ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင်ပြုလုပ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဟောပြောပွဲတွင် တပ်မတော်ကို ထိခိုက်စေသည့် ဟောပြောမှုများ လုပ်ဆောင်သည်ဟုဆိုကာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်အား တပ်မတော်က ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက်ရှိ၊ အရှင်နှစ်ပါးကွင်းတွင် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအား ကြိုဆိုထောက်ခံပွဲကျင်းပခဲ့ရာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် လာရောက် ဟောပြောခဲ့ပြီး အဆိုပါ ဟောပြောမှုနှင့် ပတ်သတ်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ယာယီ ဗိုလ်မှူး ဇော်မင်းမှ တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) နှင့် ပုဒ်မ ၅၀၀ တို့ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုအား ဇွန်လ ၂၀ ရက်နေ့က ဝါးခယ်မတရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်၍ ကြားနာစစ်ဆေးခဲ့ရာ ရဲတပ်ဖွဲ့က အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ရဲအစောင့်အရှောက်ဖြင့် ဝါးခယ်မမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “သူ့ကို (ဦးနေမျိုးဇင်) တရား စွဲထားတာတော့ ပုဒ်မ ၃ ခုနဲ့ တပ်မတော်က တရားစွဲထားတာပါ။ ဒါကြောင့် ရန်ကုန်မြို့၊ အင်းစိန်ထောင်ကနေ ဝါးခယ်မတရားရုံးကို ခေါ်ဆောင်ပြီး ရုံးထုတ်ခဲ့တာ ဖြစ်တယ်။ ရုံးထုတ်ပြီးတဲ့နောက် ရန်ကုန်မြို့က အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွင် ဟောပြောမှုနှင့်ပတ်သတ်၍ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး တိုးလင်းက တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားသည့်အတွက် တိုက်ကြီးမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေစဉ်မှာပင် ဦးနေမျိုးဇင်ကို ဝါးခယ်မတရားရုံးတွင် တပ်မတော်က ထပ်မံတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဝါးခယ်မတရားရုံး၌ ကြားနာသည့် ပထမဆုံးရုံးချိန်းတွင် ဗိုလ်ကြီးဟောင်း ဦးနေမျိူးဇင်မှ အာမခံ လျှောက်ထားမှု မပြုလုပ်ဘဲ တရားရုံးပြောင်းရွှေ့စစ်ဆေးပေးရန် တရားသူကြီးထံ တင်ပြမှုများဆောင်ရွက်ခဲ့ကြောင်း တရားခွင်သို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။
ဝါးခယ်မမြို့ခံ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုသြကာသ က “ပထမဆုံးအကြိမ် စစ်ဆေးတာဆိုတော့ အများကြီးတော့ မစစ်ဘူး။ တရားရုံးပြောင်းရွေ့စစ်ဆေးဖို့နဲ့ နောက်ရုံးချိန်းတွေ အဆင်ပြေမယ်ရက်တွေ ဆွေးနွေးတာ ကြားပါတယ်”ဟု ပြောသည်။
တပ်မတော်မှ တရားစွဲဆိုခြင်းခံထားရသည့် ဦးနေမျိုးဇင်က ဝါးခယ်မတရားရုံးမှ ပြန်လည်ထွက်ခွာချိန်တွင် “စိတ်ထဲမှာ တခုမှတ်ထားရမှာက အမှန်စကားပြောခဲ့လို့ လက်ထိပ်နဲ့ ညားတယ်ဆိုပြီး အမှန်စကားပြောဖို့ ကြောက်မသွားပါနဲ့။ ဒါဟာ နောက်ဆုံးတိုင်ပင်ခေါ်တဲ့ အခြေအနေပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားတဲ့ အမြင်နဲ့ ဦးဆောင်မှုကို ယုံကြည်ပါ။ သူနဲ့အတူတူ ထပ်တူရပ်တည်ပြီးတော့ လုံးဝပြီးပြတ်တဲ့ အောင်မြင်တဲ့အရွေ့တခု အထိရောက်အောင် ဝိုင်းဝန်းကြိုးစားပေးကြပါ”ဟု ပြောဆိုခဲ့သည်။
တပ်မတော်က ဦးနေမျိုးဇင်အပေါ်စွဲဆိုထားသည့် အမှုများအားလုံးကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တရားရုံးတခုတည်း၌ စစ်ဆေးကြားနာပေးရန် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားသွာမည်ဖြစ်ကြောင်း ဦးနေမျိုးဇင်၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က “အခုက တိုင်းတတိုင်းစီမှာ တရားစွဲနေတော့ ရုံးထုတ်ရတဲ့ ရဲတပ်ဖွဲ့အနေနဲ့ ကုန်ကျစရိတ်တွေ ပိုများတယ်။ အလုပ်ပိုရှုပ်တယ်။ လုံခြုံရေး ပိုတိုးမြင့်ရတယ်။ စွပ်စွဲခံရသူအနေနဲ့လည်း အခုလို မိုးတွင်းကြီးမှာ သွားလာရတာလည်း လမ်းခရီးမှာ မတော်တဆမှုတွေကလည်း စိုးရိမ်ရသေးတယ်။ မိသားစုတွေလည်း အခက်အခဲရှိတယ်။ ဒါကြောင့် မြို့တမြို့တည်းမှာပဲ ဥပဒေပါပြဌာန်းချက်နဲ့အညီ စစ်ဆေးလိုက်မယ်ဆို ပိုကောင်းသွားပါမယ်။ ဒါကြောင့် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တက်ပြီးတော့ တိုင်းတစ်တိုင်းထဲမှာ စစ်ဆေးစီရင်ပေးဖို့ လျှောက်ထားပါမယ်” ဟု ပြောသည်။
ပုဒ်မ ၅၀၅ (က) မှာ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟာလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချီရာတွင် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တခုခုမှ အရာရှိ (သို့မဟုတ်) တပ်သားအား စစ်ပုန်ကန်ခြင်း၊ သက်ဆိုင်ရာ မိမိတာဝန်ဝတ္တရားကို မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် (သို့မဟုတ်) ထိုသို့ပြုစေတန်ရာသည့် အကြောင်းရင်းရှိလျှင် ထိုသူကို အများဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။
ပုဒ်မ ၅၀၅ (ခ) မှာ မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟာလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချီရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကိုဖြစ်စေ၊ ထိခိုက်သည့်ပြစ်မှုကို တဦးတစ်ယောက်သောသူက ကျူးလွန်လာအောင် အများပြည်သူ ကိုသော်၎င်း၊ အများပြည်သူ၏သီးခြားလူစုကိုသော်၎င်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို အများဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ်တရားရုံးတွင် တပ်မတော်က စွဲဆိုထားသည့် ပုဒ်မ ၅၀၅ (က)၊၅၀၅ (ခ) အမှုကို ရုံးထုတ်စစ်ဆေးနေသည်မှာ ၅ ကြိမ်ရှိခဲ့ပြီး ၆ ကြိမ် မြောက်ရုံးချိန်ကို ဇွန်လ ၂၈ ရက်နေ့တွင် တိုက်ကြီးမြို့နယ်တရားရုံးတွင် ကြားနာရန် ချိန်းဆိုထားသည်။ ဝါးခယ်မမြို့နယ်တရားရုံးတွင် တပ်မတော်မှ တရားစွဲထားသည့်အမှုကို ဒုတိယမြောက်ရုံးချိန်းအဖြစ် ဇူလိုင်လ ၄ ရက်နေ့တွင် ကြားနာရန်ချိန်းဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
တပ်မတော်အနေဖြင့် ဇွန်လ ၁၉ ရက်နေ့ နံနက်က ကယားပြည်နယ်၊ ဒီးမော့ဆို့ မြို့ နယ်၊ ဒေါဆိုရှေး ကျေးရွာတွင် ပြုလုပ်သည့် တပ်မတော်မှ သိမ်းယူထားသည့် လယ်ယာမြေများအတွင်း ဒေသခံ တောင်သူ လယ် သမားများက စတင်ဝင်ရောက် စိုက်ပျိုးသည့် ထွန်တုံးတိုက်ပွဲအကြောင်း သတင်းရယူခဲ့သည့် DVB၊ Eleven နှင့် Kantarawaddy Times တို့မှ သတင်းထောက် ၃ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၂ ဖြင့် တရားစွဲဆိုခဲ့ကြောင်းသိရသည်။
You May Also Like These Stories:
နေမျိုးဇင် သို့မဟုတ် စနစ်ဆိုးကို အံတုသူ<
ဦးနေမျိုးဇင်ကို အကြည်ညိုပျက်စေမှုဖြင့် ပြစ်ဒဏ်ချ