နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်ကျခံနေရသော ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး၏ အမဖြစ်သူ မနေဇာထွန်း ကို ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ယနေ့ ဖမ်းဆီးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဖြစ်သည်။
မနေဇာထွန်းအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ရုန်းရင်းဆန်ခတ်မှု ဖြစ်စေရန် ကြံရွယ်သော သဘောဖြင့် ရန်စခြင်း ပုဒ်မ ၁၅၃ တို့ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲမှူးမှ တရားလိုပြုလုပ်၍ တိုင်ကြားထားခြင်းဖြစ်သည်။
ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးဆန်းဘို က “အမှုကတော့ တမှုထဲပါ။ ၂ မှုမဟုတ်ပါဘူး။ လာမယ့် ၂၅ ရက်နေ့ကြရင် စတင်စစ်ဆေးပါ့မယ်” ဟု ဆိုသည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ဝရမ်းထုတ်ခံထားရသည့် မနေဇာထွန်း ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များက ဇွန် ၁၈ ရက်နေ့ညပိုင်းတွင် နေအိမ်သို့ လာရောက်မေးမြန်းခဲ့သဖြင့် ယနေ့မနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးတွင် ကိုယ်တိုင်လာရောက်၍ အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း မနေဇာထွန်း က ရှင်းပြသည်။
မနေဇာထွန်း က ၎င်းကို အမှုဖွင့်ထားခြင်းအား သက်ဆိုင်ရာက အကြောင်းကြားမှု မရှိသဖြင့် ဖမ်းဝရမ်းထုတ်ထားသည် ဆိုသည်ကိုလည်း မသိရှိကြောင်း ဇွန် ၁၈ ရက်နေ့ညတွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် အိမ်သို့ ရောက်ရှိလာမှ သိရှိရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
မနေဇာထွန်း က “ဖမ်းဝရမ်းထုတ်ထားတယ်ဆိုလည်း ကျမက အိမ်မှာပဲနေနေတာပဲ။ လာလည်းမဖမ်းဘူး။ နောက်ပြီး မောင်လေး လွတ်မယ်ဆိုပြီး အသံကြားတိုင်းလည်း အင်းစိန်ထောင်ရှေ့သွားစောင့်တုန်းကလည်း မဖမ်းဘူး။ ဒီကြားထဲ မြို့နယ် ရဲတပ်မှူးနဲ့ တွေ့တွေ့နေတာပဲ။ အဲ့ဒီတုန်းကလည်း မဖမ်းဘူး။ ကျမမောင်လေး လွတ်ရက်နီးတော့မှ ဖမ်းတာ ဘာသဘောလဲ” ဟု တရားရုံးရှေ့တွင် သတင်းမီဒီယာများကို ပြောခဲ့သည်။
ထိုကဲ့သို့ ၂ နှစ်နီးပါးကြာမှ ယခုလိုဖမ်းဆီးရခြင်းသည် ယခုနောက်ပိုင်းတွင် ဖမ်းဝရမ်းထုတ်ထားသူများကို ဖမ်းဆီးရန် စီမံချက် ရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မနေဇာထွန်းသည်သာမက ဖမ်းဝရမ်းထုတ်ထားသည့် အမျိုးသားရေး လှုပ်ရှားသူများ ကိုပါ ဖမ်းဆီးရမိရန် ကြိုးစားနေကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရဲမှူး မောင်မောင်က ဧရာဝတီကို ပြောသည်။
ရဲမှူး မောင်မောင် က “ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဝရမ်းထုတ်ထားတာတွေရော တခြားဖမ်းဝရမ်း ထုတ်ခံထားရသူအားလုံးကို ကျနော်တို့က စီမံချက်နဲ့ကို ဖမ်းမှာ” ဟု ဆိုသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား တပ်မတော်မှ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည့်အမှုကို စွဲချက်တင်ကြောင်း အမိန့်ချခဲ့သည်။
ယင်းနေ့တွင်ပင် မနေဇာထွန်း ဦးဆောင်သည့် လူ ၁၅ ဦးခန့်ပါသည့်အဖွဲ့မှ မကျေနပ်သဖြင့် တရားသူကြီးကို “နွား” ဟု အော်ဟစ်ရင်း တချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေစာအုပ်ကို ခြေထောက်ဖြင့်နင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့နှင့် လည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် မနေဇာထွန်းကို ပုဒ်မ ၁၅၃/၅၀၅(ခ)၊ ကိုမြင့်ဇော်နှင့် မခင်ချိုနိုင်တို့ကို ပုဒ်မ ၅၀၅(ခ)နှင့် အခြေခံဥပဒေ စာအုပ်ကို နင်းသည့်အတွက် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
ကိုမြင့်ဇော်နှင့် မခင်ချိုနိုင်တို့ကို ဖမ်းဆီးရမိပြီဖြစ်သည့်အတွက် ယခုမနေဇာထွန်းနှင့်အတူ တပေါင်းတည်း စစ်ဆေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပုဒ်မ ၁၅၃ သည် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၁ နှစ် ဖြစ်ပြီး ၅၀၅ (ခ) သည် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ကြောင်း သိရသည်။
ရှေ့နေ ဦးရောဘတ် စန်းအောင် က “ဒါက ရဲက တပ်ချင်သလိုတပ်ထားတာ။ စစ်ဆေးပေါ်ပေါက်ချက်အရ သူဘယ်ပုဒ်မနဲ့ အရေးယူမလဲ ဆိုတာရှိတယ်။ ၂ ခုလုံးနဲ့လဲ အရေးယူနိုင်သလို တခုခုကို တည်ပြီး ပြစ်ဒဏ်ပေးလို့လဲရတယ်။ တပ်တာက ပုဒ်မ ၂ ခု။ အမှုကတော့ တမှုထဲ” ဟု ဆိုသည်။
မောင်ဖြစ်သူ ကိုအောင်ကိုထွေးသည် တပ်မတော်အတွင်း ကလေးစစ်သား အဖြစ် စုဆောင်းခံရပုံ၊ တပ်တွင်း အကျဉ်းထောင်တွင် နေခဲ့ရပုံတို့ကို RFA သတင်း ဌာနတွင် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၀ ရက်န့က အင်တာဗျူး ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီးနောက် နိုင်ငံတော် အကြည်ညို ပျက် စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် တရားရုံးထုတ်စဉ် တရားရုံးကို သပိတ်မှောက်ခဲ့သည့် အတွက် တရားရုံး မထီမဲ့မြင်မှုဖြင့် ထောင်ဒဏ် ၆ လ အပြစ်ပေးခံထားရကာ အင်းစိန် အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ်ကျခံနေရသူ ဖြစ်သည်။
You May Also Like These Story:
ထောင်ဒဏ် ကျခံနေရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအား ထပ်တရားစွဲရန် ကြိုးပမ်း