မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ United Amara Bank (UAB) ဘဏ်ခွဲတခုဖြစ်သော ဒိုင်းမွန်း ပလာဇာဘဏ်ခွဲ၏ တာဝန်ခံ အကြီးတန်းမန်နေဂျာတဦးက ဘဏ်၌ ငွေအပ်ထားသူ (Customer) တဦး၏ အပ်ငွေများထဲမှာ ကျပ်သိန်း ၈၀၀၀ ကျော် လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါအကြီးတန်းမန်နေဂျာ ဦးရန်နိုင်မျိုးဆွေ (၉/မနမ (နိုင်) ၀၀၄၂၀၀) သည် ယင်းဘဏ်ခွဲ၌ ငွေအပ်ထားသူတဦး၏ ငွေစာရင်းထဲမှာ ကျပ် ၈၀၆,၂၉၄,၂၅၆ ကို မသမာသော နည်းလမ်းများဖြင့် မမှန်မကန်စာရင်းရေးသွင်းကာ လိမ်လည် ထုတ်ယူသွားခြင်းဖြစ်ကြောင်း UAB ဘဏ်က သတင်းထုတ်ပြန်ထားသည်။
ယင်းကိစ္စကို စာရင်းပိုင်ရှင်က ဇွန်လ ၁၀ ရက်နေ့တွင် UAB ဘဏ် (မန္တလေးရုံး) တာဝန်ရှိသူတဦးကို သွားရောက်၍ တိုင်ကြားခဲ့ခြင်းမှ တဆင့် အဆိုပါ ဖြစ်စဉ်အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စာရင်းပိုင်ရှင်၏ စာရင်းအမှတ် (၁) စာအုပ်တွင် ငွေကျပ် ၆၆၅,၅၀၀,၀၀၀ နှင့် စာရင်းအမှတ် (၂) စာအုပ်တွင် ငွေ ၁၄၀,၇၉၄,၂၅၅ ဒသမ ၆၂ ဟုရိုက်နှိပ်ဖော်ပြထားေ သာ်လည်း အမှန်တကယ် ငွေစာရင်း၌ စာရင်းအမှတ် (၁) စာအုပ်တွင် ငွေလက်ကျန် တသိန်း နှင့် စာရင်းအမှတ် (၂) စာအုပ်တွင်မူ ငွေသား လက်ကျန်မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါဘဏ်ခွဲတာဝန်ခံသည် ယင်းအလွဲသုံးမှုကို ဘဏ်ဘက်မှ သတိမပြုမီ ဇွန်လ ၇ ရက်ေ န့တွင် နှုတ်ထွက်စာအား ရည်ရွယ်ချက်ရှိရှိတင်ကာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း UAB ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး UAB ဘဏ်က ငွေစာရင်းပိုင်ရှင်နှင့် ပိုင်ရှင်၏ ညီမတော်စပ်သူနှင့် တူတော်စပ်သူများကို ရန်ကုန်မြို့ရှိ ဘဏ်ရုံးချုပ်နှင့် မန္တလေးမြို့များတွင် သွားရောက်တွေ့ဆုံကာ ယခုကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘဏ်မှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကြေးအလွဲသုံးစား လုပ်ဆောင်သွားပြီး ထွက်ပြေးတိမ်းရှောင်နေသော ဦးရန်နိုင်မျိုးဆွေအား အမှတ် (၈) ရဲစခန်း (ချမ်းအေးသာဇံမြို့နယ်)၌ (ပ)၅၄၉/၂၀၁၉ ၊ တည်ဆဲပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၈၊ ၄၆၈ တို့ ဖြင့် အမှုဖွင့်ဆော င်ရွက်ထားပြီး မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းကာ အမြန်ဆုံးဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း UAB ဘဏ်က ထုတ်ပြန်ထားသည်။
You may also like these stories:
အကျင့်ပျက်ခြစားမှု သံသယဖြင့် တရားသူကြီး၊ အုပ်ချုပ်ရေးမှူးများ အပါအဝင် ဝရမ်းထုတ်ခံရသူ ၂၀ ခန့်ရှိ
အွန်လိုင်း စုမဲ မသမာမှု စုမဲဒိုင်ကို အမှုပေါင်း ၃၀ ဖြင့် အမှုဖွင့် အရေးယူ
အွန်လိုင်း အချစ်ဇာတ်ခင်း၍ ထိုင်းအမျိုးသမီးများထံမှ ငွေလိမ်သူ နိုင်ဂျီးရီးယားများ ဖမ်းမိ
ဒေါ်နန္ဒမာလာ ဖမ်းဆီး ရမိပြီးနောက် လိမ်လည်မှုနှင့် အမှုများ ထပ်မံဖွင့်နေ