ရာသီတုပ်ကွေး H1N1 ဖြင့် သေဆုံးသူ ၅ ဦးထိ ရှိလာပြီး ရောဂါပိုးတွေရှိသူ ၂၂ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ယနေ့ နေပြည်တော်တွင် သတင်းမီဒီယာများကို ရှင်းပြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယညွှွန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ က “ရန်ကုန်တိုင်းဒေသကြီးက ၄ ဦးသေဆုံးပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၁ ဦးပေါ့။ စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပါတယ်” ဟု ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၂၀ ရက် နံနက်ပိုင်းအထိ ရရှိထားသော အချက်အလက်များအရ တိုင်းဒေသကြီး ပြည်နယ်များတွင် ရာသီတုပ်ကွေး Seasonal Influenza H1N1 pdm 09 ရောဂါပိုး တွေ့လူနာ ၂၂ ယောက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သတင်းထောက်များကို ပြောသည်။
ဒေါက်တာ ခင်ခင်ကြီး က “Influenza A ပေါ့၊ အခုတွေ့တာ ၁၆ ယောက် ရှိပါတယ်။ ဇန်နဝါရီကနေ မေအထိက ၄ ယောက်ပဲ ရှိပါတယ်။ ဇွန်လ ၁ ရက်ကနေ ဇွန်လ ၂၀ ရက်အထိက ၁၂ ယောက် ရှိပါတယ်။ စုစုပေါင်း ၁၆ ယောက် ရှိပါတယ်။ Influenza B က ၆ ယောက်ရှိပါတယ်” ဟု ပြောသည်။
နေပြည်တော်တွင်လည်း အဆိုပါရောဂါပိုးတွေ့လူနာ ၁ ဦးရှိပြီး လက်ရှိတွင် ယင်းလူနာမှာ အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိကြောင်း ၎င်းကဆိုသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဇွန်လ ၁၉ ရက် ညနေပိုင်းအထိ ရရှိထားသည့် အချက်အလက်များ အရ သံသယ ရှိသူ ၄၀ ဦးထဲမှ ၁၀ ဦး ကူးစက်ခံနေရပြီး ၃ ဦးမှာ သေဆုံးခဲ့ကြောင်း သတင်းမီဒီယာများကို ပြောကြားထားသည်။
လက်ရှိတွင် လူဦးရေထူထပ်သော ရန်ကုန်တိုင်းဒေသကြီးတွင် အဖြစ်များဆုံးဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင် နေပြည်တော် ကောင်စီနယ်မြေတို့တွင်လည်း ဖြစ်ပွားသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြော သည်။
အဆိုပါရောဂါသည် ၁၅ နှစ်မှ ၆၅ နှစ်အတွင်း အသက်အရွယ်တွင် အဖြစ်များကြောင်း သိရသည်။
H1N1 ရာသီတုပ်ကွေးရောဂါသည် အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်တတ်သည့်အတွက် ချောင်းဆိုးတိုင်း နှာချေလျှင် မိမိ၏ နှာခေါင်း၊ ပါးစပ်တို့ကို အဝတ်ဖြင့် ဖုံးအုပ်ခြင်း၊ အခြားသူများ ချောင်းဆိုလျှင်လည်း မိမိ၏ နှာခေါင်း၊ ပါးစပ်တို့ကို အလားတူ ဖုံးအုပ်ခြင်းတို့ဖြင့် ကာကွယ်ရမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
မသန်ရှင်းသော လက်ဖြင့် မိမိ၏ နှာခေါင်းပါစပ်များကို ကိုင်တွယ်ခြင်းမပြုရန်၊ လက်ကိုလည်း ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောရန်နှင့် မိမိတွင် တုပ်ကွေးဖြစ်နေသည်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်း များတွင် စစ်ဆေးကုသမှုခံယူရန်နှင့် လူထူထပ်ရာနေရာများကို တတ်နိုင်သမျှ သွားလာခြင်းမပြုရန် တိုက်တွန်းထားသည်။
ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေး က “ဘတ်စ် ကားပေါ်မှာ နှာချေလိုက်တယ်၊ ပြန့်သွားတယ်၊ တနေရာရာမှာ သွားကိုင်လိုက်မိရင် ဒီလက်ကနေလည်း ရောဂါကူးနိုင်တယ်။ ဒါကြောင့်လက်ကိုလည်း ဆပ်ပြာနဲ့ ဆေးဖို့ လိုပါမယ်” ဟု ပြောသည်။
ထို့အပြင် H1N1 ကာကွယ်ဆေးသည် ဈေးနှုန်းကြီးမြင့်ပြီး ၄၆ ရာခိုင်နှုန်းခန့်သာ ကာကွယ်နိုင်သဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်က ကာကွယ်ဆေးထိုးရန် မတိုက်တွန်ထားကြောင်း၊ ရောဂါကာကွယ်ရန် အတွက် အိပ်ရေးဝဝအိပ်စက်ခြင်း၊ အာဟာရပြည့်ဝအောင် စားသုံးခြင်း၊ တကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်
သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်သည်များနှင့် ကျန်းမာရေးအတွက် ဆေးပြင်းပြင်း သောက်နေရသူများတွင် အဆိုပါရောဂါကူးစက်နိုင်၍ အတတ်နိုင်ဆုံး ဂရုစိုက်ကြရန်လည်း တိုက်တွန်းသည်။
“သေဆုံးတဲ့လူနာတွေကို ကြည့်မယ်ဆိုရင် အသက်ကြီးတဲ့သူတွေပေါ့။ ၇၅ နှစ်တယောက်၊ ၇၇ နှစ်တယောက် တွေ့ရတယ်။ ကလေးဆိုရင် မုံရွှွာ ဆေးရုံကြီးကို လာတက်တာက ခြောက်လ ကလေးပေါ့။ ဒါကြောင့် သိပ်ငယ်လွန်းတဲ့သူတွေ အသက်ကြီးတဲ့သူတွေ။ နောက်ပြီး အဓိက သေဆုံးတာ ရောဂါအခံ ရှိတဲ့သူတွေ ပေ့ါ။ ပထမလူနာ ဒေါ်အေးအေးစိုး ဆိုရင်လည်း ရောဂါအခံရှိတာကြောင့် ဖြစ်လို့ရှိရင် သေဆုံးနိုင်တဲ့ အခွင့်အလမ်းများတာပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှက ပြောသည်။
အဆိုပါ ကူးစက်မြန်တုပ်ကွေးရောဂါကို ပြည်သူများ ကြောက်ရွံ့မှုမရှိဘဲ ကြိုတင် ကာကွယ် ရမည့် လုပ်ငန်းစဉ်များကို ဆောင်ရွက် မည်ဆိုပါက အကောင်းဆုံး ဖြစ်မည် ဖြစ်ကြောင်း၊ လူမှုကွန်ရက်များမှ သတင်း အမှားများကို မယုံကြည်ရန်နှင့် သတင်းမှန် ပြန်ကြားပေးသည့် ဌာနမှ သတင်းများကို ဖတ်ရှုမိစေရန်လည်း လိုအပ်ကြောင်း မှတ်ချက်ပြုသည်။
ထိုသို့ ၂၀၁၇ ခုနှစ်က ဖြစ်စဉ်များ၊ အတွေ့အကြုံများ ရှိခဲ့ဖူးသဖြင့် ယခုအချိန်တွင် အချိန် နှင့် တပြေးညီ ထိန်းချုပ်နိုင်ရန် အတွက် ပြည် ထောင်စု ဝန်ကြီး ဦးဆောင်သည့် အစည်းအဝေး တရပ်ကို ရန်ကုန်မြို့တွင် ထိန်းချုပ်ရေး ကုသရေး ဆိုင်ရာ လုပ်ငန်းများကို အသေး စိတ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များတွင်လည်း အဆိုပါရောဂါပိုးတွေ့ရှိရခြင်းရှိမရှိကိုလည်း အခြားနိုင်ငံများနှင့်ပူးပေါင်းကာည စောင့်ကြပ်ကြည့်ရှုခြင်း၊ သတင်းဖလှယ်ခြင်းများ ပြလုပ်နေသည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
မြန်မာနိုင်ငံတွင် H1N1 ဖြစ်ပွားမှုမှာ ၂၀၁၇ ခုနှစ် ဇွန်လနှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ တို့တွင် ရောဂါဖြစ်ပွားမှုများခဲ့သည်ကို တွေ့ရကြောင်း သိရသည်။
You May Also Like This Story:
H1N1 ဖြင့် သေဆုံးသူ ၃ ဦးရှိပြီး၊ ကူးစက်ခံနေရသူ ၇ ဦးရှိနေ