အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို အမည်ပြောင်း ဖွဲ့စည်းထားသည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့သည် အမျိုး ဘာသာ သာသနာအတွက် လိုအပ်နေသည့် အဖွဲ့၊ အားပေးသင့်သည့် အဖွဲ့အစည်း တရပ် ဖြစ်၍ တပ်မတော် အနေဖြင့် လှူဒါန်းရခြင်း ဖြစ်ကြောင်း သိရသည်။
တရားမဝင်အဖွဲ့ဟု ကြေညာခြင်း ခံထားရသည့် မဘသ အဖွဲ့အား အမည်ပြောင်းထားသည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း (ဗဟို) က ဇွန်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ယင်းအဖွဲ့၏ နှစ်ပတ်လည် ညီလာခံသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ် သိန်း ၃၀၀ လှူဒါန်းခဲ့သည်။
“ဒီအဖွဲ့အစည်းသည် သံဃာ အဖွဲ့အစည်းတရပ်ပဲ။ အဲဒီလို ဦးတည်ချက်နဲ့ သွားလှူတာပဲ ဖြစ်ပါတယ်။ တပ်မတော်က တော့ ဒီလိုအပ်နေတဲ့ ကိုယ့်ဘာသာ သာသနာအတွက် လိုအပ်နေတဲ့ အဖွဲ့မျိုးတွေ၊ လှူသင့်တယ်ထင်တဲ့ အဖွဲ့ မျိုး တွေ ကိုတော့ လှူမှာပဲ ဖြစ်တယ်။ လှူသင့်တယ်၊ အားပေးသင့်တဲ့ အဖွဲ့အစည်း မျိုးတွေကိုတော့ အားပေးမှာပဲ ဖြစ်တယ်” ဟု တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၄ တွင် ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူတို့၏ ကိုယ်ကျင့် တရား နှင့် သော်လည်းကောင်း၊ ကျန်းမာရေးနှင့် သော်လည်းကောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနဲ့ မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးအတွက် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ် လပ် စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်ဟု ဆိုထားကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အဲဒီလိုမျိုး သွားလုပ်လို့လည်း ငြိမ်ဝပ်ပိပြားရေးနဲ့ ပြည်သူ့ကိုယ်ကျင့်တရားနဲ့ ပြည်သူ့ ကျန်းမာရေးနဲ့ရော ဘာတွေများ ဖောက်ဖျက်နေ လို့လဲလို့ပဲ မေးရမလို ဖြစ်နေပြီ။ ဒီလို လုပ်ကိုင် ဆောင်ရွက်တာနဲ့ ပတ်သက်လို့ တခြား ရည်ရွယ်ချက် မရှိဘူး။ လှူသင့်တာကို လှူရမယ်။ အားပေးသင့်တာကို အားပေးရမှာပဲ”ဟု လည်း ပြောဆိုသည်။
ဇွန် ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ညီလာခံအပြီး ကြေညာချက်တွင် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာ သာသနာ ပျက်စီးအောင် ပြုလုပ်နေသည့် လုပ်ရပ်များနှင့် လုပ်ဆောင်နေသူများကို ဆန္ဒမဲ မပေးခြင်း အပါအဝင် တရား နှင့် အညီ ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားကြပါဟု တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။
ထိုသို့ လက်ရှိ အစိုးရကို ဆန့်ကျင်ကြောင်း တရားဝင် ပြောဆိုနေသည့် အဖွဲ့တခုကို ငွေကြေး လှူဒါန်းခြင်းနှင့် ပတ်သက် ၍ တပ် မတော် အနေဖြင့် မျက်နှာ မပူဘူးလားဟု ဧရာဝတီက မေးမြန်းရာ အချိန်တိုက်ဆိုင်မှု ရှိနေခြင်း ကြောင့် ယခု မေးခွန်းပေါ်လာခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုံ့ပြန်သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရသူ ဒေါက်တာ မျိုးညွှန့်ကလည်း တပ်မတော်၏ ငွေလှူ ဒါန်း မှုနှင့် ပတ်သက်၍ “ဒါက ကျနော်တို့ ပြည်သူအားလုံး သိပါတယ်။ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ငွေလှူတယ်။ ဘယ်သူက ဘာရည်ရွယ် ချက်နဲ့ လုပ်နေလဲဆိုတာ ပြည်သူအားလုံး သိရှိပြီး ဖြစ်ပါတယ်။ ထူးထူးခြားခြား ဘာမှ မှတ်ချက်ပြု မပြောချင်တော့ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော် အစိုးရကို ဆန့်ကျင် ရှုတ်ချသည့်ပွဲ၊ တရားခံပြေး ဦးစိုးထွန်းရှိန်က နေ့လယ်ဆွမ်း ကပ်သည်ဟု တရားဝင် ကြေညာသည့် ပွဲ၊ တရားရင်မဆိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ဆရာတော် ဦးဝီရသူကို ချီးကျူးသည့် ပွဲတခုကို တပ်မတော်က တရားဝင် ငွေ လှူခြင်းသည် မီးလောင်ရာ လေပင့်သည့် သဘောမျိုး သက်ရောက် သွားစေကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“အဲဒီလိုပွဲမျိုးကို တပ်မတော်က ငွေသွားလှူတာက မီးလောင်ရာ လေပင့်တဲ့ပုံစံ ပေါက်နေတယ်။ ဘယ်လိုပဲ သံဃာကို ရည်စူးတယ် ပြောပြော။ နိုင်ငံတော် အစိုးရကို ဆန့်ကျင်တဲ့ပွဲကို ငွေသွားလှူတာ၊ ဘယ်လိုပဲ ပြောပြော မီးလောင်ရာ လေပင့် တဲ့ သဘောတရား မျိုးကို ရောက်သွားစေတယ်လို့ ပြောချင်တယ်”ဟု ၎င်းက ပြောဆိုသည်။
တပ်မတော်ကမူ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း သူ့ရည်ရွယ်ချက်၊ ၎င်း လုပ်ငန်းစဉ်များသည် အမျိုးဘာသာ သာသနာ အတွက် လုပ်မည် ဆိုပြီး ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း၊ မဘသ အဖွဲ့ဆိုသည် ရခိုင်-မွတ်စလင် အရေးအခင်းကြောင့် ပေါ်ပါက်လာသည်ဟု ရေးသားနေကြသည်မှာ မှားနေပြီး အမှန်မှာ မဘသ ပေါ်ပေါက်နေသည်မှာ ကြာပြီ ဖြစ်ကြောင်း ပြောသည်။
“ဆရာတော် ဦးဝီရသူဆိုတာလည်း အရင်တုန်းက အဲဒီဘက် အဖွဲ့အစည်းက ထောက်ခံတဲ့သူပဲလေ။ တပ်မတော် အစိုးရ လက်ထက်တုန်းက ကန့်ကွက်ပြီး လုပ်ခဲ့တဲ့ ဘုန်းကြီးပဲ။ အခုမှ ဘက်ပြောင်းသွားတာ မဟုတ်ဘူး။ သူအရင် ကတည်း က အမျိုးဘာသာ သာသနာ အတွက် ရပ်တည်ခဲ့တာပဲ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြောမည် ဆိုပါက အမျိုးဘာသာ သာသနာ၏ သမိုင်းကြောင်းနှင့် ခွဲမြင်၍ မရ ကြောင်း၊ လွတ်လပ် ရေးအတွက် အရင်ဆုံး စတင်ခဲ့သည့် အဖွဲ့ အစည်း ဖြစ်သော ဗုဒ္ဓဘာသာ ကလျဏယုဝ အသင်း (YMBA) ၏ ဆောင်ပုဒ်သည် အမျိုးဘာသာ သာသနာဖြစ်ရာ ယခုအချိန်တွင် ယင်းဆောင်ပုဒ်ကို ပြောဆိုမည်ဆိုပါက အစွန်းရောက်သည်ဟု အပြောခံရနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ပြောစရာ ရှိတာက ထောက်ခံပြီး ပြောနေတာ မဟုတ်ဘူး။ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်တွေနဲ့ သူ့ရဲ့ လုပ်ငန်း ဆောင်တာတွေက နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနဲ့ ပြည်သူ့ကိုယ်ကျင့်တရားနဲ့ ကျန်းမာရေးနဲ့ ဆန့်ကျင့်တဲ့ ဟာ ဘာများရှိလို့လဲလို့ပဲ မေးရမလို ဖြစ်နေပြီ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် အမျိုးသားရေး ဆရာတော် ဦးဝီရသူ (ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ)ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ဖူးပြီး ထိုအချက်ကို ဧရာဝတီက ဇွန်လဆန်းပိုင်းက ပြုလုပ် သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတခုတွင် မေးခွန်းထုတ်ခဲ့ရာ “သံဃာကို ရည်မှန်း၍ ဆွမ်းကပ်ခြင်း”သာ ဖြစ်ကြောင်း တပ်မတော်က ပြန်လည် ရှင်းလင်းခဲ့သည်။
ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်း အဖွဲ့၏ ကြေညာချက်တွင် “အမျိုးသမီး မဝင်ရ” ကန့် သတ် ထားသည့် အောက်စက်တော်ရာသို့ ဒေါ် အောင်ဆန်းစုကြည် ဝင်ရောက်ခဲ့ခြင်းမှာလည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းကို ကျော်လွန်၍ မထီမဲ့မြင် ပြုလုပ်ခြင်း ဖြစ်သည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချ ကြောင်း လည်း ဖော်ပြခဲ့သည်။
အမျိုး၊ ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့အား တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့က ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့ပြီးနောက် ၎င်းတို့သည့် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ ကို ထူထောင်ကြောင်း ပြောင်းလဲ ကြေညာ ခဲ့သည်။
You may also like these stories:
မဘသ အမည်ပြောင်းအဖွဲ့ထံ ရန်ကုန်တိုင်း စစ်ဌာနချုပ် ငွေကြေး ထောက်ပံ့လှူဒါန်း
အမျိုးသားရေး အမည်ခံ နိုင်ငံရေးလှုပ်ရှားမှုကို ထိန်းချုပ်ပါ
တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ဟု ဦးဝီရသူ ပြော
ရဲတပ်ဖွဲ့က ဦးဝီရသူကို ရန်ကုန်မြို့တွင် လိုက်လံ ရှာဖွေနေ