မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို တင်ဒါချထားပေးရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီသဖြင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ တိုင်ကြားထားကြောင်း သိရှိရသည်။
မွန်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားပြုသူများနှင့် ဒေသခံများ ပါဝင်သော ၉ ဦးက ဇွန်လ ၁၈ ရက်တွင် တိုင်ကြားထားခြင်း ဖြစ်သည်။
တိုင်ကြားသူများတွင် ပါဝင်သည့် ရေးမြို့မှ ဦးအောင်နိုင်ဝင်းက“ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီ ယဉ်ကျေးမှု မှာ လွဲမှားနေတဲ့ ဟာတွေ၊ ဥပဒေ အထက်မှာ ကျူးလွန်နေတယ်လို့ ယူဆတဲ့ဟာတွေ၊ နောက်တချက်က ပြည်သူတွေရဲ့ အသံ ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သိအောင်နဲ့ ကျနော်တို့ တင်ပြမှုကို ဥပဒေနဲ့အညီ စိစစ်ပြီးတော့မှ လိုအပ် သလို အရေးယူဖို့ တင်ပြတာ ဖြစ်တယ်။ ကျနော်တို့ ပုဂ္ဂိုလ်ရေး တိုင်ကြားတာ မဟုတ်ပါဘူး”ဟု ပြောသည်။
ထို တိုင်ကြားစာသည် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ချောင်းဆုံ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၏ မေးခွန်းများ အပေါ် ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာအေးဇံနှင့် ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်တို့၏ ပြန်လည် ဖြေကြားမှုများ အပြင် ယခင် မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်တို့၏ ပြောဆိုချက် များကို အခြေ ခံထားသည်ဟု ၎င်းက ပြောပြသည်။
ယခု တိုင်ကြားစာနှင့် ပတ်သက်ပြီး မေးမြန်းရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ရုံးခန်းသို့ ကိုယ်တိုင် သွားရောက် ခေဲ့သာ်လည်း မတွေ့ရ၍ မေးမြန်းခွင့်မရပေ။
၂၀၁၈ ခုနှစ်တွင် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်သည့် အောင်သပြေ-နှစ်ကရင်လမ်းကို မွန် ပြည်နယ် အစိုးရ အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ၁၈/၂၀၁၈ ဖြင့် ယင်းဒေသတွင် မွန်ပြည်နယ် ဘက်စုံ ဖွံ့ဖြိုး တိုးတက် ရေး စီမံကိန်းအား အကောင်အထည် ဖော်နေသည့် Southern Myanmar Development (SMD) ကုမ္ပဏီထဲတွင် ပါဝင် သော Bedok ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးခဲ့ခြင်းကို နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ထားသည့် ၁/၂၀၁၇ တင်ဒါ လုပ်ထုံး လုပ်နည်းနှင့် သွေဖည်နေကြောင်း ဒေါက်တာ အောင်နိုင်ဦးက မွန်ပြည်နယ် လွှတ်တော်တွင် ပြောဆိုထားသည်။
ဦးအောင်နိုင်ဝင်းက“ကျနော်တို့ ဒီ ၁/၂၀၁၇ အဓိက တင်ဒါ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ညွှန်ကြားချက်ပေါ့လေ။ သမ္မတ ရုံးရဲ့ ညွှန်ကြားချက် ဒီအပေါ်တွေမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ လွဲမှားစွာ ဆောင်ရွက်တယ်လို့ ထင်မြင်ယူဆလို့ တိုင် ကြားတာ”ဟု ဆိုသည်။
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီ တည်ရှိရာ တောင်ပေါ်တွင် အမှိုက်ဖျက်ဆီးမည့်စက် တည်ဆောက်ရန် အတွက် မွန် ပြည်နယ် အစိုးရ အဖွဲ့ထံ တင်ပြခဲ့သည့် ပဲခူးမြို့မှ ကျွမ်းကျင် ပညာရှင် ဦးလင်းမင်းဌေး၏ T.M.A Recycle ကုမ္ပဏီ ကိုသာ တင်ဒါ ပေးခဲ့မှုမှာ စဉ်းစားဖွယ်များစွာ ဖြစ်လာခဲ့ရကြောင်း မေ ၇ ရက်က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ် လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သမ္မတရုံး တင်ဒါ လုပ်ထုံးလုပ်နည်း ၁/၂၀၁၇ ညွှန်ကြားချက်၏ ဆိုလိုရင်းမှာ ငွေကျပ် ၁၀ သန်းနှင့် အထက် စီမံကိန်းများ ကို လုပ်ငန်း ဆောင်ရွက်ရာတွင် တင်ဒါ ရွေးချယ်ရေး ကော်မတီ အဖွဲ့က ရွေးချယ်လိုက်သော ကုမ္ပဏီကို အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် အတည်ပြုရမည်ဟု ဆိုလိုခြင်း ဖြစ်ပြီး တင်ဒါ ရွေးချယ်ရေး ကော်မတီ မဖွဲ့ဘဲ အစိုးရက ကုမ္ပဏီ တခုကို ရွေးချယ် ဆုံးဖြတ်၍ မရကြောင်း အောင်သပြေ-နှစ်ကရင်လမ်းစီမံကိန်းအား တင်ဒါ မခေါ်ခဲ့ခြင်းအပေါ် အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော် မရှင်ထံ တိုင်ကြားသူထဲတွင် ပါဝင်သည့် သံဖြူဇရပ်မြို့ဒေသခံ ကိုထွန်းမြင့်ကျော် (ခ) ကိုမင်းလတ် က ဧရာဝတီသို့ ရှင်းပြသည်။
“အစိုးရ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးထားတာ တင်ဒါ လုပ်ထုံး လုပ်နည်း အရ ကော်မတီဖွဲ့ပြီးတော့ ကော်မတီက ရွေးချယ် ပြီး တော့မှ အစိုးရက သဘောတူထား သလားပေါ့။ တင်ဒါ ကော်မတီမဖွဲ့ဘဲ အစိုးရက ရွေးတယ်ဆိုရင် ဘာထူးလို့လဲ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) ထံသို့ ဧရာဝတီက မေးမြန်းရာတွင် တိုင် ကြားသည့် စာများ ရောက်ရှိခြင်း ရှိ မရှိကို တိုင်ကြားသူများ ကိုယ်တိုင် မေးမြန်းမှုကိုသာ ဖြေကြားခွင့် ရှိကြောင်း ကော်မရှင်၏ ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ဗဟို မှတ်ပုံတင်ဌာနထံ မှတ်ပုံတင်ခဲ့ကြသော တိုင်ကြားစာများကို ကော် မရှင်ရုံး ဝန်ထမ်းများက တိုင်ကြားစာ စိစစ်သုံးသပ်ရေး လုပ်ငန်း ကော်မတီထံ ပေးပို့ရပြီး ယင်းကော်မတီက စိစစ် သုံးသပ်ချက်အား ကော်မရှင် အစည်းအဝေးထံ ထပ်မံတင်ပြကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းမှု ရှိမရှိကို ကော်မရှင် အစည်းအဝေးမှ ဆုံးဖြတ်ရကြောင်း ဦးကျော်စိုးက လုပ်ထုံးလုပ်နည်းများကို ရှင်းပြပြောဆိုသည်။
ယင်း တိုင်ကြားစာနှင့် ပတ်သက်၍ ACC သို့ တိုက်ရိုက် တိုင်ကြားခဲ့သည့် အပြင် သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ထံ မိတ္တူများ ပေးပို့ထားကြောင်းလည်း သိရသည်။
You May Also Like These Stories:
တင်ဒါမခေါ်သည့် လမ်းစီမံကိန်းကိစ္စ မွန်ဝန်ကြီးချုပ် စကားပြောမှားခြင်းဟု သမ္မတရုံး ပြန်ရှင်း
မွန်ဝန်ကြီးချုပ်က လွှတ်တော် ဒု ဥက္ကဋ္ဌအား သတိပေးသည့် စာ ပြန်ရုပ်သွား ဟုဆို