သတင်း

ဥပဒေ ပြဋ္ဌာန်းချက်အရ မွေးစားခွင့်ရ ကလေးတိုင်း နိုင်ငံသား ဖြစ်မည် မဟုတ်

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ကလေး မွေးစားခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက် အရ မွေးစားခွင့်ရတိုင်း နိုင်ငံသား ဖြစ်မည် မဟုတ်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ တွဲဖက် အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏ စိုး က ပြောသည်။

ပြီးခဲ့သည့် ဇွန် ၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည့် ကလေးသူငယ် အခွင့်အရေးများ ဆိုင် ရာ ဥပဒေ အခန်း(၈)ကလေးသူငယ်ကို မွေးစားခြင်းပါ ပြဋ္ဌာန်းချက် တချို့အပေါ် ဝေဖန်ပြောဆိုနေမှုများနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းရာ အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ဒေါက်တာ မြတ်ဉာဏစိုးက“မွေးစားခွင့်ရတိုင်း နိုင်ငံသား မဖြစ်ဘူး။ မွေးစားခွင့်ပဲ ရမှာ။ အုပ်ထိန်းပိုင်ခွင့်တော့ ရသွား မယ်။ အဲဒီမှာ နိုင်ငံသား ဖြစ်ခွင့်ကျတော့ ၁၉၈၂ ဥပဒေကြီးကို ကျော်ကြည့်လေ။ ဘယ်လို ကျော်မတုံး”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ကလေးမွေးစားခြင်းနှင့် ပတ်သက်၍ ယခု ဥပဒေသည် တည်ဆဲ ဓလေ့ထုံးထမ်း ဥပဒေ (Customary Law) များနှင့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေတို့ကို ကျော်လွန်မည် မဟုတ်ကြောင်း၊ လွှမ်းမိုးမည် မဟုတ် ကြောင်း ရှင်းပြသည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ ၇၃ တွင် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသား တဦးသည် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ အဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်းထားသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ကလေး မွေးစားခွင့်ပါ ပြဋ္ဌာန်းချက်များသည် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို လွှမ်းမိုး ပယ်ဖျက်လိုက်သည်၊ ဖောက်ဖျက် ကျူးလွန်နေသည်ဟု ဆိုကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ် အပါအဝင် နိုင်ငံရေး ပါတီ ၂၆ ခုက ဇွန် ၁၆ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကလည်း ဇွန် ၁၂ ရက်စွဲဖြင့် သီးခြား ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေ ပုဒ်မ ၃၃(ခ)တွင် မွေးစား ကလေးငယ် တဦးသည် မွေးစားမိဘနှင့် သက်ဆိုင်သည့် ဥပဒေ (သို့) ဓလေ့ ထုံးတမ်း ဥပဒေနှင့် အညီ မွေးစားမိဘ၏ အခြား သားသမီးများကဲ့သို့ပင် အမွေဆက်ခံရန် အခွင့်အရေး အပါအဝင် တူ ညီသော အခြား အခွင့်အရေးများကို ရရှိစေရမည် ဟူသော ပြဋ္ဌာန်းချက်သည် မွေးစားကလေးငယ်သည် မဲပေးပိုင်ခွင့် ရွေးချယ်ခံပိုင်ခွင့်နှင့် အတူ တိုင်းရင်းသား နိုင်ငံသားများ၏ အခွင့်အရေး အားလုံးကိုပါ သားသမီးအရင်းများနှင့် တန်းတူ ရပိုင်ခွင့် ရှိလာကြမည် ဖြစ်ကြောင်း နိုင်ငံရေး ပါတီ ၂၆ ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုင်ငံရေး ပါတီ ၂၆ ခု အနေဖြင့် တိုင်းရင်းသား မဟုတ်၊ နိုင်ငံသား မဟုတ်သည့် ကလေးငယ်များကို တရားဝင် မွေးစား ခွင့်နှင့် နိုင်ငံသား ဖြစ်ခွင့်ရရှိစေမည့် ယင်းဥပဒေ ပြင်ဆင်ချက်များကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းပါ အခန်း(၈) ပုဒ်မ ၂၆ တွင် မြန်မာနိုင်ငံသား တဦးဦးသည် ကလေး သူငယ်ကို မိဘအရင်း သဖွယ် ပြုစု စောင့်ရှောက်နိုင်ပါက ကလေးသူငယ်အား သတ်မှတ်ချက်များနှင့် အညီ မွေးစား ပိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၈ ပုဒ်မခွဲ(က)တွင် ကလေးငယ်အား မှတ်ပုံတင်၍ မွေးစားခွင့်ပြုရန် သက်ဆိုင်ရာ မွေးစားခြင်း မှတ်ပုံတင် လူမှု ဝန်ထမ်း အရာရှိထံ သတ်မှတ်ချက်များနှင့် အညီ လျှောက်ထားနိုင်ကြောင်းကို ပုဒ်မခွဲများဖြင့် အသေးစိတ် ဖော်ပြ ထား သည်။

ပုဒ်မခွဲ(ခ)တွင် ကလေးငယ်ကို မွေးစားလိုသူသည် မွေးစားခြင်း မှတ်ပုံတင် လူမှုဝန်ထမ်း အရာရှိထံတွင် မှတ်ပုံတင်၍ မွေးစားခြင်း မပြုဘဲ သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် တည်ဆဲ ကိတ္တိမ မွေးစားခြင်း ဆိုင်ရာ အက်ဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ မွေးစားစာချုပ်ကို မှတ်ပုံတင်၍ မွေးစားနိုင်ကြောင်း ပါရှိသည်။

အဆိုပါ ပြဋ္ဌာန်းချက်များ အရ ကလေးငယ် မွေးစားစာချုပ်ကို မှတ်ပုံတင်၍ မွေးစားသည့် မွေးစားမိဘသည် မွေးစား သည့် ကလေးငယ်နှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း ဦးစီးဌာနက သတ်မှတ်သော တာဝန်နှင့် စည်ကမ်းချက်များကို လိုက် နာ ရမည် ဖြစ်သကဲ့သို့ ကလေးငယ်ကို ပြည်ပသို့ ခိုးထုတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မ ဝန် ဆောင်မှု ပေးစေခြင်း (သို့) နှိပ်စက် ညှဉ်းပန်းခြင်း မပြုလုပ်ရဟု အတိအကျ ဖော်ပြထားသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကြမ်းသည် ကလေးငယ်များ အတွက် အကာကွယ်ပေးချင်သည့် ရည် ရွယ်ချက်သာ ဖြစ်ပြီး ကလေးမွေးစားခြင်းနှင့် ပတ်သက်၍ ပြောဆို ဝေဖန်နေမှုများမှာ မှားယွင်းနေကြောင်း၊ လိုရာ ဆွဲ တွေးကာ ပြောဆိုနေကြခြင်းသာ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော်စူဇန်နာ လှလှစိုးက မှတ် ချက်ပြုသည်။

“ဒီဥပဒေရဲ့ အနှစ်သာရသည် ကလေးသူငယ်တွေကို အကာအကွယ်ပေးချင်လို့ ပြဋ္ဌာန်းတာ ဖြစ်တယ်။ ကလေး သူ ငယ်တွေ ကျန်းမာမှ သန်စွမ်းမှ ပညာတတ်မှ ဒီတိုင်းပြည်ရဲ့ အနာဂတ်က ပိုမိုပြီး လင်းလက် တောက်ပမယ်။ ခိုင်မာ မယ်။ ဒါကြောင့် အရမ်း အရေးကြီးတဲ့ ဥပဒေ ဖြစ်တယ်။ ဒီဥပဒေမှာ ၁၀၀ ရာခိုင်နှုန်း အန်တီတို့ လိုချင်တာ မဟုတ်ပေ မယ့် တော်တော်များများ ကလေးသူငယ်တွေကို ကာကွယ်ပေးနိုင်တဲ့ အတွက် ဆက်လက်ပြီး နည်းဥပဒေတွေရော ပြည်သူတွေ ကို အသိပညာပေးတဲ့ အစီအစဉ်တွေလည်း ဆက်လက်ပြီး လုပ်ဆောင်သွားပါမယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးများ ရေးသား ဖော်ပြသည့် အာနန္ဒာ ဝက်ဘ်ဆိုဒ် တည်ထောင်သူ ကိုထင်ကျော်အေး ကလည်း“ဒီဥပဒေက ကလေးသူငယ်မွေးစားခြင်းနဲ့ ပတ်သက်တဲ့ အဓိက ဥပဒေ မဟုတ်ဘူး။ ကလေးသူငယ် အခွင့် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ Child right convention ထိုးတာမျိုးတွေကို ပိုပြီးကောင်းလာအောင် နောက်ပြီး ကလေးသူငယ်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ ပိုရအောင် ရေးတဲ့ ဥပဒေမျိုး”ဟု ပြောသည်။

ကလေး မွေးစားခွင့် ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ စိုးရိမ်စရာ ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်၏ ဆွေးနွေးမှု အွန်လိုင်းပေါ် ပျံ့နှံ့ပြီးနောက် ထပ်ဆင့် ပြန်လည် မျှဝေကြရင်းမှ နားလည်မှု လွဲသွားသည့် သဘော ဟု ထင်မြင်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

ဇွန် ၇ ရက် ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တပိုဒ်ချင်းစီ အလိုက် အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော် အဆုံး အ ဖြတ် ရယူခြင်း အစည်းအဝေးတွင် တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ဇော်ဝင်းဦးက ပုဒ် မ ၆၂(စ)ကို ဆွေးနွေးရင်းက ကလေး မွေးစားခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ထည့်သွင်း တင်ပြသွားခဲ့ခြင်း ဖြစ်သည်။

ယင်း ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် ထောက်ပြ ဆွေးနွေးခဲ့သော်လည်း မျက်ကွယ်ပြုပြီး အဆိုပြု ပြဋ္ဌာန်း ချက်အတိုင်း မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည့် အတွက် ဥပဒေထဲတွင် ပျော့ကွက် ဟာကွက်များ ကျန်ရှိနေခဲ့ သည် ကို သတိချပ်ရန် လိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ဆက်လက်၍ ဗိုလ်မှူး ဇော်ဝင်းဦးက မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံများနှင့် နိုင်ငံ ဧရိယာ ကျဉ်း မြောင်းပြီး လူဦးရေ ပေါက်ကွဲနေသည့် နိုင်ငံများကြား တည်ရှိနေကြောင်း၊ ယခု ပြဋ္ဌာန်းမည့် ကလေးသူငယ် အခွင့် အ ရေးများ ဆိုင်ရာ ဥပဒေ တွင် စိုးရိမ်ဖွယ်ရာ အချက်အလက်များကို တွေ့နေရပြီး လက်ရှိ ရှုပ်ထွေးနေသည့် နယ်စပ် ဒေ သ အခြေအနေများ အပေါ် နောင်အနာဂတ်တွင် ထပ်ဆင့် ဝန်ပိလာစေနိုင်သည့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်စေသည် ဟု လည်း ဆိုသည်။

“ဥပဒေ ပြဋ္ဌာန်းရာမှာ အားနည်းချက် ဟာကွက်များ မရှိစေဖို့ အထူး လိုအပ်လှပါတယ်။ ဥပမာ ပုဒ်မ ၂၁၊ ၂၈ တို့ကို ဆွေးနွေးစဉ်က နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂါလီများကို နိုင်ငံသား ဖြစ်တဲ့ ဘင်္ဂါလီများက ဤဥပဒေ အရ တရားဝင် မွေး စားခွင့် လွယ်လွယ်ကူကူ ရရှိသွားစေနိုင်တဲ့ ပြဋ္ဌာန်းချက် ဖြစ်လို့ ကလေးမွေးစားခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ အုတ်ရောရော ကျောက်ရောရော ပါမလာစေဖို့ အတွက် မွေးစားခံရသူ ကလေးရဲ့ ဇာစ်မြစ် သမိုင်းကြောင်း နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်တဲ့ သတ်မှတ် ပြဋ္ဌာန်းချက်တွေဟာ ရှင်းလင်း တိကျခိုင်မာဖို့လိုတာ တွေ့ရပါတယ်”ဟု ၎င်းက ပြော သည်။

မွေးဖွားခြင်း မှတ်ပုံတင်ရာတွင်လည်း မွေးဖွားရာ နေရာကို တဖက်လှည့်ဖြင့် အတည်ပြုခြင်းမျိုး၊ ကလေးမွေးစားခွင့် ပြုခြင်း၊ မွေးစားခွင့် ရုပ်သိမ်းခွင့်ပြုခြင်း၊ ဂေဟာသို့ အပ်နှံစေရန် ဆောင်ရွက်စေနိုင်ခြင်း စသည့် ကိစ္စရပ်များတွင်လည်း လုပ်ပိုင်ခွင့်များကို အဖွဲ့စနစ်ဖြင့် မဟုတ်ဘဲ တဦးတယောက်ထံတွင် လုပ်ပိုင်ခွင့် အာဏာကို အပ်နှင်းထားခြင်းမျိုးများ သည် အနာဂတ်တွင် ဒေသခံ တိုင်းရင်းသားများကို တိုင်းတပါးသားများက အုံနှင့်ကျင်းနှင့် လွှမ်းမိုးသွားသည် အထိ ဖြစ်လာစေနိုင်သည့် အန္တရာယ်မျိုး ကြုံလာရမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။

အဆိုပါ ဆွေးနွေးချက်နှင့် ပတ်သက်၍ ကိုထင်ကျော်အေးက“အဲဒါက သူ နည်းနည်း ပိုပိုသာသာ ဆွေးနွေးတာလို့ ထင်တယ်။ သူ အလွန်အကျွံ စိုးရိမ်ချက်ကို ချပြသလို ဖြစ်နေတယ်”ဟု မှတ်ချက်ပြုသည်။

“၈၂ နိုင်ငံသား ဥပဒေထဲမှာ ကလေးမွေးစားရုံနဲ့ အဲဒီမွေးစားခံရတဲ့ ကလေးက နိုင်ငံသားဖြစ်မှု အပေါ်မှာ သက်ရောက် မှု မရှိဘူး။ မွေးစားလိုက်ရုံနဲ့ သူ့ရဲ့နိုင်ငံသားဖြစ်မှုကို ပြောင်းလဲလို့ မရဘူး ဆိုတာလည်း ပါတယ်။ အဲဒီအချက်တွေ ကြောင့်ပဲ အမျိုးသား လွှတ်တော်မှာ သူ့ရဲ့ပြင်ဆင်ဖို့ တင်ပြတဲ့အချိန်မှာ မအောင်မြင်ခဲ့တာ ဖြစ်ဖို့များတယ်”ဟုလည်း ၎င်းက ဆိုသည်။

ဇွန် ၇ ရက်တွင် ပြည်ထောင်စု လွှတ်တော်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို အတည်ပြုပြီးနောက် နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့ထားပြီး ၁၄ ရက် အတွင်း သမ္မတက လက်မှတ်ထိုးလိုက်ပါက ဥပဒေ အဖြစ် ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။

ထိုသို့ မဟုတ်ဘဲ သမ္မတက ၁၄ ရက်အတွင်း လက်မှတ်မထိုးဘဲ ၎င်း၏ မှတ်ချက်ဖြင့် အတူ ပြည်ထောင်စုလွှတ်တော် နာယကထံ ပြန်လည် ပေးပို့လာပါက ပြည်ထောင်စုလွှတ်တော်တွင် သီးသန့်ပြန်လည် ဆွေးနွေးရမည် ဖြစ်သည်။

ယခု အတည်ပြုလိုက်သည့် ဥပဒေသည် ၁၉၉၃ ကလေးသူငယ် ဥပဒေကို ခေတ်ကာလနှင့် လျော်ညီစေရန် ပြင်ဆင် အစားထိုးထားသည့် ဥပဒေ ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CRC) ကို ၁၉၉၁ တွင် လက်မှတ် ရေးထိုးခဲ့သည့် မြန် မာနိုင်ငံအနေဖြင့် ခွဲခြားဆက်ဆံမှု မရှိခြင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို အလေးထားခြင်း၊ ရှင်သန်ခွင့်၊ ရှင်သန် တိုးတက်ခြင်း၊ ကလေးသူငယ်များ၏ အမြင်ကို လေးစားခြင်း ဟူသည့် CRC ၏ အခြေခံမူများကို လိုက်နာရမည့် တာဝန်ရှိသည်။

You May Also Like These Stories:

ကလေးလုပ်သားရှိနေတာ တိုင်းပြည်အတွက် အန္တရာယ်တခုပဲ

ကလေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading