“ခြံခုန်သောသစ္စာဖောက်”ဟု ဝေဖန်မှုများရှိသော်လည်း လူ တဦးတယောက်၊ အဖွဲ့အစည်းတခု အကျိုးအတွက် ဆောင် ရွက်မည် မဟုတ်ဘဲ ပြည်သူ့ အကျိုးကိုသာ ကြည့်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ ခေါင်းဆောင် သူရ ဦးရွှေမန်းက ပြောဆိုလိုက်သည်။
“ကျနော့်ပါတီက နောက်ကွယ်မှာ ဘယ်သူ့ကို သစ္စာခံတယ်ဆိုတာမျိုး လူမှုကွန်ရက်မှာ တချို့က ပြောဆို နေတာတွေ ရှိတယ်။ ကျနော့် ယုံကြည်ချက်၊ ကျနော့်ပါတီအပေါ် နောက်ကွယ်မှာ လက်မည်းကြီးရော၊ လက်ဖြူကြီးပါ ဘယ်သူမှ လွှမ်းမိုးလို့ မရပါဘူး။ ပါတီရဲ့အမည်အတိုင်း ပြည်ထောင်စု ကောင်းကျိုးကိုပဲ ဆောင်မှာပါ”ဟု ၎င်းက ပြောသည်။
ယနေ့နံနက်က ပြုလုပ်သော ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီခေါင်းဆောင် သူရ ဦးရွှေမန်းနှင့် မန္တလေးမြို့ လူထု တွေ့ဆုံပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
သူရ ဦးရွှေမန်းသည် တပ်မတော်တွင် ၄၅ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ တာဝန် တို့ကို ၄ နှစ် ကြာ တာဝန် ယူခဲ့သူ ဖြစ်သည်။
လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင်လည်း ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၃ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ယခု ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ အမည်ရှိသော နိုင်ငံရေးပါတီကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်က မှတ်ပုံ တင်ခွင့် ရရှိခဲ့ပြီး ပါတီ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။
ထို့ကြောင့် နိုင်ငံရေးနယ်ပယ် အတွင်း အဓိကပြိုင်ဖက် ပါတီကြီးနှစ်ခုနှင့် အဆက်အဆံရှိခဲ့သော ၎င်းအား ထိုပါတီ နှစ်ခု အနက် တခုခုအတွက် နောက်ကွယ်တွင် သစ္စာခံရန် အခြားနည်းလမ်းဖြင့် ပါတီ တည်ထောင်ခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုမှုများ အပေါ် ဦးရွှေမန်းက အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်ဟု ဆိုသည်။
“လက်ရှိနိုင်ငံမှာ လူတယောက်၊ အဖွဲ့အစည်းတခုက နိုင်ငံရေးရာ လုပ်ပိုင်ခွင့်မရှိပါဘူး။ နိုင်ငံရေး ပါတီ များသာ နိုင်ငံရေးရာ လုပ်ခွင့် ရှိပါတယ်။ ဒါကြောင့် ပါတီတရပ် တည်ထောင်ခြင်း ဖြစ်ပါတယ်”ဟု ပါတီ ထောင်ရခြင်း ရည်ရွယ် ချက်ကို ဦရွှေမန်းက ပြောသည်။
မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍လည်း သူရဦးရွှေမန်းက“နိုးနိုးကြားကြား၊ တက်တက် ကြွကြွ၊ မှန်မှန် ကန်ကန်၊ ထိထိ ရောက်ရောက် လုပ်မှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ တိုးတက်မယ်လို့ပဲ ဖြေချင် ပါ တယ်။ ဒီလောက်ဆိုရင်တော့ ဉာဏ်အမျှော်အမြင် ရှိတဲ့သူတွေသိပြီ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ဖြေကြားသည်။
ယနေ့ လူထုတွေ့ဆုံပွဲသို့ မန္တလေးခရိုင် အတွင်းမှ လူဦးရေ ၃၀၀ ခန့် တက်ရောက်လာသည်ကို တွေ့ရသည်။
အဆိုပါပွဲသို့ တက်ရောက်လာသော မန္တလေးမြို့ခံ ဦးဌေးလွင်က“အခုနိုင်ငံရေး အခြေအနေအရ သူလို လုပ်နိုင်တဲ့ သူတွေ၊ အတွေ့အကြုံ ရှိတဲ့သူတွေ၊ ဦးဆောင်သူတွေ အများကြီး လိုအပ်တယ်။ ဒါမှ ပြည်သူက ရွေးစရာ ရှိသလို ရွေးချယ်ရာမှာလည်း ပိုမှန်လာမှာ”ဟု ဧရာဝတီကို ပြောသည်။
ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး နယ်မြေရှိ မြို့နယ် အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီး ပြည်နယ်များတွင်မူ ဒေသခံ တိုင်းရင်းသားများ၏ ညှိနှိုင်း တောင်းဆိုမှု အပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်မည်ဟု သူရဦးရွှေမန်းက ဆိုသည်။
လက်ရှိတွင် ပါတီဝင်အင်အား ၁ သိန်း ခန့်ရှိကာ မြို့နယ် ၇၀ ကျော်တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ပြီး ဖြစ်ကြောင်း၊ လာမည့်လ အတွင်း မြို့နယ် ၂၀၀ အထိ ရုံးခွဲများ တိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
You May Also Like This Story:
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို သွားမတွေ့တော့ကြောင်း သူရ ဦးရွှေမန်း ပြော