မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေ းအပါအဝင် ဒေသတွင်းနှင့် ကမ္ဘာတလွှား တပြေးညီ တိုး တက်ရန် ဗီယက်နမ်နိုင်ငံက ပံပိုး ကူညီသွားမည်ဟု မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဗီယက်နမ် ဒုဝန်ကြီး ချုပ် ဗန်ဒင်ဟီးက ထပ်လောင်းပြောဆိုကြောင်း Vietnamnet သတင်းကဆိုသည်။
ဗီယက်နမ် ဒုဝန်ကြီးချုပ် ဗန်ဒင်ဟီးမှာ ဇွန်လ ၁၆ရက်မှ ၁၈ရက်တိုင် ၂ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး၊ နေပြည်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဗီယက်နမ်က လာရောက် ရင်းနှီးမြုပ်နှံထားသည့် သတ္တုတွင်း၊ ကျောက်မိုင်းများ၊ လောင်စာဆီ ကုန်သွယ်ရေးနှင့် ဖြန့်ဖြူးရေး၊ ဆက်သွယ်ရေးနှင့် ပတ်သက်၍ အခြေခံ အဆောက်အဦများ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် သားငါးကဏ္ဍများကို ရည်ညွှန်းလျှက် အကြံဉာဏ်များ ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာအစိုးရ အနေဖြင့် ဗီယက်နမ်လုပ်ငန်းများကို ဥပဒေနှင့် အညီ နှစ်ဘက် နားလည်မှု ရှိစွာ မိတ်ဖက်ပူးပေါင်းလျှက် အစဉ်အမြဲ ဦးစားပေးပါကြောင်း အလေးအနက်ထား ပြောကြားသည်ဟု သိရသည်။
ထို့အပြင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ခိုင်မြဲရေးမှ တဆင့် ပါတီချင်း၊ အစိုးရချင်း၊ ပြည်သူချင်း အပြန်အလှန် ဖလှယ်မှု တိုးတက်စေရန် အားပေးကြောင်းလည်း သူက ထုတ်ဖော်ပြောကြားသည်။
၂၀၁၉ ခုနှစ်မှ ၂၀၂၄ ကာလအတွက် ဗီယက်နမ်- မြန်မာ နားလည်မှုဖြင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး အတွက် လုပ်ငန်းစီမံချက် ပြီးမြောက်ရေး အိမ်ရှင်မြန်မာက အလေးပေး ပြောကြားသည့် အပြင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၄၅နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာက ဗီယက်နမ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်အဖြစ် ၂၀၂၀ -၂၀၂၁ တနှစ်သက်တမ်း အတွက် ရွေးချယ်တင် မြှောက်ခံရခြင်း အပေါ် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တော၊ သားငါး၊ တယ်လီကွန်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ တရားစီရင်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုတို့အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က လိုလား လျက်ရှိကြောင်း ပြောကြားခဲ့ပြီး အထူး ဦးစားပေး ကဏ္ဍများတွင် ပူးပေါင်း လုပ်ကိုင်ရေး အတွက် ဥပဒေမူဘောင်ရေး ဆွဲရန် နှစ်ဘက် စေ့စပ်ညှိနှိုင်းမှုနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးသွားမည့်ခြေလှမ်းများကို ဆွေးနွေးခဲ့ ကြောင်း ဗီယက်နမ် သတင်းဌာန Vietnamnet က ဖော်ပြသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် ၄ ခု အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု အပေါ် ကျေနပ်မိကြောင်း နှစ်ဘက် သဘောထား ကို ထုတ်ဖော်ခဲ့ပြီး ယခုအခါ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမမြောက်အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် သတ္တမအကြီးဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိသည်။
ယခုအခါ တိုက်ရိုက်လေကြောင်းဝန်ဆောင်မှုရှိနေပြီဖြစ်၍ မြန်မာနိုင်ငံသို့ လာရောက်သည့် ဗီယက်နမ် ခရီးသွား ဧည့်သည်များမှာ မကြာသေးမီနှစ်များအတွင်း တိုးတက်လာခဲ့ရာ ယမန်နှစ်က ဗီယက်နမ်ဧည့်သည် ၃၅,၀၀၀ ရောက်ရှိလည်ပတ်ခဲ့ကြသည်။
ဗီယက်နမ် ဒုဝန်ကြီးချုပ် ဗန်ဒင်ဟီးသည် မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေနှင့်လည်း တွေ့ဆုံကာ မြန်မာနှင့် ချစ်ကြည်ရေး အဓွန့်ရှည်စေရန် ဗီယက်နမ်၏ ဆန္ဒကို အလေးပေးပြောကြားသည်။
ဇွန်လ ၁၇ ရက်က နေပြည်တော်တွင် မြန်မာဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဆွေးနွေးစဉ်အတွင်း မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေးအဓွန့်ရှည်စေရေး ဗီယက်နမ်၏ဆန္ဒကို ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် ဗန်ဒင်ဟီး က အလေးပေး ပြောကြားခဲ့သည်။
ဇွန်လ ၁၆ ရက်မှ ၁၈ ရက်အထိ ဗန်ဒင်ဟီး ၏ မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်အတွင်း ဗီယက်နမ်၏ လူမှုစီးပွားရေး နှင့် သံတမန်ရေးရာ အောင်မြင်မှုတို့အပေါ် အိမ်ရှင်မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
နှစ်ဘက်ဆွေးနွေးမှုများအတွင်း နိုင်ငံအချင်းချင်းဆက်ဆံရေးအတွက်အရေးပါသည့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံတို့ မြှင့်တင်နိုင်ရေးတို့ အတွက် နည်းလမ်းများ ရှာဖွေခဲ့ကြပြီး မဝေးလှသော အနာဂတ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံမြှင့်တင်ရန် ညှိနှိုင်းခဲ့ကြသည်။
မြန်မာပြည်တွင်းရှိ ဗီယက်နမ်လုပ်ငန်းများ အပေါ် မျက်နှာသာပေးသည့် အခြေအနေများ ဆက်လက် ဖန်တီးပေးခြင်း အတွက် ကျေးဇူးတင်ကြောင်း၊ ဗီယက်နမ် စီမံကိန်းများ လုပ်ကိုင်ခွင့် အရှိန်မြှင့်ပေးရန်နှင့် ဗီယက်နမ် ရင်းနှီးမြှုုပ်နှံ သူ များကို ဦးစားပေးရန် လိုလားပါကြောင်း ဒုတိယဝန်ကြီးချုပ် ဗန်ဒင်ဟီးက ပြောကြားခဲ့သည်။
ဗီယက်နမ် ဆက်သွယ်ရေး လုပ်ငန်းစုကြီးဖြစ်သည့် ဗီယက်တဲလ်နှင့် မြန်မာတပ်မတော် ကျောထောက် နောက်ခံပြုထား သည့် Star Highနှင့် Myanmar National Holding Public Ltd တို့ဖြင့် ပူးပေါင်း၍ Mytel ကွန်ရက်ကို လုပ်ဆောင်ရာ သုံးစွဲသူပေါင်း ၅ သန်းဝန်းကျင် ရရှိထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
Mytel သုံးစွဲသူ နှစ်ဆတိုးရန် ဗီယက်တဲလ် မျှော်မှန်းဟု ဆို
ပုသိမ်တွင် Mytel ကုမ္ပဏီကို ဆန္ဒပြမှု ဖြစ်ပွား