အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်ခိုင်သည် ကျန်းမာရေး မကောင်းသဖြင့် အနား ယူနေရပြီး နိုင်ငံတော် သမ္မတရုံးကလည်း ဆေးခွင့်ပေးထားကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ဝန်ကြီးဖြစ်လာသူ ဦးဝင်းခိုင်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို ရောဂါများ ခံစားနေရသဖြင့် ဇွန်လဆန်းပိုင်းတွင် ပြည်ပသို့ ဆေးသွားကုခဲ့ရပြီး ယခုအခါ ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိကာ အနားယူနေကြောင်း အစိုးရ အရာရှိတချို့က ဧရာဝတီသို့ အတည်ပြုသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတန်း အတွင်းဝန် ဦးဌေးအောင် က “ဝန်ကြီး ဆေးခွင့်နဲ့ အနားယူနေရတယ်ဆိုတာ ဟုတ်ပါတယ်” ဟု ပြောသည်။
ဝန်ကြီးသည် ကျန်းမာရေး မကောင်းသော်လည်း အိပ်ရာထဲ လဲနေသည့် အနေအထားမျိုး မဟုတ်ဘဲ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ နမှ အရာရှိများကို ရန်ကုန်သို့ ခေါ်ယူ၍ အစည်းအဝေးများပင် ပြုလုပ်လျက်ရှိသလို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာ အောင်သူကလည်း ဌာနတွဲ၍ ကူညီပေးနေကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အရာရှိတဦးကလည်း “ဘန်ကောက်ကို ဆေးသွားကုတယ်လို့ ကြားလိုက်တယ်။ နှလုံး သွေးကြော ကျဉ်းတာ။ Stent (ပလတ်စတစ်ပြွန်) လေး ထည့်ရတာ။ အခုတော့ ရန်ကုန် ပြန်ရောက်နေပြီ။ ကျန်းမာရေးအရ ခနနားနေတော့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်သူက ခနတွဲကိုင်ပေးထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတောင် ဝန်ကြီးက ရန်ကုန်မှာ အစည်းအဝေးခေါ်လို့ နေပြည် တော်ကလူတွေ သွားရသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော်သို့ ပြန်လည် မရောက်ရှိလာခြင်းမှာ ကျန်းမာရေး အခြေအနေအရ အလုပ်ဆင်းရန် မဖြစ်နိုင်သေးဘဲ အနားယူရန် လိုအပ်နေသေး၍ ဖြစ်နိုင်ကြောင်း၊ သို့သော် လက်ရှိ ရာထူးမှ အနားယူရန် လိုအပ်သည့် အခြေအနေမျိုး မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူတချို့က ပြောသည်။
နေပြည်တော် ဝန်ကြီး အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက “လျှပ်စစ်နဲ့ စွမ်းအင်ကို ဒေါက်တာ အောင်သူ တွဲကိုင်ပေးရတယ်ဆိုတာက ခနလွှဲတာ။ နိုင်ငံခြားသွားတယ်ဆိုရင် ကက်ဘိနက်(အစိုးရ အဖွဲ့ )မှာ လက်မှတ် ထိုးဖို့တို့ ဘာဖို့တို့ အတွက်ပါ” ဟု ပြောသည်။
ဝန်ကြီး ဦးဝင်းခိုင်၏ ဆောင်ရွက်ချက်များတွင် စွမ်းအင် ထုတ်နိုင်မည့် အလုံ၊ မီးလောင်ချိုင်နှင့် တနသာၤရီ စက်ရုံ ၃ ခုကို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုရအောင် လက်မှတ်ရေးထိုး စာချုပ်ချုပ် ဆိုနိုင်ခဲ့ခြင်းသည် အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်သော်လည်း လုပ်ငန်းများ စတင်နိုင် မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ ဖြိုး တိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
ဦးအောင်ကျော်ကျော်ဦး က “အဲဒီ ၃ ရုံ ပြီးသွားရင် မီဂါဝမ် ၃၀၀၀ ထွက်မှာ။ အဲဒါဆိုရင်တော့ လုံလောက်သွားမှာ။ ဒါပေမယ့် လက်ရှိမှာတော့ မရသေးဘူး။ လျှပ်စစ်မီးက အများကြီး Refrom လုပ်မှ ရမှာ။ ဒီတိုင်းသွားရင်တော့ ဘယ်လိုမှ မရနိုင်ဘူး။ လျှပ်စစ်က တနှစ်က ဒေါ်လာ သန်း ၅၀၀ လောက်ကို ရှုံးနေတာ။ ရှုံးတော့ လျှပ်စစ် တယူနစ်ကို ဘယ်လောက်နဲ့ ဝယ်မလဲဆိုတာ သတ်မှတ်ပေးရမယ်။ အစိုးရက မဖြည့်ဆည်း နိုင်တော့ဘူး”ဟု ပြောသည်။
အစိုးရကလာမည့် နှစ်တွင် ၁၃၀၀ မီဂါဝမ် လိုအပ်နေရာ ၁ မီဂါဝမ်လျှင် ဒေါ်လာ ၁ သန်း ကုန်ကျနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်လာ ၁.၃ ဘီလီယံ ရရှိရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် ဝန်ကြီးဌာန၏ ဘတ်ဂျက်မှ ၄ ပုံ ၁ ပုံ သုံးစွဲ ထားပြီး ဖြစ်ကြောင်း၊ ယခုထက် ထပ်တိုး၍လည်း မသုံးနိုင်သည့်အခါ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ခေါ်ယူရန်သာ ရှိတော့ကြောင်း ၎င်းက အကြံပြုသည်။
ပြည်သူလူထုသည် ၎င်းတို့၏ နေ့စဉ် ဘဝများတွင် တိုက်ရိုက် သက်ဆိုင်နေသည့် လျှပ်စစ်ဓါတ်အား ပုံမှန်ရရှိရေး အတွက် ယင်းဝန်ကြီးဌာနကို ဦးဆောင်မည့် သူများ၏ အရည်အသွေးနှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို အမြဲတန်း လူမှုကွန်ရက်များပေါ်တွင် ဝေဖန်လျက်ရှိရာ NLD အစိုးရ လက်ထက်တွင်လည်း မီးမမှန်သေးသည့် ကိစ္စမှာ ပြောစရာ တခု ဖြစ်လျက်ပင် ရှိသည်။
NLD အစိုးရ အာဏာရရှိသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ယူရန် စီစဉ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် လုပ်ငန်းတာဝန်များစွာဖြင့် ဝန်ပိလာနိုင်ဖြင့် အစိုးရ အရာရှိဟောင်း ဦးဖေဇင်ထွန်းကို ယင်းဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ပေးခဲ့သည်။
သို့သော် ဦးဖေဇင်ထွန်းသည်လည်း ၂၀၁၇ ခုနှစ်မှ စတင်၍ ကျန်းမာရေး မကောင်းသည့်အခါ ထိုစဉ်က ဆောက်လုပ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူနေသူ စက်မှု အင်ဂျင်နီယာ ပညာရှင်တဦး ဖြစ်သူ ဦးဝင်းခိုင်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။
ဦးဝင်းခိုင် ဆောက်လုပ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူစဉ်က “လမ်းတလမ်း ၅ နှစ်မှ မခံရင် အဲဒီ အင်ဂျင်နီယာ ထောင်ထဲပို့ပစ်လိုက်မယ်” ဆိုသည့် ပြောဆိုချက်ကြောင်း လူမှုကွန်ရက်တွင် ထောက်ခံသူများစွာဖြင့် ရေပန်းစားခဲ့ဖူးသည်။
You May Also Like This Story:
လျှပ်စစ်မီးမှန်အောင် အစိုးရ လုပ်ဆောင်နိုင်မလား
စီးပွားရေး တိုးတက်ရန် လျှပ်စစ်ကဏ္ဍ တနှစ် ဒေါ်လာ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုဟု ကမ္ဘာ့ဘဏ် ဆို
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ၂၀၂၂ တွင် အပြီးဆောင်ရွက်မည်