လာရောက်ထုတ်ယူခြင်းမရှိဘဲ နိုင်ငံတော်ဘဏ္ဍာ သိမ်းငွေဖြစ်သော အောင်လာလေ ထီဆုကြေးများထဲမှ ဆုကြေးငွေ ကျပ်သိန်း ၂၅၀၀ ကို ထီဆုမဲများအဖြစ် ဇူလှိုင်လ ၁ ရက်မှ စတင်၍ လစဉ် သီးခြားဆုကြေးများအဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆု ဌာနခွဲမှ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် က “၂၀၁၉ ခုနှစ် ဇူလိူင်လ ၁ ရက်မှာ ဖွင့်မယ့် ကျပ် ၁ ထောင်တန် အောင်ဘာလေ ထီကနေ စပြီးတော့ လစဉ် ဘဏ္ဍာသိမ်း ရငွေထဲကနေ သီးခြားထီဆုကြေးတွေ ပေးသွားမှာဖြစ်တယ်။ ဒီ ဘဏ္ဍာသိမ်းရငွေအတွက် ချီးမြင့်တဲ့ ဆုမဲကို ပုံမှန် ထီစာအုပ် ရောင်းရတဲ့ထဲက ခွဲတဲ့ငွေနဲ့ မဟုတ်ဘဲ သီးခြားကြေညာပေးမှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သီးခြားထီဆုမဲများ ဖွင့်လှစ်ပေးခြင်းမှာ အောင်ဘာလေထီကို လူအများစိတ်ဝင်စားရန်အတွက် ရည်ရွယ် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ဆုမဲများအနေဖြင့် ကျပ် ၁ သိန်းဆုက ၂၀၀၀ ဆု၊ ကျပ် ၂ သိန်းဆုက ၂၀၀ ဆု၊ ကျပ် ၃ သိန်း ဆုက ၂၀ ဆုနှင့် ၁၀ သိန်း ဆုက ၄ ဆု ချီးမြင့်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒုညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က “ထီဆုမဲထုတ်တာကတော့ အခုဆုကြေး ခေါင်းစဉ်က သပ်သပ်ဖြစ်သွားမှာပေါ့။ ဖွင့်တာတော့ တရက်ထဲမှာပဲ ဖွင့်ပေးမယ်။ ဘဏ္ဍာသိမ်းရငွေဆိုတာကတော့ ထီပေါက်ထားတဲ့ လူတယောက်က ထီဖွင့်ပွဲ ကျင်းပပြီး တနှစ်အတွင်းမှာ အဲငွေကို ထုတ်ရတယ်။ ဥပမာ ပြီးခဲ့တဲ့ မေလတုန်းက ထိုးခဲ့တဲ့ ဟာဆိုရင် ဒီနှစ်ဧပြီ သတင်းစာထဲမှာ ကြေငြာပေးမယ်။ အဲဒါမှ လာမထုတ်ဘူးဆိုရင် ဘဏ္ဍာသိမ်းတာ။ ဒီငွေကို ဆုကြေးအဖြစ် လစဉ် ကျပ် သိန်း ၂၅၀၀ ကို ပေးမှာဖြစ်တယ်” ဟု ရှင်းပြသည်။
ဘဏ္ဍာသိမ်းရငွေများမှာ လစဉ် ပမာဏ အနည်းအများ အလိုက်ရှိပြီး ယင်းငွေများထဲမှ ဆုမဲများကို လစဉ်ပြန်လည် ချီးမြင့်ပေးသွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၄ ကြိမ်မြောက်အောင်ဘာလေ ထီဖွင့်ပွဲတွင်ဆုမဲပေါင်း ၁၉၂၃၉၉ ဆု ဖွင့်လှစ်ပေးခဲ့သည်။
ယခုဖွင့်လှစ်မည့် ၅ ကြိမ်မြောက်ထီတွင် (က) အက္ခရာမှ (အ) အက္ခရာအထိ ၃၃ လုံးနှင့် (ကက) အက္ခရာမှ (ကဆ) အက္ခရာအထိ ၇ လုံး စုစုပေါင်း အလုံး ၄၀ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားသည်။
အင်းစိန်မြို့နယ်ရှိ ဒေါ်မြင့်စိန် က “ကျမတို့လို ဝန်ထမ်း မိသားစု တွေကတော့ ထီဆိုတာကို မျှော်လင့်ကြတာပေါ့။ ဒီလိုပေါက်မှလည်း ကိုယ်တွေ အခြေနေပြောင်းမှာဆိုပြီး ထိုးတယ်။ လာမထုတ်တဲ့ ထီဆုကြေးတွေကို ပြန်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ထီလည်း လူတွေပိုစိတ်ဝင်စားပြီးထိုးလာကြမှာပါ” ဟု ပြောသည်။
ဆုကြေးများကို ထီလက်မှတ်များ ရောင်းရငွေများမှ ၆၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပေးခြင်းဖြစ်ပြီး ယခု ဇူလိူင်လ ၁ ရက်တွင် ဖွင့်လှစ်မည့် ကျပ် ၁ ထောင်တန်၊ ၅ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှ စတင်၍ နိုင်ငံတော် ဘဏ္ဍာသိမ်း ရငွေများထဲတွင် ဆုများတိုးပေးသွားမည်ဖြစ်သည်။
မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ အရောင်းကိုယ်စားလှယ် ကိုအောင်ခိုင်ဝင်း က “အရင်ထဲက ဘဏ္ဍာသိမ်းတွေကို ထီဆုမဲအဖြစ် ပြန်ပေးဖို့ရာ ထီထိုးတဲ့ သူတွေက တောင်းဆိုနေတာ။ ဒါကိုပြန်ပေးမယ်ဆိုတော့ ထီချစ်သူတွေအတွက် ပျော်စရာသတင်းလို့ ပြောရမှာပေါ့။ ထီအရောင်းအဝယ်လေးလည်း နည်းနည်းလေးတော့ သွက်လာနိုင်တာပေါ့လေ။ ဒါပေမယ့်လည်း သူတို့ထုတ်ထားတဲ့ အလုံးအရေအရ များနေတော့ ထီဈေးကွက်က မနိုင်သေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ကျပ်တထောင်တန် ထီက ၁ ကြိမ်မြောက်ထဲက လတိုင်းကျန်နေတာ။ အလုံးရေထုတ်ထားတာနဲ့ ထိုးတဲ့သူနဲ့ မမျှဘူး ဖြစ်နေတာပေါ့။ အမှန်ကတော့ အက္ခရာ အလုံးရေ ၃၀ နဲ့ ၃၅ လုံးလောက်ဆို ရောင်းနိုင်တာနဲ့ ထိုးတာက မျှနိုင်တာပေါ့နော်။ ဒီလဆို အလုံး ၄၀ ပေါ့ အကုန်မကုန်နိုင်ပါဘူး။ အရင်လတွေလိုပဲ ကျန်အုံးမှာ”ဟု ရှင်းပြသည်။
ထီလက်မှတ်ရောင်းချခြင်းများနှင့် ပတ်သက်ပြီး လူအများ စိတ်ဝင်စားမှုအများဆုံးမှာ ထီ ၁ စောင် ကျပ် ၂၀၀ တန်မှ ဆုမဲ ၇ ဆခန့်တိုးသည့် ထီ ၁ စောင် ကျပ် ၅၀၀ ပြောင်းလဲသည့် အချိန်တွင်ဖြစ်ပြီး လက်ရှိ ထီ ၁ စောင် ကျပ် ၁ ထောင်ဖြစ်ချိန်တွင် ဆုမဲမှာလည်း အတိုးနည်းသောကြောင့် စိတ်ဝင်စားမှုမှာ ယခင်လောက်မရှိကြောင်း ထီအရောင်းကိုယ်စားလှယ်များထံမှ သိရသည်။
You may also like these stories:
တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ ကိစ္စ အဖြေရှာမည်ဟု ပြန်ကြားရေး ဒု ဝန်ကြီး ပြော