ရုပ်သံ နည်းဥပဒေ မရှိသည့် အတွက် တရားမဝင် ဝင်ရောက်နေသည့် ဂြိုဟ်တု စလောင်းများနှင့် Online TV Channel များကို ထိန်းချူပ်ရန် ခက်ခဲနေကြောင်း ရုပ်သံ လုပ်ငန်း လုပ်ကိုင်သူများမှ ထံမှ သိရသည်။
နိုင်ငံတကာတွင် ရုပ်သံ နည်းဥပဒေများ ရှိပြီး၊ မြန်မာနိုင်ငံတွင်လည်း ဥပဒေ တရပ် ပေါ်ထွက်လာပါက အဟန့်အတား တခု ဖြစ်နိုင် ကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နစ်နာမှု များစွာ ရှိနေကြောင်းကို ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက်၊ အကြီးတန်း အမှုအောင် ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဦး က ပြောသည်။
ဒေါက်တာ သိန်းသန်းဦး က “ဥပဒေ ထွက်လာပြီဆိုရင် အားလုံးက ဥပဒေကို လိုက်နာရင် ကောင်းကျိုးတွေက အများကြီး ရှိလာမှာပါ။ ဥပဒေ နဲ့ သွားမယ်။ စည်းနဲ့ ကမ်းနဲ့ သွားမယ်။ ဖြစ်လာမယ့် ကောင်းကျိုးတွေက အများကြီးပဲ” ဟုပြောသည်။
လက်ရှိ အချိန်တွင် ခွင့်ပြုချက် မရှိဘဲ တရားမဝင် ဝင်ရောက်လာသည့် စလောင်းအရေ အတွက် ၆ သန်းခန့် ရှိပြီး၊ ယခုကဲ့သို့ ခွင့်ပြုချက် မရှိ၊ နိုင်ငံတော် အုပ်ချုပ်မှု အောက်တွင် မရှိဘဲ ရုပ်သံများ ဝင်လာသည်နှင့်အမျှ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် မကိုက် ညီသည့် အ ကြောင်းအရာများ ရှိပါကလည်း နည်းဥပဒေ မရှိသည့် အတွက် ဝင်ရောက်နေခြင်း ဖြစ်သည်ဟု ရုပ်သံ လုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။
ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ န်လ ၁၈ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသော ပြည်တွင်းရှိ တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံ လိုင်းများ၊ Online TV Channel များနှင့် ပတ်သက်၍ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အလုပ်ရုံ ဆွေးနွေးပွဲ ကို ပြည်တွင်း မီဒီယာ များ၊ အစိုးရဘက်မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသော်လည်း ဖြေရှင်းရန် အတွက် တိကျသည့် အဖြေ တခု ပေါ်ထွက်လာခြင်း မရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း က “တကယ်တမ်းကျတော့ ဒီနေ့ ဆွေးနွေးတာက အဖြေရဖို့ ရည်စူးတာ မဟုတ်ပါဘူး။ အဖြေကို ဘယ်လို ရှာမလဲဆိုတာ နဲ့ ရှေ့ဆက် လုပ်မယ့် နည်းလမ်းကို ဆွေးနွေးကျတဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ဥပဒေတရပ် ပေါ်ထွက်လာရန် အတွက် စောင့်ဆိုင်းနေသည့် ကာလ ဖြစ်ကြောင်း၊ ထိုသို့ စောင့်ဆိုင်းနေစဉ်တွင် လုပ်ငန်းရှင်နှင့် သုံးစွဲသူ များဘက်မှ ရရှိသင့်သည့် အခွင့်အရေးများ သိရှိရန် လိုအပ်သဖြင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခု ကဲ့ သို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်းအားဖြင့် အားလုံး ပူးပေါင်းပြီး ရေရှည် အဖြေရှာရမယ့် ကိစ္စဆိုသည်ကို သဘော ပေါက်လာကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်လှထွန်း က ပြောသည်။
ဦးအောင်လှထွန်း က “ဥပဒေက ရေးဆွဲထားပြီးပြီ။ သို့သော် အသက်မဝင်သေးဘူး။ ဥပဒေ တချို့ဟာ မပြည့်စုံသေးဘူး။ ရှေ့နေချုပ်ရုံးကို တင်ထားပါတယ်” ဟု ပြောသည်။
အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်း၊ အိန္ဒိယ၊ နီပေါ နိုင်ငံများမှ ဝင်ရောက်လာသည့် တရားမဝင် ဂြိုဟ်တု၊ ရုပ်မြင် သံကြား၊ စလောင်းနှင့် ရုပ်သံဖမ်းစက်မှာ သိန်းပေါင်းများစွာ ရှိနေကြောင်း၊ ယင်းပြဿနာကို အဖြေရှာရန် အတွက် ဥပဒေနှင့် အညီ ဖြစ်စေရန် အတွက် အဖြေ ရှာသွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။
၂၀၁၈ လခုနှစ် ဇွန်လ ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထုတ်ပြန်လိုက်သည့် ရုပ်မြင်သံကြားနှင့် အသံထုတ် လွှင့်ခြင်းဆိုင်ရာ ဥပ ဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြုပြီးသည့်နောက်မှာ မြန်မာနိုင်ငံ ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ နည်းဥပ ဒေ ပေါ် ထွက်ရန် ကျန်ရှိနေခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေကို လွှတ် တော်ဘက်မှ ပြဌာန်းပြီးဖြစ်၍ နည်းဥပဒေမှာ သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ရမည် ဖြစ်ကြောင်း၊တချို့ ဥပ ဒေများမှာ ဥပဒေပြဌာန်းရုံနှင့် လုံလောက်သော်လည်း တချို့ဥပဒေများမှာ နည်းဥပဒေ ပြဌာန်းမှ အသက်ဝင်ကြောင်း၊ ယခုဥပဒေမှာ နည်းဥပဒေ ပြဌာန်းရန် လိုအပ်သည့် ဥပဒေ မျိုး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ၊ ပို့ဆောင်ရေး ၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးသန်းစိုးအောင်က ရှင်းပြသည်။
တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၊ Online TV Channel များသည် တည်ဆဲ ဥပဒေနှင့် ကိုက်ညီခြင်း မရှိ သည့် အတွက် ဥပ ဒေနှင့် ညီရန် အဖြေရှာသွားမည် ဖြစ်ကြောင်း ဦးအောင်လှထွန်း က ပြောသည်။
Cookie TV Channel မှ မန်နေးရှင်း ဒါရိုက်တာ (MD) ဒေါ်သူဇာမိုး က “အခုပြောနေကြတဲ့ အွန်လိုင်း TV တွေရဲ့ အဓိက စိန် ခေါ်မှုက တော့ တရားမဝင် ခိုးကူးတွေပေါ့။ ခိုးကူးတွေကလည်း Facebook Peage တွေမှာ လင့်ခ်တွေ ပေးကြတယ်။ စီးပွားဖြစ် လုပ်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ တည်ဆဲ ဥပဒေနှင့် အညီ လုပ်ကိုင်ခွင့် ပေးထားသည့် တရားဝင် ရုပ်သံထုတ်လွှင့် ခွင့်ရှိသော အဖွဲ့အစည်းများ မှာ MRTV၊ မြဝတီ၊ MRTV နှင့် အကျိုးတူ ပူးပေါင်းလျက် ရှိသော Forever Group Co.,ltd. ၊ Shwe Than Lwin Media Co.,ltd.၊ Content Provider ၅ ဦး အဖြစ် ဆောင်ရွက်လျက် ရှိသော Mizzima ၊ DVB ၊ Channel K ၊ Fortune TV ၊ YTV တို့ ဖြစ်ကြကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်နေ့က ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများ၏ လက်ရှိ အခြေအနေနှင့် ဈေးကွက် အခြေအနေ၊ ထိန်းချုပ် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အွန်လိုင်း TV များ၏ လက်ရှိ အခြေအနေ ၊ အွန်လိုင်း TV များနှင့် ပတ် သက်၍ ဆောင်ရွက်မည့် နည်းလမ်းများ အစရှိသည့် အကြောင်းအရာများကို ပြည်တွင်း မီဒီယာ များနှင့် အစိုးရ တာဝန်ရှိသူများက အ သေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
သတင်းများ ခိုးယူဖော်ပြနေသည့် မီဒီယာ အတုအယောင်များ စာရင်း MPC ထုတ်ပြန်
သတင်းထောက် ၂ ဦးထောင်ချခံရမှု ထိတ်လန့်စရာမလိုဟု ပြန်ကြားရေးဒုဝန်ကြီးပြော
ရခိုင်အရေး နိုင်ငံတကာမီဒီယာ မျှမျှတတ တင်ပြရန် မြန်မာသတင်းသမားများ တောင်းဆို