ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် ရွာ ၄ရွာမှ ဒေသခံ ၂၂၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သတင်းရရှိသည်။
ဒေသခံများ၏ ပြောဆိုချက်အရ တပ်မတော်နှင့် TNLA တို့သည် ဇွန် ၁၆ ရက်၊ မနက် ၆ နာရီခန့်က စ၍ အပြန် အလှန်ပစ်ခတ်ရာ ရွာများ အနီး လက်နက်ကြီးကျည်များ ကျသဖြင့် ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု သိရသည်။
ကချင်လူငယ်အဖွဲ့မှ မမိုင်းမိုင်က “အဓိက ကတော့ လက်နက်ကြီး ပစ်လို့ပါ၊ တပ်စွဲထားတဲ့ TNLA ကို ဖယ်ရှားဖို့ လာလုပ်တယ်လို့ ကြားရတယ်။ လက်နက်ကြီးက တာမိုးညဲက ပစ်လို့ ရွာသားတွေက ကြောက်လန့်ပြီး ထွက်ပြေး လာကြတာ” ဟု ပြောသည်။
လက်ရှိတွင် ကွတ်ခိုင်မြို့နယ်၊ ဖတ်ကာ၊ နမ့်ပွေ၊ နောင်းဆန်၊ ကျောင်ခုန် အမည်ရှိ ရွာ ၄ ရွာမှ အမျိုးသမီး ၁၃၀ ၊ အမျိုးသား ၉၆ ဦး၊ စုစုပေါင်း ၂၂၆ ဦး မှာ ကွတ်ခိုင်မြို့၊ မော်ဟန်ကချင်နှစ်ခြင်း ဘုရားကျောင်းတွင် လာရောက် ခိုလှုံနေကြသည်ဟု မမိုင်းမိုင်းက ဆိုသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ( KBC)၏ ကွတ်ခိုင်ဇုန်နယ်၊ လူမှုကူညီရေးနဲ့ ဖွံ့ဖြိုးရေး ဌာန၊ တာဝန်ခံ ဦးဆိုင်းလွမ်းက “လောလောဆယ်တော့ စစ်တပ်တွေက ရွာမှာပဲရှိနေတယ်။ အနီး အနားမှာလည်း TNLAတွေ ရှိနေသေးတယ်ဆိုတော့ အချိန်မရွေး စစ်ဖြစ်လာနိုင်တယ်။ ဗမာအစိုးရစစ်တပ်က ပြေးစရာ မလိုဘူး ပြောပေမယ့် TNLA ဘက်ကတော့ ရှောင်မှဖြစ်မယ်ဆိုလို့ ရှောင်လာ တာတဲ့”ဟု ပြောသည်။

စစ်ရှောင် ထွက်ပြေးလာသူများ ခိုလှုံနေသည့် မော်ဟန်ကချင်နှစ်ခြင်း အသင်းတော်နှင့် ၎င်းတို့၏ နေရပ်ရင်း ရွာများမှာ ၇ မိုင်၊ ၈ မိုင်ခန့်ဝေးသည်ဟုလည်း ဦးဆိုင်းလွမ်းက ဆိုသည်။
မော်ဟန်ကချင်နှစ်ခြင်းအသင်းတော်မှ စားနပ်ရိက္ခာ ထောက်ပံ့ပေးထားပြီး နေရာထိုင်ခင်း အတွက် ဘုရား ကျောင်းဝင်းအတွင်း ယာယီနေထိုင်ရန် အတွက် စီစဉ်ပေးထားသည်ဟု သိရသည်။
ကွတ်ခိုင်မြို့အတွင်းမှ တသီးပုဂ္ဂလ အလှူရှင်များကလည်း စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် လာရောက် လှူဒါန်းထားသဖြင့် လတ်တလော စားရေးသောက်ရေးမှာ အဆင်ပြေကြောင်း ဦးဆိုင်းလွမ်းက ဆိုသည်။
“ပြောရမယ်ဆို အခုထက်ထိ ပြေးလာနေတုန်းပဲ။ တချို့က ချက်ချင်း မလာနိုင်ဘူး။ ဟိုမှာ တိရစ္ဆာန်တွေ အပင်တွေနဲ့ ဆိုတော့ ကလေးတွေ မိန်းမတွေက အရင်လာတယ်။ ယောင်္ကျားတွေက နောက်မှ လိုက်လာတယ်ဆိုတော့ ခုထိ ပြေးလာနေသူတွေ ရှိနေတုန်းပဲ”ဟု သူကပြောသည်။
မော်ဟန် ကချင်နှစ်ခြင်း ဘုရားကျောင်းသို့ လာရောက် ခိုလှုံနေသည့် ၂၂၆ ဦးမှာ ရွာ ၄ ရွာမှ လူကုန်မဟုတ်ဘဲ မပြေး နိုင်သူ တချို့လည်း ကျန်နေသေးကြောင်း၊ အချို့လည်း ဘုရားကျောင်း သို့ မလာပဲ နီးစပ်ရွာ ဆွေမျိုးမိဘများ အိမ်တွင် သွားခိုလှုံနေကြသူများလည်း ရှိသည်ဟု ဦးဆိုင်းလွမ်းက ပြောသည်။
လက်ရှိတွင် ဒေသခံများ ထွက်ပြေးလာသည့် ရွာများမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်း ၉ လှုပ်ရှားရာ ဒေသဖြစ်ပြီး၊ ဒေသခံအချို့ကလည်း KIA ထိန်းချုပ်နယ်မြေအစိတ်အပိုင်းဟု ပြောဆို ကြသည်။
ဖတ်ကာ၊ နမ့်ပွေ၊ နောင်းဆန်၊ ကျောင်ခုန် ရွာများသည် ၂၀၁၈ ခုနှစ်ကလည်း တပ်မတော်နှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားစဉ်ကလည်း တိမ်းရှောင်ရဖူးသည်။
TNLA တပ်ဖွဲ့ဝင်များသည် ယခင်က လှုပ်ရှားခြင်း မရှိဘဲ ၎င်းတို့ ရွာများအနီး ရောက်လာပြီး လှုပ်ရှားသည်မှာ ၃လခန့်သာ ရှိသေးသည်ဟုလည်း ဒေသခံများထံမှ သိရသည်။
KIA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “အဲ့ဒီနေရာက KIA တပ်ရင်း ၉ နယ်မြေဆိုတာ မှန်ပါတယ်၊ TNLA တွေလည်း လှုပ်ရှားနေတဲ့ နေရာပါ၊ အားလုံးက ပူးပေါင်းတဲ့ နယ်မြေဖြစ်နေလို့ TNLA ရဲ့ နယ် မြေလို့လည်း ပြောလို့ရတယ်။ KIA ရဲ့ နယ်မြေလို့လည်း ပြောလို့ရပါတယ်”ဟု ဆိုသည်။
KIA တပ်ရင်း ၉ လှုပ်ရှားသည့် အနီးတဝိုက်တွင် TNLA အပြင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့လည်း လှုပ်ရှားမှုရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။
လက်ရှိတွင် ကွတ်ခိုင်မြို့နယ်တွင်း ဒေသခံများ ထွက်ပြေးနေသည်မှာ မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် TNLA ၊ MNDAAနှင့် တပ်မတော်တို့ တဖွဲ့ဖွဲ့ အကြား ပစ်ခတ်မှုများကြောင့် ဖြစ်နိုင်ပြီး KIA နှင့် တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပါဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ဧရာဝတီမှ တပ်မတော်နှင့် TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံများကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။
တပ်မတော်သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် KIA၊ TNLA ၊ MNDAA ၊ ရက္ခိုင်စစ်တပ် (AA) တို့နှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တခု ချုပ်ဆိုနိုင်ရန် ဇွန် ၃၀ ရက်ထိ အပစ်ရပ်ဆိုင်း ထားကြောင်း ကြေငြာထားသည်။
တပ်မတော်မှ အပစ်ရပ်ဆိုင်းထားသည့် စစ်တိုင်း ၅ တိုင်းတွင် AA လှုပ်ရှားနေသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်မှ အပ ကျန် မဟာမိတ်အဖွဲ့များ လှုပ်ရှားနေသည့် ဒေသအားလုံး ပါဝင်သည်
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် Bilateral စာချုပ်ပါ အချက်များ ညှိနှိုင်းရန် မေ တွင် တွေ့ဆုံရန် အစိုးရ၏ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စားလှယ်များ နှင့် ချိန်းဆိုထားသော်လည်း ယနေ့ထိ တွေ့ဆုံနိုင်ခြင်း မရှိပါ။
Bilateral စာချုပ်တွင် တပ်နေရာချထားရေးကိစ္စများ တပါတည်း သဘောတူထည့်သွင်း ကြမည် ဖြစ်သော်လည်း တပ်မတော်က AA ကို ရခိုင်ပြည်နယ်တွင်း အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တပ် နေရာချ ထားရေး ကိစ္စနှင့် ပတ်သက်၍ AA အပြင် TNLA နှင့် MNDAA တို့ အပေါ်တွင်လည်း သဘောထား တင်းမာမှုများ ရှိနေပါသည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
You May Also Like These Stories:
မြောက်ပိုင်း မဟာမိတ် FPNCC ခေါင်းဆောင်များ
တပ်မတော်နှင့် AA ကြား Bilateral စာချုပ် ချုပ်ဖြစ်နိုင်မလား