နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း (SOEs) များမှ သီးခြား ဘဏ်စာရင်း (Other Account-OA)များအား စနစ်တကျ စာရင်း စစ်ဆေးကာ ပိတ်သိမ်းမည် ဖြစ်ကြောင်း ဒု သမ္မတ ဦးမြင့်ဆွေက ပြောသည်။
နေပြည်တော်တွင် ဇွန်လ ၁၇ ရက်က ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ကာ SOEs များ အနေဖြင့် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ စာရင်း (UFA-SEE) တခု တည်းဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ပြီး အမြတ်ဝင်ငွေခွန် ပေးဆောင်ပြီး ကျန်ရှိငွေများအား နိုင်ငံတော် ဘဏ္ဍာ သို့ ထည့်ဝင်ရန် ပြောင်းလဲ သတ်မှတ်ထားကြောင်း ၎င်းက ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒု အမြဲတမ်း အတွင်းဝန် ဦးဝင်းထိုက်က“ဒါက နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး မူဝါဒ အရ ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ အရင်ကလည်း OA ထဲကဟာကို တိုက်ရိုက် သုံးရတာ မဟုတ်ဘဲ နိုင်ငံတော် ဘတ်ဂျက် လျာထားတဲ့ အတိုင်းပဲ သုံးရတာ ဖြစ်ပါတယ်။ ဘာမှ ထိခိုက်တဲ့ သက်ရောက်မှုတော့ မရှိပါဘူး”ဟု ရှင်းပြ သည်။
Other Account ထားရှိ လုပ်ကိုင်ခွင့်အား သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်၂၀၁၃ ခုနှစ်တွင် စတင် ခွင့်ပြုခဲ့ခြင်း ဖြစ် ပြီး ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တင်ပြသည့် စာရင်းအရ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း ၂၅ ခု၏ Other Account တွင် ကျပ် ၁၁၅၇၇ ဒသမ ၆ ဘီလီယံ ရှိကြောင်း သိရသည်။
ထိုငွေပမာဏတွင် သတ္တု တူးဖော်ရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့၊ MPT ဆက်သွယ်ရေး အော်ပရေတာ၊ သတင်းနှင့် စာနယ် ဇင်း၊ ပုလဲနှင့် ကျောက်မျက် ရတနာ လုပ်ငန်းများမှာ အဓိက ဝင်ငွေရရှိပြီး ယင်းလုပ်ငန်းများမှ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် အမြတ်ဝေစု ၂၀ ရာခိုင်နှုန်း နိုင်ငံတော်သို့ ပေးသွင်းပြီးပါက ကျန်ရှိသည့် ငွေများအား Other Account သို့ ထည့်သွင်းကာ လုပ်ငန်း လည်ပတ်ခဲ့ကြောင်း သိရသည်။
ဝင်ငွေ ပမာဏ ကြီးမားသည့် ကျောက်မျက်နှင့် သယံဇာတ ထုတ်ယူ တူးဖော်ရေး လုပ်ငန်းများ၏ Other Account စာရင်းများ ပွင့်လင်းမြင်သာမှု ရှိရေးနှင့် လွှတ်တော်သို့ စာရင်း တိကျစွာ ချပြရန် အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့် လေ့လာ စောင့်ကြည့်သူများက အစဉ်တစိုက် တောင်းဆိုမှုလည်း ပြုလုပ်ခဲ့သည်။
Other Account များ ပိတ်သိမ်းခြင်းမှာ ကောင်းမွန်သည့် ခြေလှမ်း တရပ် ဖြစ်သော်လည်း သယံဇာတပိုင်းမှ နိုင်ငံပိုင် လုပ်ငန်း၏ အမှန်တကယ် စွမ်းဆောင်ရည်ဖြင့် ရရှိသည့် ဝင်ငွေနှင့် အစိုးရ ကိုယ်စား ဆောင်ရွက်မှုမှ ရရှိသည့်ဝင်ငွေ စာရင်းများ ကိုလည်း တိကျစွာ ရှင်းလင်း ဆောင်ရွက်မှသာ လုပ်ငန်း အဖွဲ့အစည်းများ ပွင့်လင်းမြင်သာမှုနှင့် အမှန် တကယ် စွမ်းဆောင်ရည်ကို သိနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်ပိုင် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု စောင့်ကြည့် လေ့လာ သူများက ပြောသည်။
အမေရိကန် အခြေစိုက် National Resource Governance Institute(NRGI)၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဦးမော်ထွန်းအောင်က“သယံဇာတပိုင်းမှာ နိုင်ငံတော် ကိုယ်စား ကောက်ခံတဲ့ ဝင်ငွေတွေ၊ ရှယ်ယာ ဝင်ငွေတွေ၊ လက်မှတ် ထိုးကြေး စတာတွေကို SOEs တွေရဲ့ ဝင်ငွေ အဖြစ် စာရင်းသွင်းတာကို ပယ်ဖျက်ဖို့ လိုတယ်။ နိုင်ငံတော် ဘဏ္ဍာဝင်ငွေ ကို တိုက်ရိုက် သွားသင့်တယ်။ ဒါမှပဲ SOEs တွေရဲ့ အမှန် စွမ်းဆောင်ရည်ကို သိနိုင်မှာ ဖြစ်တယ်”ဟု ပြောဆိုသည်။
ဘဏ္ဍာရေး ကော်မရှင်၏ Other Account များ ပိတ်သိမ်းမည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး စွမ်းအင်ကဏ္ဍ လုပ်ငန်း များ အနေဖြင့် ခွင့်ပြု လျာထား ဘတ်ဂျက်များ အတိုင်းသာ သုံးစွဲခဲ့ခြင်း ဖြစ်သည့် အတွက် ခေါင်းစဉ် ပြောင်းသည့် သဘောသာ ရှိပြီး ထိခိုက်မှု၊ နှောင့်နှေးကြန့်ကြာမှုများ မရှိနိုင်ကြောင်း မြန်မာနိုင်ငံ တွင်းထွက် သယံဇာတ အရင်း အမြစ် တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့တွင် အစိုးရ ကိုယ်စားပြု (စွမ်းအင် ကဏ္ဍ) ပါဝင်သည့် ဦးသန်းဌေးအောင် က ပြောသည်။
ဦးသန်းဌေးအောင်က“အရင်ကတော့ လျာထား ဘတ်ဂျက်ကို Other Account ကနေ သုံးပါ။ နိုင်ငံတော် ဘတ်ဂျက် (SEE) ကနေ သုံးပါ ပြောပြီး သုံးခဲ့ရတာတော့ ရှိပါတယ်။ အခုကတော့ ခေါင်းစဉ် တခုတည်းကနေပဲ သုံးရမယ် ဆိုတဲ့ သ ဘောပေါ့။ အရင်ကလည်း စွမ်းအင် ကဏ္ဍမှာ Other Account ထဲက ကိုယ့်သဘောနဲ့ကိုယ် သုံးစွဲတာ မရှိပါဘူး။ လွှတ် တော် ခွင့်ပြုချက်နဲ့ပဲ သုံးစွဲခဲ့သလို စာရင်းစစ်ချုပ်လည်း ပုံမှန် စစ်ဆေးခဲ့ပါတယ်”ဟု ပြောပြသည်။
၂၀၁၃ ခုနှစ်မှ စတင်၍ ဝင်ငွေ မြင့်မားသည့် သယံဇာတပိုင်းမှ နိုင်ငံပိုင် လုပ်ငန်းများ၏ Other Account များတွင် နှစ်စဉ် စုဆောင်းငွေများ ကျပ်ဘီလီယံ ချီကာ တိုးတက်ခဲ့သော်လည်း အခြားသော အရှုံးပြခဲ့သည့် လုပ်ငန်းများ အတွက် လိုငွေအား နိုင်ငံတော် ဘတ်ဂျက်မှသာ ကျခံပေးခဲ့ရသည့် အတွက် နှစ်စဉ် နိုင်ငံတော် ဘတ်ဂျက် လိုငွေ အခြေ အနေအား ထောက်ပြမှု များလည်း ရှိခဲ့သည်။
ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်က“မြတ်တဲ့ အဖွဲ့တွေ ကျတော့ ကိုယ့် သီးခြား စာရင်းနဲ့ ထားပြီး ရှုံးတဲ့ အဖွဲ့တွေ ကျတော့ နိုင်ငံတော် ဘတ်ဂျက်က ကျခံနေရတယ်။ မမျှတမှု ဖြစ်နေတာပေါ့။ အခုလို Other Account တွေ ပိတ်မယ် ဆိုတော့ မြတ်တဲ့ အဖွဲ့က ငွေနဲ့ ရှုံးတဲ့ အဖွဲ့ကို ပေးလို့ ရတာပေါ့။ နိုင်ငံတော် ဘတ်ဂျက် လိုငွေ အတွက်လည်း ကောင်းမှာပါ။ အမှန်တော့ SOEs တွေ အတွက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း ဥပဒေလေး ပြဋ္ဌာန်း ရင် ပိုတည်မြဲမယ်လို့ ထင်ပါတယ်။ မူကို မှောက်လိုက် လှန်လိုက် လုပ်လို့ မရတော့ဘဲ လွှတ်တော်ကနေပဲ ဖြတ်ရမယ့် သဘော ပေါ့”ဟု သုံးသပ် ပြောဆိုသည်။
Other Account များ ပိတ်သိမ်းခြင်းဖြင့် ဘဏ္ဍာငွေ တစုတစည်း ထားရှိမည့် လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိ လာမည်ဖြစ်ပြီး ရေရှည် အစီအစဉ် အနေဖြင့် ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှုများအား နော်ဝေနှင့် စင်ကာပူနိုင်ငံတို့ကဲ့သို့ နိုင်ငံ တကာတွင် ကျင့်သုံးနေသည့် စနစ်များအား လေ့လာ ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက ပြောသည်။
ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင်၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။
အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ဒုတိယ သမ္မတ များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် စာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်း နှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဆက်စပ် ဖတ်ရှုရန်
အစိုးရ၏ Other Account များ ဖျက်သိမ်းသင့်ပြီဟု လွှတ်တော် ကိုယ်စားလှယ် အကြံပြု