အထိနာမှုကို နှိုင်းယှဉ် ကြည့်နိုင်သည်။
ကွန်ဂရက်ပါတီသည် သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည့် ၂၀၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲက ၄၄ နေရာသာ အနိုင်ရသည်ထက် တိုးတက်လာသော်လည်း အောက်လွှတ်တော်တွင် အတိုက်အခံ ခေါင်းဆောင်နေရာကို ရရန် လိုအပ်သည့် အမတ်နေရာ ၁၀ ရာခိုင်နှုန်းကိုလည်း ပြည့်မီခြင်းမရှိခဲ့ပေ။ အိန္ဒိယနိုင်ငံ၏ ပြည်နယ် ၂၉ ပြည်နယ်အနက် ၁၇ ပြည်နယ်တွင်လည်း ကွန်ဂရက်ပါတီသည် နေရာတနေရာ မျှပင် ရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
ကွန်ဂရက်ပါတီက အာဏာရသည့် အနောက်မြောက်ပိုင်းရှိ ရာဂျက်စ်သန် ပြည်နယ်တွင်လည်း ပြည်နယ် လွှတ်တော်နေရာ ၂၅ နေရာကို မရရှိသောကြောင့် ပါတီတွင်း အကွဲအပြဲ ပြင်းထန်နေပြီး ပါတီ ဝါရင့်ခေါင်းဆောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် အက်စ်ရှော့ခ် ဂါလော့ကို သူ၏ လက်ထောက်နှင့် အစားထိုးရန် တောင်းဆိုမှုများ ဖြစ်စေခဲ့သည်။ သူ၏လက်ထောက်သည် လူငယ်မဲဆန္ဒရှင်များအကြား ပိုမို ဆွဲဆောင်မှုရှိသည်ဟု ဆိုကြသည်။
ခါးသီးသော အပြစ်တင် ကစားပွဲများ အလယ်တွင် ပြည်နယ် စိုက်ပျိုးရေးဝန်ကြီးက ပါတီ၏ ဆိုးရွားသော ရွေးကောက်ပွဲ ရလဒ်ကြောင့် လွန်ခဲ့သောလ နှောင်းပိုင်းက ပါတီမှ နုတ်ထွက်လွှာ တင်သော်လည်း သူ၏ နုတ်ထွက်စာကို ဂါလော့က ပယ်ချခဲ့သည်ဟု သတင်းများက ဆိုသည်။ ရာဂျက်စ်သန် ပြည်နယ်တွင် ကွန်ဂရက် ပါတီသည် အနည်းငယ်မျှသော မဲအသာဖြင့်သာ အများစု အနေအထားရနေပြီး BJP ပါတီ အာဏာ ပြန်မရစေရေး အတွက် အခြေအနေ မပျက်စေရန် ရုန်းကန်နေရသည်။
ပဋိပက္ခများသည် အခြားပြည်နယ် များသို့လည်း ပျံ့နှံ့နေသည်။ အနောက်ပိုင်းရှိ မဟာသျှတ္တရ ပြည်နယ်တွင် အဆင့်မြင့် ကွန်ဂရက်ပါတီ ခေါင်းဆောင် တဦးသည် အင်္ဂါနေ့က ရာထူးမှ နုတ်ထွက်သွားပြီး မကြာမီ သူသည် BJP နှင့် ပူးပေါင်းမည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။ တောင်ပိုင်း ကန်နက် တာကာပြည်နယ်နှင့် မြောက်ပိုင်း ဟာယာနာ ပြည်နယ်များတွင်လည်း ရွေးကောက်ပွဲအပြီးတွင် ပါတီခေါင်းဆောင်များ အကြား လူသိရှင်ကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။
“ရွေးကောက်ပွဲ ရှုံးနိမ့်တဲ့အခါ ပါတီခေါင်းဆောင်တွေအကြား အရှုံးအတွက် အပြန်အလှန် အပြစ်တင်လို့ ပါတီတွင်းမှာ အကွဲအပြဲတွေဖြစ်တာ ထုံးစံပဲ” ဟု နယူးဒေလီအခြေစိုက် စာရေးဆရာနှင့် နိုင်ငံရေးသုတေသီ ရှူဘာဆင်းက ပြောသည်။
ဆက်လက်၍ ၎င်းက “အချိန်တခု ကြာတဲ့အထိ ဒီလိုပဲဖြစ်နေမှာပဲ။ ဒါပေမယ့် ဒီအရှုပ်အထွေးကနေ ရုန်းထွက်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့ ခေါင်းဆောင်မှုတော့ လိုတယ်” ဟု သူက ပြောသည်။
သို့သော် ဂန္ဒီအနေဖြင့် ပါတီခေါင်းဆောင် အဖြစ် ဆက်လက်ရပ်တည်ရန် ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှုရှိမရှိကို ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်သည်။ ကွန်ဂရက်၏ နိုင်ငံလုံးဆိုင်ရာ အကြီးအကဲ အနေဖြင့် ဂန္ဒီသည် ရွေးကောက်ပွဲ ရှုံးနိမ့်မှုအတွက် တာဝန်ယူရန် ဆန္ဒကို ဖေါ်ပြခဲ့သော်လည်း ပါတီဝါရင့် ခေါင်းဆောင်များက သူထွက်သွားမည်ကို မနှစ်မြို့ကြဟုဆိုသည်။
“ဂန္ဒီဟာ မိုဒီကို အလုပ်လက်မဲ့ ကြီးထွားမှု၊ ထုတ်ကုန်တွေ ဈေးမရလို့ လယ်သမားတွေရဲ့ နစ်နာမှုနဲ့ တခြား ပြဿနာတွေမှာ တိုက်ခိုက်နိုင်ခဲ့ပေမယ့် ပါတီခေါင်းဆောင် အနေနဲ့ သူ့ရဲ့စွမ်းရည်ကို မပြသနိုင်ခဲ့ဘူး” ဟု လွတ်လပ်သော နိုင်ငံရေး သုတေသီ နာရာယန်း ဘာရက်က ပြောပြီး ကွန်ဂရက်သည် ဆိုရှယ်လစ်ဝါဒ၊ လောကီအယူအဆနှင့် တိုးတက်သော ဝါဒအတွေးအခေါ်များနှင့် ပတ်သက်ပြီး နိုင်ငံသားများကို ပညာပေး နိုင်ခဲ့ခြင်း မရှိကြောင်းလည်း သူက ဆက်ပြောသည်။
လွတ်လပ်ရေးရပြီး ၇၂ နှစ်ကာလ၏ အချိန်အများစုတွင် အိန္ဒိယနိုင်ငံကို လွတ်လပ်ရေး တိုက်ပွဲတွင် ဦးဆောင် ခဲ့သော ကွန်ဂရက်ပါတီကသာ အုပ်ချုပ်ခဲ့သော်လည်း ယခုအခါတွင်မူ ကွန်ဂရက်သည် နိုင်ငံရေးတွင် ဆက်လက် ပါဝင်ရေးအတွက် ရုန်းကန်နေရသည်။ နိုင်ငံရေးအရ သြဇာကြီးမားလှသော နေရူး-ဂန္ဒီမျိုးဆက်၏ မျိုးဆက်သစ် ဖြစ်သော ဂန္ဒီသည် ရာထူးမှနုတ်ထွက်ရန် အခိုင်အမာ ဆုံးဖြတ်ပြီးဖြစ်သည်ဟု ပါတီတွင်းမှ သတင်းရင်းမြစ်များက ဆိုသော်လည်း သူသည် ရာထူးကို စွန့်လွှတ်မည်မဟုတ်ဟု သုတေသီများက ယုံကြည်ကြသည်။
“ဒါဟာ ဟာသပဲ။ နိုင်ငံရေးပါတီတိုင်း ဒီလိုဇာတ်မျိုး ခဏတော့ ကဖို့ ကြိုးစားကြတာပဲ” ဟု ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အဖွဲ့မှ အမှုဆောင် ဂျက်စ်ကာရက် ဆင်းကပြောသည်။
“အာဏာရထားတဲ့သူက ဘယ်တော့မှ လက်မလွှတ်ဘူး” ဟု သူက ပြောပြီး ဂန္ဒီသည် ပါတီအကြီးအကဲ ဆက်ဖြစ်နေမည့် သဘောပြောသည်။
ဂန္ဒီသည် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ပြီးဖြစ်ပါက သူ၏နေရာကို အစားထိုးမည့်သူကို အမြန်ဆုံး တောင်းဆိုရမည် ဖြစ်ကြောင်း ရှူဘာဆင်းက ပြောသည်။ ကွန်ဂရက်သည် ပါတီထိပ်တန်း ရာထူးအတွက် ထိုမိသားစု၏ ပြင်ပမှ လေ့ကျင့်ပေးထားသော ခေါင်းဆောင် မရှိကြောင်းလည်း သူက ဆိုသည်။
“ကွန်ဂရက်မှာ ဘယ် ဒုတိယအဆင့်ခေါင်းဆောင်မှ ခေါင်းဆောင်မှု အရည်အချင်း မပြနိုင်ကြဘူး” ဟုလည်း သူက ပြောသည်။
“ဒါပေမယ့် ဂန္ဒီနေရာကို ဘယ်သူ့အစားထိုးမလဲ ဆိုတာကို မိသားစုက ဆုံးဖြတ်ခဲ့ရင် တခြားလူတွေ လက်ခံ မှာပဲ” ဟုလည်း သူက ဆက်ပြောသည်။ သို့သော် ပါတီထိပ်တန်း ခေါင်းဆောင်နှင့် ၎င်း၏ မိခင်ဖြစ်သူ ဆိုနီယာဂန္ဒီကမူ နောက်ဆုံးတွင် သားဖြစ်သူသည် အလျှော့ပေးပြီး ပါတီခေါင်းဆောင် ဆက်ဖြစ်နေလိမ့်မည်ဟု မျှော်လင့်နေသည်။
ကိုးကား ။ ။ Nikkei Asian Review
ဆက်စပ်ဖတ်ရှုရန် – အိန္ဒိယ ရွေးကောက်ပွဲ မိုဒီက အတိုက်အခံများကို အနိုင်ပိုင်း အောင်ပွဲခံ
အိန္ဒိယ ရွေးကောက်ပွဲ နောက်ကွယ်မှ ဘောလိဝုဒ် အနုပညာလောက
စန့်ကဘာ၊ ဂင်္ဂါနှင့် မိုဒီ၏ အိန္ဒိယ