တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၊ Online TV Channel များသည် တည်ဆဲ ဥပဒေနှင့် ကိုက်ညီခြင်း မရှိ သည့် အတွက် ဥပဒေနှင့် ညီရန် အဖြေရှာသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။
ဒုဝန်ကြီး ဦးအောင်လှထွန်းက“ဥပဒေနဲ့ လုပ်သင့်ရင်လည်း လုပ်မယ်။ ဥပဒေဘောင် ဝင်အောင် လုပ်ရင်လည်း လုပ် မယ်။ အမျိုးမျိုးပေါ့။ နည်းလမ်းတွေ ရှာကြမှာပါ”ဟု ပြောဆိုသည်။
ဇွန်လ ၁၈ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသော ပြည်တွင်းရှိ တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံ လိုင်းများ၊ Online TV Channel များနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အလုပ်ရုံ ဆွေးနွေးပွဲ အဖွင့် မိန့်ခွန်း အပြီး မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။
အွန်လိုင်း TV Channel များ၊ Web TV များကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက လုပ်ကိုင်နေမှုများစွာ ရှိနေပြီး ၎င်းတို့ ၏ အစီအစဉ်များသည် တည်ဆဲ ဥပဒေများကို လိုက်နာခြင်း မရှိကြောင်း၊ ထို့ပြင် အစီအစဉ်များသည် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ စရိုက်များနှင့် သင့်လျော်မှုလည်း မရှိကြောင်း ဦးအောင်လှထွန်းက ဆိုသည်။
အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ နီပေါ နိုင်ငံများမှ ဝင်ရောက်လာသည့် တရားမဝင် ဂြိုဟ်တု၊ ရုပ်မြင် သံကြား၊ စလောင်းနှင့် ရုပ်သံဖမ်းစက်မှာ သိန်းပေါင်းများစွာ ရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့ ဖြစ်ပေါ်နေသည့် အခြေအနေကို အားလုံး ဝိုင်းဝန်း၍ အဖြေရှာမည် ဖြစ်ကာ ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ် များကို သက်ဆိုင်ရာ နယ်ပယ် အလိုက်မှ မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်မည် ဆိုသည်ကို အဖြေ ထွက်ပေါ် လာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံလွှင့် ထုတ်လွှင့်သူများ အသင်းမှ ဥက္ကဋ္ဌ ဦးကိုကို က မီဒီယာများကို ပြောသည်။
၎င်းက“အခု ဆွေးနွေးပွဲက ဘာလုပ်သင့်တယ်။ ဘာဆောင်ရွက်သင့်တယ် ဆိုတဲ့ အကြံပြုချက်ကို ပေးမှာ ဖြစ်ပါတယ်။ လက်တွေ့ အကောင်အထည် ဖော်ရမှာက အဲဒီ အကြံပြုချက်တွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေက ဖော်ရမှာ ဖြစ်ပါ တယ်”ဟုလည်း ပြောဆိုသည်။
မြန်မာနိုင်ငံ အတွင်း တရားမဝင် ဝင်ရောက်လာသည့် စလောင်း အရေအတွက် ၆ သန်းခန့် ရှိပြီး ယခုကဲ့သို့ ခွင့်ပြုချက် မရှိ ဘဲ၊ နိုင်ငံတော် အုပ်ချုပ်မှု အောက်တွင် မရှိဘဲ ရုပ်သံများ ဝင်လာသည်နှင့် အမျှ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် မကိုက် ညီသည့် အကြောင်းအရာများ ရှိပါကလည်း မည်သို့မှ ဆောင်ရွက်၍ မရကြောင်း ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက်၊ အကြီးတန်း အမှုအောင် ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဦး က ပြောသည်။
ထို့ပြင် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နိုင်ပြီး၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ထိပါးလာနိုင်သည့် အကြောင်း အရာ များပါဝင် လာပါကလည်း ထိန်းချုပ်၍ မရနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်တွင်း၌ ထုတ်လွှင့်နေသည့် ဆိုရှယ် မီဒီယာများကိုလည်း တရားဝင် လိုင်စင် လျှောက်ထားရန် ခေါ်ယူနိုင်ခြင်း မရှိ သေးကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး (အသံလွှင့်) ဦးဇေယျာ က ပြောသည်။
၎င်းက ဆက်လက်ပြီး လက်ရှိ အခြေအနေမှာ နိုင်ငံတကာ၌လည်း မည်သို့ စီစဉ် ဆောင်ရွက်မည်ကို မူဝါဒ ချမှတ်ရန် အတွက် ဆောင်ရွက်ကြသည့် ကာလ ဖြစ်၍ မြန်မာနိုင်ငံတွင်လည်း မည်သို့ ဆောင်ရွက်မည်ကို ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိ တည်ဆဲ ဥပဒေနှင့် အညီ လုပ်ကိုင်ခွင့် ပေးထားသည့် တရားဝင် ရုပ်သံထုတ်လွှင့် ခွင့်ရှိသော အဖွဲ့အစည်းများ မှာ MRTV၊ မြဝတီ၊ MRTV နှင့် အကျိုးတူ ပူးပေါင်းလျက် ရှိသော Forever Group Co.,ltd. ၊ Shwe Than Lwin Media Co.,ltd.၊ Content Provider ၅ ဦး အဖြစ် ဆောင်ရွက်လျက် ရှိသော Mizzima ၊ DVB ၊ Channel K ၊ Fortune TV ၊ YTV တို့ ဖြစ်ကြကြောင်း သိရသည်။
သတင်း အေဂျင်စီ တခု တည်ထောင်ရန် အတွက် ပြန်ကြားရေး ဝန်ကြီးဌာနတွင် လိုင်စင် လျှောက်ထားရယူပြီးနောက် ကိုယ်ပိုင် သတင်းဌာန၊ Website ကို ဆက်လက် တည်ဆောက်ရပြီး၊ Facebook ၊ Yotube စသည့် လူမှုကွန်ရက် ပလက် ဖောင်းများတွင် ကိုယ်ပိုင် သတင်းဌာန၏ အမှတ်တံဆိပ်ဖြင့် Page ထူထောင်ပြီး သတင်းများကို တရားဝင် ထုတ်လုပ် ဖြန့်ဝေကြသည်။
ယနေ့ ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများ၏ လက်ရှိ အခြေအနေနှင့် ဈေး ကွက် အခြေအနေ၊ ထိန်းချုပ် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အွန်လိုင်း TV များ၏ လက်ရှိ အခြေအနေ ၊ အွန်လိုင်း TV များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် နည်းလမ်းများ အစရှိသည့် အကြောင်းအရာများကို ပြည်တွင်း မီဒီယာ များနှင့် အစိုးရ တာဝန်ရှိသူများက အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။