ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါကြောင့် လူနာ ၃ ဦး သေဆုံးပြီး ကူးစက်ခံနေရသူ ၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ ယနေ့ ညနေပိုင်းအထိ ပြုစုထားသည့် အချက်အလက်များအရ သံသယ ရှိသူ ၄၀ ဦးထဲမှ ၁၀ ဦး ကူးစက်ခံနေရပြီး ၃ ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး ဌာန ခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေး က ပြောသည်။
ဒေါက်တာ ဖြူုဖြူအေး က “သံသ ယ ရှိသူ ၄၀ ကို စစ်ဆေးတဲ့ အခါမှာ ၁၀ ယောက်က Positive တွေ့တယ်။ သေဆုံးမှုက ၃ ဦးရှိတယ်။ ၃ ဦးသေတာမှာ ၂ ဦးက ၇၅ နှစ် အမျိုးသားတွေ၊ တဦးက ကော့မူး မြို့နယ်က အမျိုးသမီး ၂၉ နှစ် သူက ကလေးမွေးပြီး ၁၇ ရက် မြောက်မှာ ဆုံးတယ်လို့ သိရတယ်။ သူ့မှာ ကိုယ်ဝန်ဆိပ်တက်တဲ့ သွေးတိုးရောဂါ ရှိနေတယ်” ဟု ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် AH1N1 ,PDM09 ရောဂါဖြင့် ဒေါ်အေးအေးစိုး အသက် ၂၉ နှစ်မှာ ဇွန်လ ၁၄ ရက်နေ့ကကွယ် လွန်ခဲ့သဖြင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ကူးစက်ရောဂါ ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများအား တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာ ဦးစီးရေးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန၏ လမ်းညွှန်ချက် အတိုင်းဆောင်ရွက်လျက် ရှိကြောင်း ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ AH1N1 ကူးစက်ရောဂါမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအတွင်း ကူးစက်ဝင်ရောက်လာသဖြင့် အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ၂၀၁၇ ခုနှစ်က ဖြစ်စဉ်များ ၊ အတွေ့အကြုံများ ရှိခဲ့ဖူးသဖြင့် ယခုအချိန်တွင် အချိန် နှင့် တပြေးညီ ထိန်းချုပ်နိုင်ရန် အတွက် ပြည် ထောင်စု ဝန်ကြီး ဦးဆောင်သည့် အစည်းအဝေး တရပ်ကို ရန်ကုန်မြို့တွင် ထိန်းချုပ်ရေး ကုသရေး ဆိုင်ရာ လုပ်ငန်းများကို အသေး စိတ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကူးစက်မြန် တုပ်ကွေးရောဂါကို ပြည်သူများ ကြောက်ရွံ့မှု မရှိဘဲ ကြိုတင် ကာကွယ် ရမည့် လုပ်ငန်းစဉ်များကို ဆောင် ရွက် မည်ဆိုပါက အကောင်း ဆုံး ဖြစ်မည် ဖြစ်ကြောင်း၊ သတင်း အမှားများကို မယုံကြည်ရန်နှင့် သတင်းမှန် ပြန်ကြားပေးသည့် ဌာနမှ သတင်းများကို ဖတ်ရှုမိစေရန်လည်း လိုအပ်ကြောင်း ဒေါက်တာ ဖြူဖြူအေးက မှတ်ချက်ပြုသည်။
အဆိုပါ ရောဂါပိုး ကူးစက်နိုင်သူများမှာ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်သည်များနှင့် ကျန်းမာရေးအတွက် ဆေးပြင်းပြင်း သောက်နေရသူများ ဖြစ်သဖြင့် အတတ်နိုင်ဆုံး ဂရုစိုက်ကြရန်လည်း တိုက်တွန်းသည်။
ရောဂါပိုး မကူးစက်စေရန် အတွက် ကြိုတင် ကာကွယ်ရန် နှာချေတိုင်း၊ ချောင်းဆိုးတိုင်း နှာခေါင်းနှင့် ပါးစပ်ကို လုံအောင် ပိတ်ပြီးဆိုးရန်၊ မိမိ၏ ဘေးတွင် လာပြီး နှာချေ၊ ချောင်းဆိုးပါကလည်း နှားခေါင်းနဲ့ ပါးစပ်ကိုပိတ်ရန်၊ လက်ကို မကြာခဏ ဆပ်ပြာနဲ့ဆေးရန်၊ အတတ်နိုင်ဆုံး လူထူထပ်သည့် နေရာများ ကို မသွားရန် ရှောင်ရှားခြင်းဖြင့် ကာကွယ်၍ ရကြောင်း ကျန်းမာရေးနှင် ကားကစားဝန်ကြီးဌာနမှ သိရသည်။
၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို နေ့စဉ်ထုတ် သတင်းများတွင် ဖြစ်ပွားမှု နှင့် သေဆုံးမှုများ ကို ထုတ်ပြန်နိုင်ရန် အတွက် စီစဉ်နေကြောင်း ၊အဆိုပါ ကူးစက်ရောဂါကို ဇူလိုင်၊ သြဂုတ် ၂ လ အတွင်းမှာ ထိန်းချုပ် နိုင်ခဲ့ကြောင်း၊ ယခု အချိန်တွင်လည်း သတင်း ထုတ်ပြန်ရေး ကော်မတီ ဖွဲ့ထားပြီး ဖြစ်၍ အချိန်နှင့် တပြေးညီ ပြည်သူလူထုကို သတင်း ထုတ်ပြန် အရန် အတွက် ပြည်ထောင်စု ဝန်ကြီး၏ မှာကြားချက် အတိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒေါက်တာ ဖြူဖြူအေးက ဆိုသည်။
အဆိုပါ တုပ်ကွေးရောဂါမှာ ကာကွယ်ဆေးရှိကြောင်း၊ သို့သော် တနိုင်ငံလုံးလွှမ်းခြုံအောင် မဖြန့်ဖြူးနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် တုပ် ကွေးရာသီချိန်မှာ ဇန်နဝါရီ ၊ သြဂုတ်လ တွင် တုပ်ကွေး ရာသီ ချိန်ဖြစ်ကြောင်း၊ ဆေးရုံများတွင်လည်း ရောဂါကာကွယ်ရေး ဝတ်စုံများ ဖြန့်ဝေ ထားပြီး ဖြစ်ကြောင်း ဆေးပစ္စည်းဝယ်ယူရေးနှင့် ဖြန့်ဖြူရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းနိုင်က ဧရာဝတီ သို့ ပြောသည်။
You may also like these stories:
အအေးမိတုပ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အံအားသင့်စရာ နည်းလမ်းများ
၂၀၁၈ အတွင်း သွေးလွန် တုပ်ကွေးကြောင့် ၁၀၀ ကျော် သေဆုံး