ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူ အမှုအား မျက်ကွယ်တွင် စစ်ဆေးနေသော်လည်း ဖမ်းမမိခင် ပြစ်ဒဏ် ပေး အမိန့်ချမည် မဟုတ်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံး၊ ဒုခရိုင်တရားသူကြီး-၁၂ ဦးကြည်မင်းစိုးက ပြော သည်။
ဦးကြည်မင်းစိုး က “ပြေးနေရင် တရားစီရင်ရေး မူအရ တရားခံရဲ့ မျက်ကွယ်မှာ သူ့ကိုထိခိုက်မယ့် အမိန့်ချလို့ မရဘူး၊ သူ့ကိုကြားနာပေးရမယ်၊ ဒါကြောင့် ဒီမှာလဲ အမိန့်မချဘူး၊ မျက်ကွယ်အမိန့်ဆိုတာ ကျနော်တို့မှာ မရှိဘူး၊ ထိုင်းမှာတော့ရှိတယ်၊ သူကိုလဲ ဖမ်းမိတဲ့အခါ တရားရုံးတင်ပြီး စစ်ပေးမှာပါ၊ အဲ့လိုစစ်ဆေးပြီးမှသာ အမိန့်ချမှာပါ” ဟု ရှင်းပြသည်။
ဥပဒေ လုပ်ထုံးလုပ်နည်းအရလည်း တရားလိုဘက်က တင်ပြသည့် သက်သေ (မှင်နက်သက်သေ) များအား စစ်ဆေးပြီးမှသာ တရားခံပြေးအဖြစ် ကြေညာ သင့်မသင့်ကို တရားသူကြီးက ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဒုတိယ ခရိုင်တရားသူကြီး – ၁၂ ဦးကြည်မင်းစိုးသည် ယနေ့ဇွန်လ ၁၈ ရက်နေ့ ရုံးချိန်းတွင် တရားရုံး ပြန်ကြားရေး အရာရှိ ဒုတိယခရိုင် တရားသူ ကြီး (၃)၊ ဦးမင်းသန့်ကိုယ်စား အမှုနှင့်ပတ်သက်၍ ရှင်းလင်း ဖြေကြားခဲ့ခြင်းဖြစ် သည်။
ဦးဝီရသူသည် မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် မလေးမစားဖြစ်အောင်၊ မေတ္တာပျက်အောင် လှုံ့ဆော် ဟောပြောသည်ဟု ဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် အရေးယူပေးရန် အနောက်ပိုင်းခရိုင်၊ ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားရုံး ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးဝီရသူအား ဖမ်းဆီးရမိရေးအတွက် တရားရုံးမှ ဖမ်းဝရမ်း ၂ ကြိမ်ထုတ်ဆင့်ခဲ့သော်လည်း ထွက်ပြေး တိမ်း ရှောင် နေသည့်အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄(က)/ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ အရ ရာဇ ဝတ်အထွေထွေမှု ဖွင့်ကာ ဆက်လက်စစ်ဆေးနေခြင်းဖြစ်သည်။
ယနေ့ရုံးချိန်တွင် တရားလိုဖြစ်သူ ဦးစန်းမင်းအား စတင်စစ်ဆေးခဲ့ပြီး တရားစွဲဆိုရန်အတွက် နိုင်ငံတော် သမ္မတ ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က အဆင့်ဆင့်ညွန်ကြား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထွက်ဆို ခဲ့သည်။
တရားလိုတင်ပြခဲ့သည့် တိုင်ကြားလျှောက်ထားစာ၊ သမ္မတရုံးအမိန့်စာ၊ ရန်ကုန်တိုင်းအစိုးရ ထပ်ဆင့်ညွန်ကြား ချက် အမိန့်စာ၊ မေလ ၅ ရက်နေ့က ဦးဝီရသူဟောပြောနေသည့် ရုပ်/သံ အခွေနှင့် ယင်းအခွေပါ ပြောကြား ချက်များအား စာနှင့်ပြန်ရေးထားသည့် စာရွက်စာတမ်းများကိုလည်း သက်သေခံအဖြစ် တရားရုံးက လက်ခံခဲ့ပြီး ရုပ်/သံ အခွေအား တရားခွင်အတွင်း ဖွင့်ပြခဲ့သည်။
အမှုတွင် တရားလိုပြသက်သေ ၉ ဦး တင်ပြထားရာပြီး ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် အရပ်သား လူပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။
အမှုဆက်လက်စစ်ဆေးရန် ရုံးချိန်းအား ဇွန်လ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပြီး တရားလိုပြသက်သေ ၃ ဦးအား စစ်ဆေးရန် ဆင့်ခေါ်မည်ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဦးဝီရသူ ထောက်ခံပွဲ ပါဝင်သူများကို လိမ်လည်ခေါ်ခဲ့ခြင်းမရှိဟုဆို
ဦးဝီရသူကို မျက်ကွယ်ဆက်စစ်မည်ဟု တရားရုံးကြေညာ
ဦးဝီရသူ ထောက်ခံပွဲကြောင့် ဘုန်းတော်ကြီးများ အပါအဝင် ၉ ဦးကို အမှုဖွင့်
ဦးဝီရသူကို တပတ်အတွင်း မမိပါက တရားခံပြေး ကြေညာကာ မျက်ကွယ်အမှုစစ်ဖွယ်ရှိ