တွံတေးမြို့နယ်နေ အိမ်အကူမကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး တင်သွင်းထားသည့် အမှုရုပ်သိမ်းလွှာသည် တရားရုံး သို့ရောက်ရှိလာခြင်း မရှိသဖြင့် အမိန့်တစုံတရာ ချမှတ်ရန်အကြောင်းအရင်း မရှိကြောင်း တောင်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီးက ယနေ့ရုံးချိန်းတွင် ပြောသည်။
သေဆုံးသူ မကရင်မ၏ အိမ်ရှင်ဖြစ်သူ သံသယတရားခံ ဒေါ်သိင်္ဂီစုအား တရားစွဲဆိုထားမှုကို ပြန်လည် ရုပ်သိမ်းခွင့်ပြုရန် မကရင်မ မိခင် ဒေါ်လှလှဝင်းက ကျေအေးလွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့သို့ ရုပ်သိမ်းလွှာတင်သွင်းခဲ့သော်လည်း ခရိုင်ရဲတပ်ဖွဲ့မှ ကြေအေးရုတ်သိမ်းရန် မသင့်ဟု သဘောထား မှတ်ချက် ပေး ခဲ့သဖြင့် ဥပဒေရုံးကလည်း တရားရုံးသို့ ဆက်လက်တင်ပြခြင်း မပြုခဲ့ကြောင်း တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြော သည်။
ဒေါ်စန်းစန်းမြင့်က“တရားစွဲ အဖွဲ့အစည်းကတောင် ငြင်းပယ်လိုက်တဲ့ ရုတ်သိမ်းလွှာကို တာဝန်ရှိတဲ့ ဥပေဒရုံးကလည်း တရားရုံးကို တင်ပြစရာ အကြောင်း မရှိဘူးဆိုပြီး တင်လည်း မတင်ပြတော့ဘူး။ တရားရုံးကို ရောက်ရှိလာခြင်း မရှိသော ရုတ်သိမ်းလွှာနဲ့ ပတ်သက်ပြီးတော့ တရားရုံးသည် အမိန့်တစုံတရာ ချဖို့ မရှိဘူးဆိုပြီး အားလုံးကို ရှင်းပြတာပေါ့”ဟု ဆို သည်။
ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် မကရင်မ သေဆုံးမှုမှ သံသယတရားခံ ဒေါ်သိင်္ဂီစုကို စစ်ဆေးရမည်ဖြစ်သော်လည်း ဒေါ်သိင်္ဂီစု တွင် ရှေ့နေမရှိသဖြင့် ရုံးချိန်းကို နှစ်ပတ်ကြာရွှေ့ဆိုင်းခဲ့ရသည်။
သံသယတရားခံ ဒေါ်သိင်္ဂီစု၏ ရှေ့နေသည် ရှေ့နေပါဝါ ရုပ်သိမ်း နုတ်ထွက်သွားသည့်အတွက် အမှုအားကိုင်တွယ်မည့် ရှေ့နေအသစ်ကို ရှာဖွေနေရကြောင်း ဒေါ်သိင်္ဂီစုက တရားခွင်တွင် ပြောခဲ့သည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ တရားခံ ဖြစ်သည့် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ဇန်နဝါရီလ ၂၃ ရက်တွင် စွဲချက်တင်ထားခြင်း ဖြစ်သည်။
လူသတ်မှု ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ ၁၀ နှစ် အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်က တွံတေးမြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ယခုအမှုတွင် တရားလိုပြ သက်သေ ၂၈ ဦး နှင့် ပြန်ခေါ် သက်သေ ၉ ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် တရားခံပြ သက်သေအဖြစ် ၁၈ ယောက် တင်သွင်းထားကြောင်း သိရသည်။
You may also like these stories:
မကရင်မအမှု ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် အဖွဲ့မှ အခမဲ့လိုက်ပေးမည်
ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး သေနတ်ဒဏ်ရာဖြင့် သေဆုံး
ဖြိုးကိုကိုတင့်ဆန်း အမှု ယခုနှစ်အတွင်း အပြီးသတ်နိုင်ဟု ရှေ့နေပြော
မကရင်မ အမှုတွင် အိမ်ရှင်နှိပ်စက်ဖူးကြောင်း ရဲထံထွက်ချက်ပေးသူ ပျောက်နေ