ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် တောင်သူလယ်သမားများ၏ ထွန်းတုံးတိုက်ပွဲသတင်း ရယူခဲ့သည့် သတင်းသမား ၃ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၂ အရ တပ်မတော်က ဒီမောဆို ရဲစခန်း တွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
ဒီမိုကရက်တစ် မြန်မာအသံ (DVB) သတင်းထောက် နော်နိုရင်း၊ Eleven Media Group သတင်းထောက် နော်ခိုင်ခိုင်အေးချို၊ Kantarawaddy Times သတင်းထောက် ကိုအောင်သူ တို့အား လယ်သမားများကို သတင်းစာ ပညာဖြင့် အကူအညီ ပေးခဲ့သည်ဟု အမှတ် ၃၆၀ အမြှောက်တပ်မှ ဗိုလ်ကြီး အောင်မျိုးထွန်းက စွပ်စွဲပြီး ဇွန်လ ၁၉ ရက်နေ့ညက ရဲစခန်းတွင် အမှုဖွင့် လိုက်ခြင်း ဖြစ်သည်။
သတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က “ဒီနေ့ပဲ DVB ကနေပြီးတော့ ကောင်စီကို တိုင်ကြားစာ ရတယ်။ ရရချင်းကို ကျနော်တို့ Ground Information ကို ယူတယ်။ ယူတဲ့အခါမှာ ဒီမောဆို ရဲစခန်းမှူးကလည်း မှန်တယ်။ ၁၉ ရက်နေ့ ည ၁၀ နာ ရီ ၄၅ မိနစ်မှာ တောင်သူလယ်သမား အကုန်လုံးနဲ့ ရောပြီးတော့ ဒီသတင်းသမား ၄ ဦးကို အမှုဖွင့်ထားတယ်လို့ ပြောတယ်”ဟု ဧရာ ဝတီသို့ ပြောသည်။
ကယားပြည်နယ် လွိုင်ကော်မြို့ အခြေစိုက် သတင်းထောက်များသည် ဇွန်လ ၁၉ ရက်နေ့ နံနက်က ကယားပြည်နယ်၊ ဒီးမော့ဆို့ မြို့ နယ်၊ ဒေါဆိုရှေး ကျေးရွာတွင် ပြုလုပ်သည့် တပ်မတော်မှ သိမ်းယူထားသည့် လယ်ယာမြေများအတွင်း ဒေသခံ တောင်သူ လယ် သမားများက စတင်ဝင်ရောက် စိုက်ပျိုးသည့် ထွန်တုံးတိုက်ပွဲအကြောင်း သတင်းရယူခဲ့သဖြင့် အထက်ပါအတိုင်း အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းမှ သိရသည်။
DVB သတင်းဌာန၏ ကောင်စီသို့ တိုင်ကြားစာတွင် ၎င်းတို့၏ သတင်းထောက်သည် သတင်းဖြစ်ရာ နေရာသို့ မှန်မှန်ကန်ကန် ကွင်း ဆင်းပြီး သတင်းရယူပေးပို့ခဲ့ခြင်း ဖြစ်သလို သတင်းသမား တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ရေးသားထားသည်။
DVB သတင်းဌာန၏ တာဝန်ခံ ဦးပီတာအောင် က “ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ။ အတိအကျ မသိသေးဘူး။ သူတို့ဆီက တ ဆင့် သိရတာပဲ ရှိသေးတယ်။ ကျနော်တို့လည်း ရှေ့နေကို မေးနေတယ်။ သေချာပြန် Confirm လုပ်နေတုန်းပဲ ရှိသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခု သတင်းကို စွပ်စွဲခံရသည့် သတင်းဌာနတချို့က ၎င်းထံသို့ အကြောင်းကြား မေးမြန်းမှုများ ရှိသော်လည်း အသေးစိတ် မသိရှိရသေးသဖြင့် မပြောနိုင်သေးကြောင်း ဆိုသည်။
ယခု အမှုဖွင့်ခံထားရသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေသည် အခွင့် မရှိဘဲ တစုံတယောက်၏ နေရာဌာနကို ကျူးကျော်ခြင်း ဖြစ်ပြီး ပုဒ်မ ၁၂ အရ ပြစ်ဒဏ်မှာ အနည်းဆုံး ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ အပြင် ငွေဒဏ် ၅ သိန်းမှ ၂၅ သိန်း အထိ ချမှတ်နိုင်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဧပြီလကလည်း ရခိုင်ပြည်နယ် မြောက်ဦးဒေသ အကြောင်း ရေးသားဖော်ပြချက်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာန၊ လွတ်လပ်သော အာရှအသံ (RFA) တို့ကို တပ်မတော်က အရေးယူနိုင်ရန် ဆောင်ရွက်ခဲ့မှုများ ရှိထားသည်။
သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က “ရှေ့မှာလည်း RFA တို့ ဧရာဝတီတို့ကို အဲလို လုပ်တဲ့အတွက် ရခိုင်မှာလည်း DMG ကိစ္စတွေ ဖြစ်တဲ့အတွက် အဲဒါတွေနဲ့ ပတ်သက် ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို စာပို့တယ်။ စာပို့ပြီး မေတ္တာ ရပ်ခံတယ်။ RFA ကိစ္စကတော့ အဆင်ပြေတယ်လို့ သိရ တယ်။ ကျန်တာတော့ မသိရသေးဘူး” ဟု ပြောသည်။
ယခုလည်း DVB ၏ တိုင်ကြားစာနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို စာပို့ပြီး သတင်းမီဒီယာ ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံမည် ဖြစ်ကြောင်း၊ သို့သော် ကောင်စီတွင် အများဆန္ဒ လိုအပ်သဖြင့် လာမည့် ရုံးဖွင့်ရက် တန လာၤနေ့တွင် အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းမီဒီယာ ကောင်စီထံမှ သိရသည်။
လက်ရှိတွင် တပ်မတော်က မီဒီယာတချို့ကို အရေးယူထားရုံမက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး တို့ကို တရားစွဲဆို အရေးယူထားပြီး ၎င်းတို့မှာ အာမခံမရသဖြင့် အချုပ်ခံထားရပြီး သြင်္ကန် ကာလ အတွင်း သံချပ်ဖြင့် ဖျော်ဖြေခဲ့သည့် ဒေါင်းတို့၏ မျိုးဆက်အဖွဲ့၊ နေပြည်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ထောက်ခံပွဲ၌ ပါဝင် ကပြ ခဲ့သည့် ဇွဲအငြိမ့် လူရွှင်တော် အဖွဲ့ တို့ကိုလည်း တရားရုံးသို့ ဦးတိုက်လျှောက်ထားပြီး အရေးယူရန် ပြင်ဆင်လျက်ရှိသည်။
၎င်းတို့သည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် အရေးယူ ခံနေရခြင်း ဖြစ်သည်။
You May Also Like This Story:
ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော