နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ရင်း မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ မဟာအခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် ပိုမိုနက်ရှိုင်း လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ်က ပြောကြားလိုက်သည်။
သံအမတ်ကြီး ချန်ဟိုင်၏ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးဝင်းမြင့်က လက်ခံခဲ့ပြီး တရက်အကြာ ဇွန်လ ၁၉ ရက်နေ့တွင် သမ္မတရုံး၊ သံတမန်ခန်းမတွင် ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တရုတ်နှင့်မြန်မာတို့သည် လက်ရှိအခြေအနေတွင် ကောင်းမွန်သော ဆက်ဆံရေး ထိန်းသိမ်းထားပြီး ထိုဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ပေါ်ပေါက်နိုင်မည်ဟု မျှော်လင့်ကြောင်း ချန်က ပြောသည်။
နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှု တိုးတက်စေရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန် (CMEC) နှင့် ပတ်သက်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ၂၀ ဦးမြောက် တရုတ်သံအမတ်က ကတိပြုသည်။ CMEC သည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းကြီးများအပြင် စီမံကိန်းပေါင်း ၃ ဒါဇင်ကျော် အကောင်အထည် ဖော်သွားရန် စီစဉ်ထားသည်။
၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့သော BRI သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဓိက နိုင်ငံခြားရေးမူဝါဒ အစီအစဉ် ဖြစ်သည်။ ထိုအစီအစဉ်ကို ပိုးလမ်း စီးပွားရေးရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်း ပိုးလမ်းမကြီးဟုလည်း သိကြပြီး တရုတ်နိုင်ငံမှ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားတို့ကိုဖြတ်သန်းပြီး ဥရောပအထိ အနည်းဆုံး နိုင်ငံပေါင်း ၇၀ ကို ဆက်သွယ်မည့်လမ်းများ၊ ရထားလမ်းများနှင့် ရေကြောင်းလမ်းများ ကွန်ရက်တခုကို တည်ဆောက်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် ရည်ရွယ်သည်။
မြန်မာနိုင်ငံသည် CMEC ကို ထူထောင်သည့် နားလည်မှုစာချွန်လွှာ (MOU) ကို စက်တင်ဘာလတွင် လက်မှတ် ရေးထိုးပြီး BRI တွင် တရားဝင် ပူးပေါင်းဆောင်ရွက်သော နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ ခန့်မှန်းခြေ ၁၇၀၀ ကီလိုမီတာ ရှည်သော ထိုစြင်္ကန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမှ မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး အချက်အခြာနေရာများ ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးကို ဆက်သွယ်ပြီးနောက် အရှေ့ဖက်တွင် ရန်ကုန်နှင့် အနောက်ဖက်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) သို့ ဆက်သွယ်မည် ဖြစ်သည်။
မြန်မာအစိုးရ၏ အဆိုအရ တရုတ်နိုင်ငံသည် CMEC အောက်တွင် စီမံကိန်းပေါင်း ၃၈ ခု အဆိုပြုထားသည်ဟု သိရသည်။ သို့သော် မြန်မာနိုင်ငံသည် ဧပြီလက ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ် BRI ညီလာခံတွင် အကျိုးအမြတ် စောစီးစွာ ရနိုင်သည့် စီမံကိန်း ၉ ခုကိုသာ အတည်ပြုထားသည်။ လက်ရှိအချိန်အထိ မြန်မာ အစိုးရသည် စီမံကိန်း ၃ ခုကိုသာ လူသိရှင်ကြား ထုတ်ပြန်ကြေညာထားပြီး ၎င်းတို့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ၃ ခု တည်ဆောက်ရေး၊ ကျောက်ဖြူ SEZ နှင့် မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းတို့ ပါဝင်သည်။
သမ္မတဦးဝင်းမြင့်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ရန် ကတိပြုပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရခိုင်ပြဿနာ များတွင် မြန်မာနိုင်ငံကို ထောက်ခံသောကြောင့် တရုတ်ကို ကျေးဇူးတင်ကြောင်း ပြောသည်ဟု ထိုကြေညာချက် ဆိုသည်။
CMEC ပြီးစီးရေးအတွက် မြန်မာနိုင်ငံက တက်ကြွပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဦးဝင်းမြင့်က ပြောကြောင်း ထိုကြေညာချက်က ကိုးကားဖော်ပြသည်။
မြန်မာနိုင်ငံသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးအတွက် တရုတ်-မြန်မာ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတောင့်တင်း ကြံ့ခိုင်ခြင်းဖြစ်ကြောင်း ဦးဝင်းမြင့်ကပြောသည်ဟု ဆိုသည်။
CMEC MOU အရ မြန်မာနိုင်ငံသည် စက်မှု၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်ပိုးလမ်း၊ ဘဏ္ဍာရေး၊ ခရီးသွားလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်သူခြင်း အပြန်အလှန် ဆက်ဆံရေး၊ သိပ္ပံနှင့်နည်းပညာ၊ ဝန်ထမ်းလေ့ကျင့်ရေး၊ ရေအရင်းအမြစ်များနှင့် ရေလွှမ်းမိုးမှု ကာကွယ် ထိန်းချုပ်ရေးတို့တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက် ကြီးမားလှသော ကျောက်ဖြူ SEZ အတွက် မူဘောင် သဘော တူညီချက်တခုကို နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ ကျောက်ဖြူ SEZ သည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် အသုံးပြုခွင့်ရကာ မလက္ကာရေလက်ကြားကို မသုံးဘဲ၊ ရေနံတင်သွင်းနိုင်မည့် အဓိကကျသည့် သေနင်္ဂဗျူဟာ စီမံကိန်းအဖြစ် အဖြစ် အသုံးပြုခြင်းဖြစ်သည်။
အောက်တိုဘာလက နိုင်ငံပိုင်ကုမ္ပဏီ နှစ်ခုဖြစ်သော China Railway Eryuan Engineering Group (China Railway Group Ltd) နှင့် မြန်မာ့မီးရထားတို့သည် အဆိုပြုထားသော မူဆယ်-မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေ လေ့လာရန် MOU တစောင်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုမြို့နှစ်မြို့သည် အရှေ့တောင် အာရှတွင် လမ်းပမ်းဆက်သွယ်ရေး တိုးတက်စေရန် စီမံကိန်းတွင် အချက်အခြာ နေရာများ ဖြစ်စေရန် ရည်ရွယ်ထားသည်။ လတ်တလောတွင် မြန်မာအရာရှိများသည် ထိုစစ်တမ်းကို လေ့လာနေပြီး တည်ဆောက်ရေး အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို ယခုနှစ်ကုန်တွင် ချမှတ်မည်ဖြစ်သည်။
CMEC MOU ကို လက်မှတ်မရေးထိုးမီ အစိုးရသည် တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်တွင် မမိရေးနှင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးရှိရေအတွက် တရုတ်နိုင်ငံနှင့် အဓိကအချက် သုံးခုကို ဆွေးနွေးခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က လွန်ခဲ့သောလက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခဲ့သည်။ BRI စီမံကိန်းများ ရေရှည် မထိန်းချုပ်နိုင်သော ကြွေးမြီများဖြင့် မြန်မာနိုင်ငံကို ဝန်ပိစေနိုင်ကြောင်း ကျွမ်းကျင်သူများ၏ သတိပေးချက်များ အကြားတွင် ထိုသို့ ထုတ်ဖော် ပြောဆိုရခြင်း ဖြစ်သည်။
ထိုအချက် ၃ ချက်တွင် စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများ ထံမှ ဘဏ္ဍာရေး အကူအညီယူရန် မြန်မာနိုင်ငံကို ခွင့်ပြုရေး၊ စီမံကိန်းများတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပါဝင်စေရန်အတွက် မြန်မာနိုင်ငံက နိုင်ငံတကာ တင်ဒါခေါ်ယူခွင့်ပြုရေးနှင့် နှစ်ဖက် အပြန်အလှန် အကျိုးအတွက် အဆိုပြု စီမံကိန်းများကို မြန်မာနိုင်ငံက ရွေးချယ်ခွင့်ရရေးတို့ ဖြစ်သည်။
(Nan Lwin ၏ New Chinese Ambassador Vows to Seek ‘Practical Cooperation’ with Myanmar on BRI Projects ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
တရုတ်က မြန်မာနိုင်ငံရဲ့ ရန်သူ မဖြစ်ချင်ဘူး
တရုတ် BRI အခွန်စနစ်တွင် ပါဝင်ရန် အစိုးရက လွှတ်တော်သို့ ခွင့်ပြုချက်တောင်း
တရုတ် နယ်စပ် စီးပွားရေးဇုန်များ စီမံကိန်းမူကြမ်း ယခုလ အတွင်း အတည်ပြုရန်ရှိ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ တရုတ် မီးရထား ကုမ္ပဏီ အလှူငွေထည့်