နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း ခရီးစဉ်တွင် ဒေသခံ လယ်သမားများ၏ အခက် အခဲများကို တင်ပြတိုင်ကြားခဲ့၍ တရားစွဲခံထားရသည့် လယ်သူမတဦးကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သတင်းရရှိ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံသည် ယခုနှစ် ဧပြီလ ၂ ရက်နေ့က ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ လာရောက်ခဲ့စဉ် မအူပင်မြို့နယ်၊ မလက်တိုအုပ်စု ပလောင်ကျေးရွာမှ ဒေသခံ မစိန်စိန်စိုး (ခေါ်) မဇီးကွက်က ဒေသခံ တောင်သူ လယ်သမားများ၏ အခက်အခဲကို တင်ပြခဲ့သည်။
ယင်းသို့ တင်ပြတိုင်ကြားမှုကြောင့် မိမိ၏ဂုဏ်သိက္ခာများ ညှိုးနွမ်းကျဆင်းရသည်ဟုဆိုကာ အော့ချက်ဒ်ကုမ္ပဏီပိုင်ရှင် ဒေါက်တာ မြင့်စိန်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ ဖြင့် မလက်တိုနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ခဲ့သဖြင့် ရဲစခန်းမှ ဒေသခံ မစိန်စိန်စိုး (ခေါ်) မဇီးကွက်ကို ဇွန်လ ၁၈ ရက်နေ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မလက်တိုရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ် စိုးရာဇာအောင် က “အတိုင်ပင်ခံပုဂ္ဂိုလ်ရှေ့မှာ သူ (ဒေါက်တာမြင့်စိန်) တရားဝင် နှစ် ၃၀ ဂရမ်နဲ့ရထားတဲ့ ဧက ၅၅၀ ကို မတရားသိမ်းထားတယ်လို့၊ လုပ်ငန်းမလုပ်ဘဲ တောရိုင်းမျက်မည်း ပစ်ထားတယ်လို့ တင်ပြတဲ့အတွက် သူ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်အောင်၊ ကျဆင်းအောင် မစိန်စိန်စိုးက လုပ်တယ် ဆိုပြီးတော့ နိုင် ၁၀ ပုဒ်မနဲ့ တရားစွဲတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ဒီအမှုနဲ့ ပတ်သတ်လို့တော့ တရားလိုကို စစ်ပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းတာတွေ လုပ်ခဲ့ပါတယ်။ တရားခံ မစိန်စိန်စိုးကိုတော့ မနေ့က စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အမှုတည်ဆောက်ပြီး ဥပဒေအကြံတောင်း ဆက်လက် တင်ပြသွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကျောင်းကုန်း၊ ပုသိမ်၊ အိမ်မဲ၊ ပန်းတနော်၊ မအူပင်နှင့် ညောင်တုန်းမြို့များသို့ သွားရောက်ကာ ပြည်သူလူထုနှင့်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ မြို့အသီးသီးမှ ဒေသခံများကလည်း ဒေသတွင်းပြသနာများကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ မအူပင်မြို့သို့ ရောက်ရှိချိန်တွင် အချိန်အခက်အခဲအရ မြို့မိမြို့ဖများ၊ ဒေသခံ လုပ်ငန်းရှင်များနှင့်သာ တွေ့ဆုံရန် စီစဉ်ထားသော်လည်း မအူပင်ဒေသခံတချို့နှင့် မြေသိမ်းခံ လယ်သမားများက တွေ့ဆုံပွဲပြုလုပ်ရာ မအူပင်မြို့ ဧည့်ရိပ်သာခန်းမရှေ့တွင် စုဝေးတောင်းဆိုကြသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် က ဒေသခံခေါင်းဆောင်များကို တွေ့ဆုံပွဲခန်းမအတွင်း ဝင်ခွင့်ပေးကာ တင်ပြခွင့် ပေးခဲ့သည်။

တရားစွဲခံရသူ မစိန်စိန်စိုး (ခေါ်) မဇီးကွက်က “အမေစုက ခန်းမထဲကို ဝင်ခွင့်ပေးခဲ့လို့ ကျမတို့ တင်ပြခွင့်ရခဲ့တယ်။ တင်ပြရာမှာလည်း ဒေါက်တာ မြင့်စိန်ကို တမင်တကာ ထိခိုက်ပါစေဆိုပြီး လိမ်ညာတင်ပြခဲ့တာ မဟုတ်ဘူး။ ဒေသမှာ တကယ်ဖြစ်နေတဲ့ အခြေအနေတွေ အမှန်အတိုင်း တင်ပြခဲ့တာ။ အဲဒါကို အခုလို တရားစွဲတယ်ဆိုတော့ နောက်နောင် လူကြီးခရီးစဉ်တွေမှာ ပြည်သူတွေအမှန်အတိုင်း မတင်ပြရဲအောင် လုပ်ငန်းရှင်က ခြိမ်းခြောက်တာ။ ပြီးတော့ လက်ရှိနိုင်ငံတော်အစိုးရ လူကြီးတွေကို လုပ်ငန်းရှင်က လုံးဝဂရုမစိုက်ဘူးဆိုတာကို ပြသလိုက်တာလို့ပဲ မြင်တယ်”ဟု ဧရာဝတီကို ပြောသည်။
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုရှိ မြေဧက ၃၃၀၀ ကို ၁၉၉၉ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တပ်မတော်အစိုးရက အော့ချက်ဒ်ကုမ္ပဏီပိုင်ရှင် ဒေါက်တာ မြင့်စိန်အား ချထား ပေးခဲ့ကြောင်း၊ အဆိုပါ မြေများအနက် မလက်တိုအုပ်စု ပလောင်၊ အဒိတ်၊ ကွန်တိုင်းလေး ကျေးရွာများနှင့်ထိစပ်နေသည့် မြေဧက ၅၅၀ ကို ၂၀၀၄ ခုနှစ်တွင် ငါးကန်တူး၍ သဘာဝငါးများ မွေးမြူခဲ့ကြောင်း လုပ်ငန်းရှင် ဒေါက်တာ မြင့်စိန်က ဧရာဝတီကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ပြောဆိုခဲ့သည်။
မလက်တိုဒေသခံများကမူ ဒေါက်တာမြင့်စိန်မှာ ၂၀၀၄ ခုနှစ်တွင် ငါးကန်ပတ်တူးပြီးနောက် ၉ နှစ် ကြာသည်အထိ မည်သည့်စီမံကိန်းမှ မလုပ်ဆောင်ဘဲ ပစ်ထားသည့်အတွက် ၂၀၁၃ ခုနှစ်တွင် မြေသိမ်းခံ လယ်သမားများနှင့် မြေယာမဲ့များ ပူးပေါင်းကာ အဆိုပါ ဧက ၅၅၀ ကန်အတွင်းရှိ တောရိုင်းများကို ခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေများ ပြန်လည်ဖော်ထုတ်ကာ စပါးများ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ထိုသို့ ဧက ၅၅၀ ကန်အတွင်း ဝင်ရောက်စပါးစိုက်ပျိုးသဖြင့် လုပ်ငန်းရှင် ဒေါက်တာ မြင့်စိန်က မလက်တို ဒေသခံ လယ်သမားများကို မြေလွတ်မြေလပ်မြေရိုင်းဥပဒေ၊ ငါးလုပ်ငန်းဥပဒေများဖြင့် မအူပင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုသည့်အခြေအနေများ၊ ဒေသတွင်း မြေယာအငြင်းပွားမှု ဖြစ်ပွားနေသည့်အခြေအနေများကို ဒေသခံ မစိုးစိုးစိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ခြင်း ဖြစ်သည်။
မအူပင်မြို့အခြေစိုက် ပျိုးခင်းသစ် အရပ်ဖက်လူမှု အဖွဲ့ခေါင်းဆောင် ကိုထိုက်ထိုက် က “နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြလို့ နိုင် ၁၀ ပုဒ်မနဲ့ တရားစွဲတယ်ဆိုတာတော့ လုံးဝမဖြစ်သင့်ပါဘူး။ ဖြစ်စဉ်တစ်ခုမှာ ဘယ်သူ မှားတယ်၊ မှန်တယ်ဆိုတာ လူကြီးတွေက သေချာသိမှ ရှင်းလို့ရမှာလေ။ လူကြီးတယောက် လာလို့ ဒေသခံတွေက ကိုယ့်အခက်အခဲကို တင်ပြတာပဲ။ အဲ့လိုသာ တရားစွဲလို့ ရကြေးဆိုရင် နောက်ပိုင်းမှာ လူကြီးတွေ လာလို့ရှိရင် ဘယ်သူက ပြောရဲတော့မှာလဲ။ တကယ်တမ်းပြောရရင် ဒီလိုကိစ္စရပ်မျိုးကို ဥပဒေအရလည်း တရားစွဲခွင့် မပေးသင့်ဘူးလို့ မြင်မိတယ်”ဟု ပြောသည်။
မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုရှိ ဧက ၅၅၀ ကန်အတွင်းသို့ ၂၀၁၃ ခုနှစ်တွင် မြေသိမ်းခံ လယ်သမားများနှင့် မြေယာမဲ့များ ဝင်ရောက်ထွန်ယက် စိုက်ပျိုးရန် ကြိုးစားခဲ့ရာ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ရဲတပ်သားတဦး သေဆုံးခဲ့သည်။ ထိုသို့သေဆုံးမှုကြောင့် မလက်တိုအုပ်စု၊ ပလောင်ကျေးရွာမှ ဦးမောင်စိုး အပါအဝင် လူ ၃ ဦးမှာ လူသတ်မှုများဖြင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
အဆိုပါ ဧက ၅၅၀ ကန်အတွင်း မြေသိမ်းခံလယ်သမားများနှင့် မြေယာမဲ့များပူးပေါင်း၍ လယ်ယာမြေများ ဖော်ထုတ် ထွန်ယက်စိုက်ပျိုးခဲ့ရာ ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းရှင် ဒေါက်တာ မြင့်စိန်မှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေပုဒ်မ ၂၆၊ ၂၇၊ ၂၈ တို့ဖြင့် ဦးငြိမ်းမောင်ပါ ၁၀ ဦးတစ်ဖွဲ့၊ ဦးမောင်စိုးပါ ၈ ဦးတစ်ဖွဲ့၊ ဒေါ်မိုးမိုးအေးပါ ၁၁ ဦးတစ်ဖွဲ့၊ ဦးမင်းတင်ပါ ၃ ဦးတစ်ဖွဲ့ဖြင့် အသုတ်လိုက်ခွဲ၍ မအူပင်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး ဦးမောင်စိုးပါ ၁၃ ဦးကို ရေချိုငါးလုပ်ငန်းဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
ထို့ပြင် ဒေါက်တာ မြင့်စိန် လုပ်ကိုင်ခွင့်ရထားသည့် ပလောင်ကျေးရွာရှိ ဧက ၅၅၀ ကန်အတွင်း စိုက်ပျိုးလုပ်ကိုင် နေထိုင်သူ အားလုံးဖယ်ရှားထွက်ခွာပေးရန် ပလောင်ကျေးရွာ ရာအိမ်မှူးအဖွဲ့က ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် လော်စပီကာဖြင့် ရပ်ရွာအတွင်း လိုက်လံကြေညာခဲ့ရာ အဆိုပါဖြစ်စဉ်ကို ဓာတ်ပုံရိုက်ခဲ့သည့် လယ်သမား ကိုငြိမ်းမောင်အား ရာအိမ်မှူး ဦးမောင်ရင်ထွေးမှ နိုင် – ၁၀ ပုဒ်မဖြင့် တရားစွဲခဲ့ပြီး မအူပင်မြို့နယ်တရားရုံးမှ အာမခံ မပေးသည့်အတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကိုငြိမ်းမောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
နိုင် – ၁၀ ပုဒ်မဖြင့် အချုပ်ထဲမှ တရားရင်ဆိုင်နေရသူ ကိုငြိမ်းမောင်မှာ မအူပင်မြို့နယ်တရားရုံးသို့ ၂ ကြိမ်၊ မအူပင်ခရိုင်တရားရုံးသို့ ၁ ကြိမ် အာမခံလျှောက်ထားခဲ့ရာ တရားရုံးများက ပယ်ချသည့်အတွက် လယ်သမား ကိုငြိမ်းမောင်မှ ဓာတ်ပုံရိုက်သည့်ကိစ္စနှင့်ပတ်သတ်ပြီး မအူပင်ထောင်ကြီးချုပ်အတွင်းမှ တရားရင်ဆိုင်နေရကြောင်း မလက်တိုဒေသခံများထံမှ သိရသည်။
You may also like these stories:
မအူပင်တံတားအနီး ဂက်(စ်) ပိုက်လိုင်း မီးလောင် လုပ်သား ၂ ဦး သေဆုံး
မြန်မာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗီယက်နမ် ကူမည်
သမ္မတနှင့် အတိုင်ပင်ခံတို့ လက်ရှိ နိုင်ငံရေး ရာထူးဖြင့် ပါတီ စည်းရုံးရေး လုပ်နိုင်ဟု ကော်မရှင် ပြော