ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၌ ဇွန်လ ၁၈ ရက် ည ၈ နာရီကျော် အချိန်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦး ပစ်သတ် ခံလိုက်ရကြောင်း သတင်း ရရှိသည်။
ပစ်သတ်ခံလိုက်ရသူမှာ ကမ်းထောင်းကြီးမြို့ အလယ်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေ ဖြစ်ပြီး နေအိမ် အတွင်း တီဗီ ကြည့်နေစဉ် အမည်မသိ သေနတ်သမားတဦး၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
သေဆုံးသူ၏ သားဖြစ်သူ ကိုရဲရင့်အောင်က“အဖေ TV ထိုင်ကြအုပ်ချုပ်ရေးမှူးည့်နေတဲ့ အချိန် အနီးကပ် ပစ်သွားတာပါ။ ည ၈ နာရီ သ တင်း ကြည့်နေတော့ သူ့အနား လူလာတာကို သတိမထားမိဘူး။ အမေလည်း အနားမှာ ရှိတယ်။ အမေက သူ့ဖုန်း ထဲ က ဖုန်းနံပါတ် ၁ လုံးကို ခေါင်းငုံ့ပြီး ရှာနေတုန်း လူတယောက်က အဖေ့ကို သေနတ်နဲ့ ချိန်တာကို ရုတ်တရက် မြင်လိုက် တော့ အမေက အော်လိုက်တဲ့အခါ အဖေ လှည့်အကြည့် အဲဒီလူ သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ယင်းသို့ အိမ်ထဲသို့ ဝင်ရောက် လုပ်ကြံသွားသည့် သေနတ်သမား၏ ခန္ဓာကိုယ်မှာ အနည်းငယ် ဝပြီး မိုးကာ အင်္ကျီဝတ် ကာ ခေါင်းပါ ဆောင်းထားသည့် အတွက် လူပုံစံကို မမှတ်မိလိုက်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမောင်ချေသည် ယခင်က တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တဦး ဖြစ်ပြီး၂၀၁၀ ပြည့် နှစ်တွင် တပ်ကြပ် အဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သူတဦး ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသော တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲကာလ အတွင်း ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ရှိသလို ဖမ်းဆီး ချုပ်နှောင်ခံရသည့် ဖြစ်စဉ်များ လည်း များပြားလာကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မျိုးမြတ်အား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ “ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ကျနော်တို့ ဥပဒေနဲ့ အညီ ဆောင်ရွက်နေတယ်”ဟု ဖြေကြားသည်။
လက်ရှိ အချိန်တွင် ဦးသန်းမောင်ချေ၏ ရုပ်အလောင်းအား ရင်ခွဲ စစ်ဆေးချက်များ ရယူရန် အမ်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ထားပြီး ကမ်းထောင်းကြီး နယ်မြေ ရဲစခန်းတွင်လည်း ပ / ၃၃ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှု ဖွင့်ကာ တရားခံကို ရှာဖွေ စုံစမ်းလျက် ရှိကြောင်းလည်း ရဲစခန်းက သိရသည်။
ရခိုင်ပြည်နယ် အတွင်း ကျေးရွာတချို့တွင် ယခုကဲ့သို့သော သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ခပ်စိတ်စိတ် ဖြစ် ပွားနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ လုပ်ကြံ သတ်ဖြတ်ခံရသည့် အကြောင်းရင်းများနှင့် အတူ လုပ်ကြံ သတ်ဖြတ် သွားသည့် တရားခံများကို လက်ရှိ အချိန်အထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ပြီးခဲ့သော မတ်လ ၅ ရက်ကလည်း ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ် သူ အသက် ၄၇ နှစ် အရွယ် ဦးဘစောမှာ ရွာအနီး ကားလမ်းမ ဘေးတွင် ဆောက်လုပ်ထားသော ၎င်း၏ ဆိုင်ခန်း ထဲ ရှိနေစဉ် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
မင်းပြားမြို့နယ် သာယာကုန်း ကျေးရွာအုပ်စု အတွင်း ရာအိမ်မှူး အဖွဲ့ဝင် တဦး ဖြစ်သူ အသက် ၅၀ ကျော် အရွယ် ဦးမောင်ကျော်မှာ ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက အမည်မသိ သေနတ်သမား၏ ပစ်သတ်ခြင်းခံရပြီး သေဆုံး သွားခဲ့သည်။
ဇန်နဝါရီလ ၂၂ ရက် ည ၉ နာရီ ကျော်အချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသား ဦးမောင်အေးသိန်း (၅၆)နှစ်မှာ အမည်မသိ သေနတ်သမား၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်ကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာတွင် နေထိုင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီမှ ဗဟို ကော်မတီဝင်တဦး ဖြစ်သည့် ဦးခင်သန်းမောင်မှာ နေအိမ်တွင် တဦးတည်း တီဗီ ထိုင်ကြည့် နေစဉ် သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရသည်။
You may also like these stories:
မြေပုံ ALD ဗဟို ကော်မတီဝင် ပစ်သတ်ခံရ
မြောက်ဦးတွင် ဗုံးသီးကွဲ၍ ရွာသား ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
ကျိုက်မရော ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန် ရပ်စဲမှု ပြန်လည်ပယ်ဖျက်
မောင်တောတွင် ရဲတပ်ဖွဲ့ဝင်ချင်း လက်ပစ်ဗုံးဖြင့် ပစ်၍ တဦးသေ၊ တဦး ထိခိုက် ဒဏ်ရာရ
ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး အသတ်ခံရ