Maplecroft က ထုတ်ပြန်တဲ့ အစီရင်ခံစာကို ကိုးကားပြီး Worldatlas Website က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးကတော့ ကမ္ဘာပေါ်မှာ ကလေးလုပ်သား အများဆုံး ရှိနေတဲ့ နိုင်ငံတွေရဲ့စာရင်းကို ဖော်ပြထားတာပါ။ ဒီကလေးတွေဟာ အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရတဲ့အပြင် စစ်သားတွေအဖြစ်လည်း စုဆောင်းခံနေရသလို အကြမ်းဖက် လိင်ဆက်ဆံမှုတွေလည်း ခံနေရပါတယ်။
အဲဒီနိုင်ငံတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၇ နေရာက ရပ်တည်နေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဆင့် ၁ နေရာက ရပ်တည်နေပါတယ်။ Maplecroft ဟာ အင်္ဂလန်နိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် စတာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။
(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကလေးလုပ်သား အများဆုံးနိုင်ငံစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ အဲဒီကလေးတွေဟာ အထည်ချုပ်စက်ရုံတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ အခြားအမျိုးမျိုးသော လုပ်ငန်းတွေမှာ အလုပ် ဝင်လုပ်နေကြရပါတယ်။ ဒါဟာ အလွတ်သဘော ခန့်မှန်းထားတာဖြစ်ပြီး ဒီကလေးတွေဟာ ဘယ်နေရာတွေမှာ ဘယ်လိုအလုပ်တွေ စေခိုင်းခံနေရတယ် ဆိုတာကိုတော့ အတိအကျပြောဖို့ ခက်ခဲပါလိမ့်မယ်။
ကလေးလုပ်သား အများဆုံ းနိုင်ငံစာရင်းတွေထဲမှာ ပါဝင်တဲ့ နိုင်ငံတွေအားလုံးမှာ အခြေခံကျတဲ့ ပြဿနာတခုကတော့ ဆင်းရဲနွမ်းပါးမှုပါပဲ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အတင်းအဓမ္မ အလုပ်စေခိုင်းခံရမှုကို ဥပဒေ တချို့နဲ့ တားမြစ်မှုတွေ ရှိနေပေမယ့်လည်း ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ကတော့ ခက်ခဲနေပါလိမ့်ဦးမယ်။
(၂) ချဒ်သမ္မတနိုင်ငံ
ချဒ်သမ္မတနိုင်ငံဟာ အာဖရိကနိုင်ငံတွေထဲက နိုင်ငံ တနိုင်ငံပါ။ ဒီနိုင်ငံမှာရှိတဲ့ ကလေးအများစုကတော့ လက်မှုလုပ်ငန်းတွေမှာ အဓိကအားဖြင့် အလုပ်စေခိုင်း ခံနေရသလို အများစုကတော့ အတင်းအဓမ္မ အလုပ်စေခိုင်းခံ နေရပါတယ်။ တချို့ကလေးတွေကတော့ လူကုန်ကူးခံနေရပြီး ရေနံလုပ်ငန်းတွေမှာလည်း အလုပ်စေခိုင်းခံနေရပါတယ်။
တချို့တွေကတော့ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံနေရပါတယ်။ UNICEF က ထုတ်ပြန်တဲ့စာရင်းတွေအရဆိုရင်တော့ ဒီနိုင်ငံမှာရှိတဲ့ ကလေး တဝက်ကျော်လောက်ဟာ အတင်းအဓမ္မ အလုပ်စေခိုင်းခံနေရပါတယ်။
(၃) ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ကလေးအများစုကတော့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ၊ ခဲမဖြူနဲ့ အဖြိုက်နက်လုပ်ငန်းတွေ၊ မိုင်းလုပ်ငန်းတွေမှာ အလုပ်ဝင်လုပ်နေကြရပါတယ်။ အဲဒီလိုလုပ်ငန်းတွေအပြင် စိုက်ပျိုးရေးလုပ်ငန်းနဲ့ အခြား အမျိုးမျိုးသော လုပ်ငန်းတွေမှာ ကလေးပေါင်း ၃,၃၂၇,၈၀၆ ယောက်ဟာ ကလေးလုပ်သားတွေအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။
အထူးသဖြင့်ကတော့ ကွန်ဂိုအရှေ့ ပိုင်းကကလေးတွေဟာ ပညာသင်ကြားဖို့ အခက်အခဲဖြစ်နေကြပြီး ကျောင်းတက်ရောက်နေစဉ် အခါတွေမှာလည်း အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံနေရပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေမှာလည်း ဒီနိုင်ငံက အဆိုးဆုံးအဆင့်ပါ။
(၄) အီသီယိုးပီးယားနိုင်ငံ
အီသီယိုးပီးယားနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးအတွေကို ဥပဒေတွေနဲ့ တားမြစ် ကာကွယ်နေပေမယ့်လည်း ကလေးလုပ်သား ပြဿနာက အီသီယိုးပီးယားနိုင်ငံအတွက် ပြဿနာတခုအဖြစ် ရှိနေဆဲပါ။ အီသီယိုးပီးယားနိုင်ငံမှာဆိုရင် အသက် ၇ နှစ်နဲ့ ၁၄ နှစ်အကြားမှာရှိတဲ့ ကလေး ၄၁ ဒဿမ ၅ ရာခိုင်နှုန်းဟာ အလုပ်ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ကလေးအရေအတွက်ရဲ့ တဝက်လောက်ကသာ မူလတန်းပညာရေးကိုသာ ပြီးဆုံးကြပါတယ်။
ကလေးအများစုကလည်း လူကုန်ကူးခံနေရပြီး ရှူးဖိနပ်သုတ်တဲ့ လုပ်ငန်းတွေ၊ ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ အခကြေးငွေ တစုံတရာ မရဘဲ ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။
(၅) အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေ ဒုတိယ အများဆုံးနိုင်ငံ တနိုင်ငံဖြစ်ပြီး ကလေး အလုပ်သမားပေါင်း ၃၃ သန်းကျော် ရှိပါတယ်။ အဲဒီ ကလေးအများစုကတော့ မိုင်းလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အထည်ချုပ်စက်ရုံတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။ မကြာသေးမီနှစ်တွေ အတွင်းကထက်စာရင် အိန္ဒိယနိုင်ငံဟာ စီးပွားရေး တိုးတက်လာခဲ့ပေမယ့် ကံမကောင်းစွာဘဲ အဲဒီအခွင့်အရေးကို အားလုံး မခံစားကြရပါဘူး။
ကလေးတွေ အလုပ်စေခိုင်းခံရမှုကို ဥပဒေတွေနဲ့ တားမြစ်ထားပေမယ့်လည်း လွန်ခဲ့တဲ့နှစ်တွေကထက် စာရင် ပိုပိုပြီးသာ တိုးလာနေခဲ့ပါတယ်။ ကလေးအလုပ်သမားတွေဟာ အဓိကကျတဲ့ မြို့ကြီးတွေကို ရွှေ့ပြောင်းပြီး အလုပ်လုပ်နေရဆဲပါပဲ။
(၆) လိုင်ဘေးရီးယားနိုင်ငံ
လိုင်ဘေးရီးယားနိုင်ငံရဲ့ ကလေးပေါင်း ၃၅၈,၁၇၉ ယောက်ဟာ ကလေးလုပ်သားတွေအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။ ဒီပမာဏဟာ တနိုင်ငံလုံးမှာရှိတဲ့ ကလေး အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းပါ။ ဒီကလေးအများစုဟာ အန္တရာယ်ရှိတဲ့ ဓာတုဗေဒလုပ်ငန်းတွေနဲ့ အခြား အန္တရာယ်ရှိတဲ့ လုပ်ငန်းအသီးသီးတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရသလို တချို့တွေကတော့လည်း စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။
အလုပ်သမားဆိုင်ရာ ဥပဒေတွေကလည်း မရှိသေးတဲ့အတွက်ကြောင့် ဒီကိစ္စကို တားဖြစ်ဖို့ကလည်း ခက်ခဲနေတုန်းပါပဲ။
(၇) မြန်မာနိုင်ငံ
မြန်မာနိုင်ငံမှာ အသက် ၁၀ နှစ်နဲ့ ၁၇ နှစ်အရွယ် ကျောင်းနေအရွယ် ကလေးပေါင်း ၁ ဒဿမ ၅ သန်းလောက်က ကလေးလုပ်သားတွေအဖြစ်နဲ့ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။ ဒီကလေး အများစုဟာ စိုက်ပျိုးရေလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရပြီး အချို့ကလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြား သေးငယ်တဲ့ စက်မှုလုပ်ငန်းမျိုးတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။
ဆင်းရဲခြင်းက အဓိကအကြောင်းတခု ဖြစ်နေပြီး တိုင်းပြည်ရဲ့ အနိမ့်ဆုံးဝင်ငွေနဲ့ အိမ်ထောင်စုကို ထောက်ပံ့နိုင်ဖို့အတွက် ဒီကလေးတွေက အလုပ် ထွက်လုပ်နေကြရပါတယ်။
(၈) နိုင်ဂျီးရီးယားနိုင်ငံ
အာဖရိကန် နိုင်ငံတနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံကလည်း ဆင်းရဲမှုကြောင့် ကလေးလုပ်သား အများဆုံးနိုင်ငံစာရင်းထဲ ပါဝင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ ထုတ် ပြန်ချက်အရဆိုရင် အသက် ၁၄ နှစ်အောက် ကလေးပေါင်း ၁၅ သန်းလောက်က ကလေးလုပ်သားတွေပါ။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စောပြီး လုပ်ငန်းခွင်ထဲကို ဝင်ရောက်ကြပါတယ်။
အများစုကတော့ အိမ်အကူ အဖြစ်ပါ။ အများစုက စိုက်ပျိုးရေးလုပ်ငန်းတွေ၊ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခြားအမျိုးမျိုးသော လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်ကြပါတယ်။ တချို့ကတော့ တောင်းရမ်း စားသောက်ကြရပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံမှာဆိုရင်တော့ အိမ်ထောင်စုအတွက် အရေးပါတဲ့ ဝင်ငွေ အရင်းအမြစ်က ကလေးတွေဆီက လာပါတယ်။ ဒီကလေးတွေဟာ လုပ်ငန်းခွင်မှာခေါင်းပုံ ဖြတ်ခံရမှုနဲ့ အစာအာဟာရ ချို့တဲ့မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
(၉) ပါကစ္စတန်နိုင်ငံ
အမေရိကန်ပြည်ထောင်စု အလုပ်သမားရေးရာဦးစီးဌာနရဲ့ အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံရဲ့ ကလေးပေါင်း ၂၄,၄၉၄,၈၈၉ ယောက်ဟာ ကလေးအလုပ်သမားတွေ အဖြစ် အလုပ်စေခိုင်းခြင်း ခံနေရပါတယ်။ ဒီ ပမဏာဟာ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ ကလေးပေါင်း ၁၃ ရာခိုင်နှုန်းပါ။ အသက် ၁၀ နှစ်နဲ့ ၁၄နှစ် အတွင်းမှာရှိတဲ့ ကလေးပေါင်း ၇၆ ရာခိုင်နှုန်းကလည်း စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြရသလို စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင် စားပွဲထိုးတွေအဖြစ်လည်း ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။
(၁၀) ဆိုမာလီယာနိုင်ငံ
ဆိုမာလီယာနိုင်ငံမှာလည်း အသက် ၅ နှစ်နဲ့ ၁၄ နှစ်အတွင်းမှာရှိတဲ့ ကလေးပေါင်း ၁၀၁,၂၈၆၃ ယောက်ဟာ ကလေး အလုပ်သမားတွေအဖြစ် ရှိနေပါတယ်။ ကျောင်းတက်ရမယ့် ကလေးအရွယ်ရဲ့ တဝက်လောက်ကသာ စာသင်ကျောင်းကို သွားနိုင်ကြပြီး ကျန်တဲ့ တဝက်လောက်ကတော့ မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဓာတ်သတ္တု ရှာဖွေရေးလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြရပါတယ်။
လမ်းဘေးမှာ တောင်းရမ်းစားသောက်နေကြတဲ့ ကလေးအများအပြားကိုလည်း တွေ့နိုင်ပါသေးတယ်။ ဆိုမာလီယာနိုင်ငံဟာ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်နေတဲ့နိုင်ငံဖြစ်သလို မိဘတွေကိုယ်တိုင်ကလည်း ကလေးတွေကို အတင်းအဓမ္မ အလုပ်ထွက်လုပ်ခိုင်းလေ့ ရှိကြပါတယ်။ ပညာရေးစနစ်ကလည်း ညံ့ဖျင်းလွန်းတဲ့အတွက် ဆိုမာလီယာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
Ref. www.worldatlas.com
You may also like these stories:
ကလေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို
ကလေးလုပ်သား စာရင်း ကောက်ယူမှု စတင်
ကလေးစစ်သားတဦး ကျပ် ၁၀ သိန်း အထိ တိုးမြှင့်ထောက်ပံ့ရန် စီစဉ်