နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ၂၂ ရက်မှ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၃၄ ကြိမ်မြောက် ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။ အရှေ့တောင်အာရှ ခေါင်းဆောင်များသည် အဏ္ဏဝါရေထုညစ်ညမ်းမှုနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးသည့် ဒေသတွင်းအရေးပါသော ပြဿနာများနှင့် အမေရိကန်၊ ဂျပန်တို့နှင့် ကာကွယ်ရေးနှင့် လုံခြံရေးဆက်ဆံမှုများ မြှင့်တင်ရေးကို ဆွေးနွေးကြမည်ဖြစ်သည်
ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် ASEAN ဥက္ကဌ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာ၏ ဖိတ်ကြားချက်အရ ထိုထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ASEAN ခေါင်းဆောင် ၁၀ ဦးတို့သည် ဒေသဆိုင်ရာပြဿနာများကို ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆောင်ပုဒ်ဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။ ထိုင်းနိုင်ငံကရွေးချယ်သော ထိုဆောင်ပုဒ်သည် ပြည်သူကို ဗဟိုပြုပြီး ဒစ်ဂျစ်တယ် စိမ်းလန်းစိုပြေသော လူမူအသိုင်းအဝိုင်း တည်ဆောက်ရေးကို ဦးတည်သည်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန၏ အဆိုအရ ခေါင်းဆောင်များသည် အဏ္ဏဝါရေထု ညစ်ညမ်းမှုပြဿနာများ ဖြေရှင်းရေးကြေညာချက်နှင့် လုပ်ငန်းစီမံချက်တခုကို လက်မှတ်ရေးထိုးပြီး သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လျှော့ချရေးအတွက် ASEAN ၏ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးကာ ASEAN ယဉ်ကျေးမှုနှစ်၂၀၁၉ မူဘောင်တခုကို လက်မှတ်ရေးထိုးမည်ဟု မျှော်လင့်ရကြောင်း သိရသည်။
ASEAN ခေါင်းဆောင်များသည် အင်ဒို-ပစိဖိတ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ASEAN Indo-Pacific Outlook ကိုလည်း အတည်ပြုဖွယ်ရှိသည်။ ထိုဝေါဟာရသည် အိန္ဒိယနှင့်အမေရိကန်ပစိဖိတ် ကမ်းခြေအကြားဒေသကို ဆိုလိုသည်။ တရုတ်နိုင်ငံသြဇာချဲ့ထွင်မှုများအကြား ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် အရှေ့တောင်အာရှဒေသနှင့် စီးပွားရေး၊လုံခြံမှု ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် ရည်မှန်းနေကြသည်။
ခေါင်းဆောင်များသည် ဒေသတွင်း ပိုမိုကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP)နှင့် ပတ်သက်ပြီး ထပ်မံဆွေးနွေးနိုင်ကြောင်း အာဆီယံရေးရာဦးစီးဌာနက ဆိုသည်။၂၀၁၂ ခုနှစ်က စတင်ခဲ့ပြီး (RCEP) သည် ASEAN ဆယ်နိုင်ငံနှင့် အာရှပစိဖိတ် ၆ နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ နယူးဇီလန်တို့အကြား အဆိုပြုထားသော လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီမှု ဖြစ်သည်။
ထိပ်သီးဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံခေါင်းဆောင်များနှင့် နှစ်ဦးချင်းဆွေးနွေးပွဲများ ကျင်းပမည်ဟု မျှော်လင့်ရသော်လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက အသေးစိတ်မကြေညာသေးပေ။
နိုင်ငံတော် အတိုင်ပင်ခံသည် ၂၀၁၆ ခုနှစ်ကလည်း ထိုင်းနိုင်ငံကို သွားရောက်ခဲ့သေးသည်။
( Nan Lwin ၏ State Counselor to Attend ASEAN Summit in Thailand on June 22-23 ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
မြန်မာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗီယက်နမ် ကူမည်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ တရုတ် မီးရထား ကုမ္ပဏီ အလှူငွေထည့်
လူငယ်များ အရက်၊ ဆေးလိပ်၊ ကွမ်းယာ ပိုမိုသုံးစွဲလာမှု အဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည် ပြော